အင်ဒိုနီးရှားနိုင်ငံတွင် ရာနှင့်ချီသော တောမီးလောင်ကျွမ်းမှုများသည် လေထုအရည်အသွေး ပိုမိုဆိုးရွားလာသည့် မလေးရှားနိုင်ငံရှိ ဒေသများသို့ မီးခိုးများရောက်ရှိစေခဲ့သည်ဟု ကွာလာလမ်ပူ၏ ထိပ်သီးသဘာဝပတ်ဝန်းကျင်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်က မီးခိုးမြူများကိုဖြစ်စေသော တောမီးလောင်ကျွမ်းမှုများကြောင့် မလေးရှားနိုင်ငံသည် စိုက်ပျိုးမြေများကို ခုတ်ထွင်ရှင်းလင်းရာတွင် မကြာခဏမီးလောင်မှုများဖြစ်ပွားခဲ့သည့် နှစ်စဉ်ရင်ဆိုင်နေရသော ပြဿနာကိုတိုက်ဖျက်ရန် အင်ဒိုနီးရှားနိုင်ငံကို ဖိအားပေးသွားမည်ဟုပြောကြားခဲ့သည်။
တောမီးလောင်ကျွမ်းမှုများသည် မလေးရှားနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းနှင့် ဘော်နီယိုကျွန်းပေါ်ရှိ ဆာရာဝတ် ပြည်နယ်တို့တွင် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေသည်ဟု မလေးရှားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး ဝမ်အဗ္ဗဒူ လာတစ်ဖ် ဝမ်ဂျက်ဖ်ဖာက ပြောကြားခဲ့သည်။
“မလေးရှားနိုင်ငံရဲ့ စုစုပေါင်းလေထုအရည်အသွေးဟာ ယိုယွင်းလာတာကို ပြသနေပါတယ်”ဟု ၎င်းက စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“အင်ဒိုနီးရှားနိုင်ငံရှိဆူမားတြားကျွန်းရဲ့ တောင်ပိုင်းနဲ့ကာလီမန်တန်(ဘော်နီယို)ကျွန်းရဲ့အလယ်ပိုင်း နဲ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တောမီးလောင်ကျွမ်းမှုတွေက မီးခိုးတွေကို နယ်စပ်ဖြတ်ကျော်ရောက်လာစေပါတယ်” ဟု ၎င်းကဆိုသည်။
ဂြိုဟ်တုမှဖမ်းယူထားသည့် ဓာတ်ပုံများအရ ဆူမားတြားတွင် တောမီးလောင်ကျွမ်းသည့်နေရာ ၅၂ နေရာနှင့် ဘော်နီယိုကျွန်းတွင် ၂၆၄ နေရာတွေ့ရသည်ဟု အရှေ့တောင်အာရှကို သက်ရောက်စေသည့် မီးခိုးမြူများကို ခြေရာခံသော စင်ကာပူအခြေစိုက် ASEAN အထူးပြုမိုးလေဝသဌာနမှ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။
အင်ဒိုနီးရှား၏ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီးဌာနက အေအက်ဖ်ပီသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ချက်ချင်းတုံ့ပြန်ဖြေကြားခြင်းမရှိပေ။
အင်ဒိုနီးရှားအနောက်ပိုင်း ဆူမားတြားကျွန်းရှိ မီးသတ်သမားများက ယခုလအတွင်း လူနှစ်သန်းနီးပါးရှိသော ပလမ်ဘန်မြို့တစ်ဝန်းကို ဖုံးလွှမ်းခဲ့သော ကြီးမားသည့် သစ်ဆွေးမြေလောင်ကျွမ်းမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
အင်ဒိုနီးရှားနိုင်ငံသည် ခြောက်သွေ့သော ရာသီကာလအတွင်း နှစ်စဉ်တောမီးများ လောင်ကျွမ်းလေ့ရှိသော်လည်း တောမီး အများစုသည် စိမ့်မြေ၊ ကာဗွန်ပေါများသည့် သစ်ဆွေးမြေများတွင် လောင်ကျွမ်းခဲ့ကာ မလေးရှားနိုင်ငံတစ်ဝန်းတွင် စာသင်ကျောင်းပေါင်း ၂၅၀၀ နီးပါးကို ပိတ်ထားခဲ့ရသော ၂၀၁၉ခုနှစ်ကတည်းက တောမီးလောင်ကျွမ်း မှု ပိုမိုဆိုးရွားခဲ့သည်။
အင်ဒိုနီးရှား၏ ၂၀၁၉ ခုနှစ် တောမီးလောင်မှုများသည် ဘရာဇီး အမေဇုန်တွင် တောမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုထက် နှစ်ဆကျော်ထွက်ရှိခဲ့သည်။
၂၀၁၅ ခုနှစ် တောမီးလောင်မှုများသည် သေဆုံးမှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အရှေ့တောင်အာရှတွင် သီတင်းပတ်ပေါင်း များစွာရှိ အဆိပ်ရှိမီးခိုးများဖြင့် ဖုံးလွှမ်းနေ ကာ လူပေါင်းများစွာကို နာမကျန်းဖြစ်စေခဲ့ ပြီး စာသင်ကျောင်းများကို ပိတ်ထားခဲ့ရကာ လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့သည်။
အင်ဒိုနီးရှား၏ တောမီးလောင်မှုအများစုသည် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းကို ပိုင်းခြားထားသော ဆူမားတြားနှင့်ဘော်နီယိုကျွန်းတို့တွင် ဖြစ်ပွားခဲ့သည်။
အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် တောမီးလောင်ကျွမ်းမှုများကို တိုက်ဖျက်ရန် အစောပိုင်းက ကြိုးပမ်းသည့်အနေဖြင့် ဓာတုနည်းလမ်းများအသုံးပြု၍ မိုးအတုရွာချခြင်း (cloud-seeding)နည်းကို အသုံးပြုခဲ့ကြသည်။
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း