COVID-19 ရောဂါ ထိန်းချုပ်နိုင်မှု အခြေအနေပေါ်မူတည်၍ Lockdown လုပ်သင့်ပါက ပြုလုပ်မည်ဖြစ်ပြီး မလိုအပ်ပါက လုပ်ဆောင်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။
ဧပြီ ၂၁ ရက်က လှည်းကူးမြို့နယ်၊ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ပြုလုပ်သည့် ဗဟိုဝန်ထမ်းတက္ကသိုလ် COVID-19 ယာယီဆေးရုံ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပွင့်ပွင့်လင်းလင်းပြောရင်တော့ Lockdown မလုပ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရန်ကုန်မြို့ထဲမှာ စားဝတ်နေရေး မပြေလည်တဲ့သူ များစွာရှိပါတယ်။ ကျွန်တော်တို့ Lockdown လုပ်လိုက်ရင် အခြားနေရာတွေမှာ အကုန်ရပ်တန့်သွားမယ့် အခြေအနေတွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ Lockdown လုပ်တဲ့ နိုင်ငံတွေကို လေ့လာကြည့်ရင် ဘယ်လိုအချက်အလက်တွေပေါ်မှာ မူတည်ပြီးလုပ်လည်း လေ့လာတဲ့အခါ ကူးစက်မှု အရမ်းများပြားပြီး မဖြစ်နိုင်တော့ဘူးဆိုရင် Lockdown လုပ်တယ်။ ဒါ ပေမဲ့ ကျွန်တော်တို့မှာ မထိန်းနိုင်မသိမ်းနိုင် အခြေအနေတော့ မရောက်သေးဘူးလို့ မြင်တယ်။ မြို့နယ် ခုနစ်မြို့နယ်ကို Semi Lockdown လုပ်တဲ့နေရာမှာ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ပြည်ထောင်စုက ဆုံးဖြတ်တာပါ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားချက်အပေါ်မှာ အခြေအနေပေါ် မူတည်ပြီးတော့ Lockdown လုပ်သင့်ရင် လုပ်မယ်။ မလိုအပ်ရင်တော့ လုံးဝမလုပ်ပါဘူး” ဟု ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ခုနစ်ခုရှိ ပြည်သူများ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ပြီး မိမိနေအိမ်တွင် နေထိုင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လက်မှတ်ထိုး၍ ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန်လိုအပ်ကြောင်း အဆိုပါမြို့နယ် ခုနစ်ခုရှိ နေအိမ်တွင် နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် မိမိနေအိမ်တွင်သာ နေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ရန်၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း အမိန့်စာတွင် ပါရှိသည်။
ထို့ပြင် မဖြစ်မနေ စျေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ ရပ်ကွက်အတွင်း စျေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်း သွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီး ယင်းကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင်ဖြစ်စေ၊ အခြားအရေးပေါ် ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက် ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှ လည်းကောင်း ဝင်/ထွက် ခွင့်မပြုရန် ဖြစ်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။
ယခုအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး ယခုအမိန့်သည် ဧပြီ ၁၈ ရက် ညနေ ၆ နာရီမှ စတင်သက်ရောက်ကြောင်း သိရသည်။
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း