၂၀၂၀ ပြည့်နှစ် ဇူလိုင်လ နောက်ဆုံးထား၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ အစိုးရက တင်သွင်းရမည့် နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အမျိုးသားအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဆောင်ရွက်နေကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review- UPR) အရ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တတိယအကျော့ သုံးသပ်မည်ဖြစ်ရာ ဒုတိယအကျော့၏ အကြံပြုတိုက်တွန်းချက်များအား အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ National Report ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည့်အတွက် National Report မူကြမ်းအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ ပြီးစီးရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီက ဆောင်ရွက်နေသည်။
“UPR ဆိုတာ Cycle ပေါ့။ ငါးနှစ်တစ်ကြိမ် တစ်ပတ်စီ လည်သွားတာ။ ဒါကကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံး တင်ရတာပေါ့လေ။ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံး ငါးနှစ်တစ်ကြိမ် လည်သွားတာပဲ။ ပထမတစ်ကြိမ်တင်တယ်။ တင်ပြီး အဲဒီကအကြံပြု တိုက်တွန်းချက်တွေပေးတယ်။ အဲဒီတိုက်တွန်း အကြံပြုချက်တွေကို အကောင်အထည်ဖော်ပြီးတော့ Second Cycle တင်။ တင်ပြီးတော့ အဲဒီ Second Cycle က အကြံပြုချက်တွေကို အကောင်အထည်ဖော်ပြီးတော့ Third Cycle အတွက် Report ပြန်တင်ပေါ့” ဟု UPR လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် နိုင်ငံတကာဆက်ဆံရေးဌာနမှ ဦးညွန့်ဆွေက ပြောကြားသည်။
UPR လုပ်ငန်းစဉ်၌ နိုင်ငံတော်က တင်သွင်းသည့် အစီရင်ခံစာတွင် ကော်မရှင်၏ လုပ်ဆောင်ချက်များကို ထည့်သွင်း၍မရကြောင်း၊ ကော်မရှင်သည် လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်သည့်အတွက် သီးခြားအစီရင်ခံစာ တင်သွင်းရကြောင်း၊ သို့ရာတွင် ကုလသမဂ္ဂက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းအရ အစိုးရ၏ အစီရင်ခံစာတင်သွင်းမှုကို လွတ်လပ်သည့်အခြေခံဖြင့် ပံ့ပိုးဆောင်ရွက်ပေး၍ရကြောင်း၊ ဥပမာအားဖြင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ အသိပညာပြန့်ပွားရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ပေးခြင်း၊ အချက်အလက်ပံ့ပိုးခြင်းများကို ဆိုလိုသည်ဟု ဦးညွန့်ဆွေက ရှင်းလင်းပြောကြားသည်။
UPR လုပ်ငန်းစဉ်အရ အစိုးရက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ပထမအကျော့ အစီရင်ခံစာကို ၂၀၁၁ ခုနှစ်နှင့် ဒုတိယအကျော့ အစီရင်ခံစာကို ၂၀၁၅ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပေးပို့ တင်ပြခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် သုံးသပ်မှုခံယူခဲ့ကြောင်း သိရသည်။
မြန်မာအစိုးရ ဒုတိယအကျော့ သုံးသပ်မှုခံယူစဉ်က အဖွဲ့ဝင် နိုင်ငံပေါင်း ၉၃ နိုင်ငံ၏ အကြံပြုချက် ၂၈၁ ချက်အနက် ၁၆၆ ချက်ကို အစိုးရက လက်ခံကာ ယင်းအချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်တွင် တတိယအကျော့ အစီရင်ခံစာတင်သွင်းမည်ဖြစ်သည်။
မြန်မာအစိုးရလက်ခံခဲ့သည့် အကြံပြုချက် တိုက်တွန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကဏ္ဍ ၁၂ ရပ်အတွက် တာဝန်ခံဝန်ကြီးဌာနများကို သတ်မှတ်ထားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက “အဓိက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စာချုပ်များတွင် ပါဝင်ချုပ်ဆိုရန် ကိစ္စရပ် ၄၁ ရပ်” ကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က “အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်ခုနစ်ရပ်” ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက “ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်လေးရပ်” ကိုလည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက “ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေးကိစ္စရပ် ၁၉ ရပ်” ကို လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက “စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ် ၁၂ ရပ်” ကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက “ကောင်း မွန်သော အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေး ကိစ္စရပ်နှင့် မြေသိမ်းမှုကိစ္စရပ် ၁၀ ရပ်” ကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက “ကျား- မ တန်းတူရည်တူရှိမှု မြှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေးကိစ္စရပ် ၁၅ ရပ်၊ ခွဲခြားမှု မပြုရေး ကိစ္စရပ် ၁၅ ရပ်တို့နှင့် စပ်လျဉ်း၍” လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနက “ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ် ၁၃ ရပ်” ကိုလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက “ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ကိစ္စရပ် ၁၈ ရပ်” ကိုလည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက “နိုင်ငံသားစိစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ် စွန့်ခွာရွှေ့ပြောင်းနေရသူများကိစ္စနှင့် လူကုန်ကူးခြင်းကိစ္စရပ် ခုနစ်ရပ်” ကိုလည်းကောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနတို့က “အပစ်အခတ်ရပ်စဲရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စရပ် ငါးရပ်” ကိုလည်းကောင်း အသီးသီးတာဝန်ယူ ဆောင် ရွက်ကြမည် ဖြစ်သည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်