အပူပိုင်းဒေသ သုခဘုံအဖြစ် လူသိများသော မော်ဒိုက်နိုင်ငံတွင် တရုတ် သို့မဟုတ် အိန္ဒိယ မည်သည့်ဘက်ကိုယိမ်းမည် နည်းဆိုသည်ကို အဆုံးအဖြတ်ပေးမည့် လူထုဆန္ဒခံယူပွဲအဖြစ် ရှုမြင်ထားသည့်ရွေးကောက်ပွဲတွင် မော်ဒိုက်ပြည်သူများသည် နောက်တက်မည့်သမ္မတကို အဆုံးအဖြတ်ပေးရန်အတွက် စက်တင်ဘာ ၃၀ ရက်က မဲရုံများတွင် သွားရောက်မဲပေးခဲ့သည်။
သမ္မတအီဘရာဟင် မိုဟာမက်ဆိုလီသည် အိန္ဒိယနှင့် ဆက်ဆံရေးတင်းမာနေမှုကို တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ဒုတိယသက်တမ်းအတွက် ထပ်မံအနိုင်ရရှိရန် ခက်ခဲသောယှဉ်ပြိုင်မှုတစ်ရပ်နှင့် ရင်ဆိုင်နေရသည်။ အိန္ဒိယသည် မော်ဒိုက်ကျွန်းစုနိုင်ငံကို အစဉ်အဆက် ထောက်ပံ့ကူညီနေသည့် နိုင်ငံဖြစ်သည်။
ရွေးကောက်ပွဲတွင် အနိုင်ရရန် ထိပ်ဆုံးမှရေပန်းစားနေသည့် သမ္မတလောင်း မိုဟာမက် မူအစ်ဇူ၏ ပါတီသည် ၎င်းပါတီအာဏာရရှိစဉ်က တရုတ်ထံမှ ရင်းနှီးမြှုပ်နှံမှုများ အစုလိုက်အပြုံလိုက် ဝင်ရောက်လာအောင်လုပ် ဆောင်နိုင်ခဲ့သည်။ ၎င်းအနိုင်ရရှိမည်ဆိုလျှင် တရုတ်နှင့် နီးနီးကပ်ကပ် ပြန်လည်ဆက်ဆံသွားမည်ဟု အရိပ်အမြွက်ပြောဆိုထားသည်။
ယခုလအစောပိုင်းက ကျင်းပသည့် ပထမအကျော့ ရွေးကောက်ပွဲတွင် မူအစ်ဇူ အနိုင်ရခဲ့ပြီး ဆန္ဒမဲအရေအတွက် ၄၆ ရာခိုင်နှုန်းကျော် ရရှိခဲ့သော်လည်း ပြိုင်ဘက်ဖြစ်သူလက် ရှိသမ္မတ ဆိုလီထက် မဲအရေအတွက် ၁၅,၀၀၀ မျှသာ အသာရခဲ့သည်။
“မဲရုံတွေမဖွင့်ခင် အချိန်အတော်ကြာကတည်းက လူတွေတန်းစီစောင့်ဆိုင်းနေခဲ့ကြတယ်” ဟု အမည်မဖော်လိုသည့် ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားသည်။
စောစောစီးစီး လာရောက်မဲပေးကြရန် ရွေးကောက်ပွဲကော်မရှင်က ပြည်သူများကို တိုက်တွန်းထားကြောင်းလည်း ၎င်းကဆိုသည်။
မဲရုံများစတင်ဖွင့်လှစ်ပြီး နှစ်နာရီအတွင်း မဲပေးခွင့်ရှိသူ ၂၈၂,၀၀၀ အနက်မှ လေးပုံတစ်ပုံနီးပါး လာရောက်မဲထည့်ခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ သည်။
ဆိုလီနှင့် မူအစ်ဇူတို့သည် မြို့တော် မာလေရှိ သီးခြားမဲရုံနှစ်ရုံတွင် သွားရောက်မဲပေးခဲ့ပြီး အနိုင်ရမည်ဟု ယုံကြည်ကြောင်း နှစ်ဦးစလုံးက သတင်းထောက်များကို ပြောကြားခဲ့သည်။ မဲရုံများကို ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ပိတ်မည်ဖြစ်ကာ စက်တင်ဘာ ၃၀ ရက်နှောင်းပိုင်း သို့မဟုတ် အောက်တိုဘာ ၁ ရက် အစောပိုင်းတွင် မဲရလဒ်များကိုထုတ် ပြန်ဖွယ်ရှိသည်။
မော်ဒိုက်သည် အိန္ဒိယသမုဒ္ဒရာအလယ်၊ မဟာဗျူဟာအရ အလွန်အရေးပါသော တည်နေရာတွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် အသွားအလာအများဆုံး အရှေ့-အနောက် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုပေါ်တွင် ခွလျက်တည်ရှိသည်။
မူအစ်ဇူ၏ပါတီသည် တရုတ်၏ ရပ်ဝန်းနှင့်ပိုးလမ်းမ အခြေခံအဆောက်အအုံ စီမံကိန်းမှတစ်ဆင့် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံမှုကို လက်ခံရန် စိတ်အားထက်သန်နေသည်။
၎င်း၏ဆရာဖြစ်သူ သမ္မတဟောင်း အဗ္ဗဒူလာ ယာမီးန်လက်ထက်တွင် ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းများအတွက် တရုတ်ထံမှ ငွေကြေးအမြောက်အမြား ချေးယူခဲ့ပြီး အိန္ဒိယကို ပစ်ပယ်ထားခဲ့သည်။
ယာမီးန်၏ အာဏာရှင်ပိုဆန်လာမှုအပေါ် မကျေနပ်ချက်များ ဖြစ်ပေါ်နေခိုက် ၂၀၁၈ ခုနှစ်တွင် အသက် ၆၁ နှစ်အရွယ် ဆိုလီသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။ ယာမီးန်သည် တိုင်းပြည်ကို တရုတ်ကြွေးမြီ ထောင်ချောက်ထဲသို့ တွန်းပို့နေသည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။
ယာမီးန်လက်ထက် တရုတ်နှင့်ဆက်ဆံရေး နီးကပ်လာသည့်အပေါ် အိန္ဒိယနှင့် အမေရိကန်တို့က စိုးရိမ်ခဲ့ကြသည်။
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း