၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တပ်မတော်ဘက်မှ သဘောတူသည်ဟု ပြောကြားထားသည့်အတွက် ၎င်းတို့ သဘောတူသည့် အချက်များကို ပြင်ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။
နေပြည်တော်၌ ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲစဉ်က ပါဝင်ခဲ့သည့် ဦးခင်အောင်မြင့်အား ဖွဲ့စည်းပုံဆောလျင်စွာ ပြင်ဆင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းပေးရန် အဆိုနှင့်ပတ်သက်၍ မည်သည့်အချက်များအား ပြင်ဆင်သင့်သနည်းဟု မေးမြန်းမှုအပေါ် ၎င်းက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အရင်လွှတ်တော် သက်တမ်းတုန်းကလည်း ပြင်ဖို့ကြိုးစားခဲ့ပါတယ်။ ကြိုးစားခဲ့တဲ့ အခါကျတော့ လုပ်လို့ရသလောက် လုပ်ခဲ့ကြတာပေါ့။ အဲဒီတုန်းကလည်း တော်တော်ကြာတယ်။ နှစ်နှစ်လောက်ရှိမယ်။ အခုဒီသက်တမ်းမှာလည်း ဒါလုပ်သင့်ပါတယ်။ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်တယ်ဆိုတာကတော့ လုပ်သင့်ပါတယ်။ အချိန်မရွေးလုပ်ရမယ်။ ပညာရှင်တွေလည်း ပါမယ်။ တိုင်းရင်းသားတွေလည်း ပါမယ်။ ဒါတွေက အဘက်ဘက်က စဉ်းစားဆင်ခြင်ပြီးတော့ နိုင်ငံရဲ့ သမိုင်းကြောင်း သိဖို့လည်းလိုတယ်။ နိုင်ငံတော်ရဲ့ ပကတိအခြေအနေမှန်ကိုလည်း သိဖို့လိုတယ်။ အဲဒါမှ မှန်ကန်တဲ့ လက်ဆလို့ ပြောရမှာပေါ့။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ပေါ်လာမှာပေါ့။ ဖွဲ့စည်းပုံကိုပြင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးစားတာကတော့ နောက်ကျတယ်၊ စောတယ်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အစဉ်အမြဲသုံးသပ်နေရမယ့်ကိစ္စပဲ။ နောက်ကျခြင်း၊ စောခြင်းတော့မရှိဘူး။ နှစ်နှစ်အတွင်း ပြီးတယ်၊ မပြီးဘူးဆိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မပေါင်း ၄၅၀ ကျော်တယ်။အဲဒီထဲမှာမှ ပုဒ်မ ၉၀ လောက်က ပြည်သူ့ဆန္ဒ ခံယူရမယ်။ ကျန်တဲ့ပုဒ်မတွေက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံရင် ပြင်လို့ရပြီ။ အဲဒီ အချက်တွေက လွယ်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားတာရှိတယ်။ လွယ်တဲ့အချက်က စပြီးပြင်တာပေါ့ဆိုပြီးတော့။ ပြည်သူ့ဆန္ဒခံယူတဲ့ကိစ္စကျတော့ အချိန်လည်းကုန်တယ်။ ငွေလည်းကုန်တယ်။ လုပ်သင့်တဲ့ကိစ္စကတော့ လုပ်ရမှာပေါ့။ အဲဒီမှာမှ ပြည်သူ့ဆန္ဒခံယူပွဲကို ခဏထားထား။ ပြည်ထောင်စုလွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်း ကျော်ဆိုတဲ့ ကိစ္စရဖို့ ကြိုးစားလို့ရှိရင်တော့ ပြီးသွားမှာပါ။ တပ်မတော်ကလည်း မပြင်ရဘူးလို့ ပြောတာမဟုတ်ဘူး။ ပြင်မယ်။ ပြင်ဖို့လည်း သဘောတူတယ်လို့ ပြောထားတယ်။ သူတို့ သဘောတူတဲ့အချက်တွေ ပြင်ရမှာပေါ့” ဟု ဦးခင်အောင်မြင့်က ပြောကြားသည်။
ထို့ပြင် ဇန်နဝါရီ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းခြင်းထက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်လိုသည့် နှစ်အပိုင်းအခြားသို့ ရောက်လာသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန်ဆိုတဲ့ အဆိုမျိုး တင်သင့်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။
“ဒီကော်မတီ ဖွဲ့တယ်ဆိုတဲ့နေရာမှာ မနေ့ကတော့ အစည်းအဝေးမတက်ဖြစ်ဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဆောလျင်စွာ ပြင်ဆင်ဖို့အတွက် ကော်မတီတစ်ရပ် ဖွဲ့ပေးဖို့ အရေးကြီးအဆိုတင်တာကတော့ တပ်မတော် အစုအဖွဲ့က ပြောသလိုပဲ လုပ်ထုံးလုပ်နည်းကတော့ လွဲသွားတယ်။ ဘာလို့လဲဆိုတော့ ပြည်ထောင်စု လွှတ်တော်ကြီးမှာ ရှိသမျှလူအားလုံးက ပြင်ဆင်ချင်တဲ့လူလား၊ မပြင်ဆင်ချင်တဲ့ လူလားဆိုတဲ့ အဆင့်တစ်ခုရှိတယ်။ ဟိုအရင်တုန်းကလည်း လုပ်ဖူးပါတယ်။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြန်လည်သုံးသပ်ဖို့လိုတဲ့ နှစ်ပိုင်းကိုရောက်လာပြီ။ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန်ဆိုတဲ့ အဆိုမျိုးဆိုရင်တော့ ဘာမှပြောစရာကိုမလိုဘူး။ မဲခွဲစရာကိုမလိုဘူး။ ပြင်မလား၊ မပြင်ဘူးလား ပြောတာမှ မဟုတ်ဘဲ။ ပြန်လည်သုံးသပ်မယ်လို့ ပြောထားတာကို။ အဲဒီတော့ ပြန်လည်သုံးသပ်မယ်ဆိုတာကလည်း ပြင်မှာပါပဲ။ အသုံးအနှုန်းပေါ့နော်။ အဲဒါဆိုရင်တော့ လိုင်းတည့်တာပေါ့။ ဆောလျင်စွာ ပြင်ဖို့ဆိုတဲ့အခါကျတော့ ပြင်ချင်လား၊ မပြင်ချင်ဘူးလားဆိုတာ မနေ့က မဲပေးတဲ့အပေါ်ကြည့်ပြီး စဉ်းစားစရာလေးတွေ ဖြစ်လာတယ်။ မဲပေးတဲ့အထဲမှာ တပ်မတော်သားတွေအပြင် အခြားပုဂ္ဂိုလ်တွေလည်း ရှိနေကြတယ်ဆိုတာ တွေ့ရတယ်” ဟု ဦးခင်အောင်မြင့်က ဆိုသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် တစ်ဦးတစ်ယောက်တည်းအနေဖြင့် မည်သည့်အချက်၊ မည်သည့်ပုဒ်မကို ပြင်ဆင်သင့်သည်၊ မည်သည့်အတိုင်းအတာအထိ ပြင်ဆင်သင့်သည်ဟု ပြောဆို၍မရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဇန်နဝါရီ ၂၉ ရက်က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းမှုတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး မတ်တတ်ရပ်ကန့်ကွက်ခဲ့သော်လည်း အဆိုကို ဆွေးနွေးရန် မဲခွဲအတည်ပြုရာ၌ ထောက်ခံမဲများသဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်