ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်မပါလျှင် ပြင်မရဟုဆိုခြင်းသည် သာမန်ပြောခြင်းဖြစ်ပြီး နိုင်ငံနှင့် အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်ပါက ပြင်၍ရကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။
နေပြည်တော်၌ ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး မစတင်မီအချိန်တွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“တပ်မတော်မပါရင် ပြင်လို့မရဘူးဆိုတာမျိုးက သာမန်ပြောတာပေ့ါ။ ကျွန်တော်တို့က ၇၅ ရာခိုင်နှုန်းကျော် သဘောထားတူရင် ပြင်လို့ရတဲ့ ပုဒ်မတွေရှိတယ်။ အဲဒါ လုပ်ထုံးလုပ်နည်းအဆင့်တော့ နည်းနည်းများတာပေါ့လေ။ ဒါပေမဲ့လည်း ဒီ ၇၅ ရာခိုင်နှုန်းကျော်ဆိုတာ ကျွန်တော်တို့ တပ်မတော်ရော အားလုံးရော ဝိုင်းပြီးတော့ သဘောတူထောက်ခံတယ်ဆို ပြင်လို့ရတာတွေပဲ။ ကိုယ့်နိုင်ငံအတွက် တချို့ကလည်း ပြောတယ်။ အမျိုးသား အကျိုးစီးပွားပေါ့လေ။ အဲဒီဟာအတွက် လိုအပ်တဲ့ဟာကို ပြင်လို့ရပါတယ်” ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန်ကိစ္စနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်စေချင်ပြီး လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုမှကျော်ကာ လုပ်ဆောင်သကဲ့သို့ ဖြစ်နေသည့်အပြင် လုပ်ထုံးလုပ်နည်းအရ ပြင်ချင်သည့်အရာကို မူကြမ်းတင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်၍ လူထုဆန္ဒများတောင်းပြီး စတေကာကမ်ပိန်းများ လုပ်နေခြင်းသည် မည်သည့်အတွက်ကြောင့်ဆိုသည်ကို အားလုံးသိနေပြီး ထိုသို့လုပ်ဆောင်၍ တပ်မတော် အနေဖြင့် မပြင်ချင်သည့်ပုံစံဖြစ်အောင် လုပ်ဆောင်ပါက မကောင်းကြောင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ပါက ပြင်၍ရကြောင်းနှင့် တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်စေချင်ပြီး လိုအပ်သည်ကိုထောက်ပြ၍ လုပ်ထုံးလုပ်နည်းဖြင့် လုပ်ရန်ပြောနေခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။
“ရေရှည်ကြည့်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ အခုလောလောဆယ်ပဲ လိုချင်တာကို လက်ပူတိုက်လုပ်ဖို့ ဟိုဟာပြင်မယ် ဒီဟာပြင်မယ် ဒါမျိုးတွေ ရမ်းလုပ်လို့မရဘူး။ ရေရှည်စဉ်းစားပြီးမှ ဘာတွေတော့ ဘယ်လိုပြင်မယ်။ အားလုံးသဘောတူရင် ပြင်လို့ရပါတယ်။ ကျွန်တော်တို့က ဒါပြင်လို့မရတဲ့ ဥပဒေကြီးပဲ ဘာပဲ ညာပဲဆိုတာ မဟုတ်ပါဘူး။ ပြင်လို့ရပါတယ်။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက နိုင်ငံရဲ့ တကယ့်တည်တ့ံခိုင်မြဲမှုအတွက် လုပ်ထားတဲ့ဥပဒေဖြစ်တဲ့အတွက် ဒါကိုတော့ လွယ်လွယ်နဲ့ ယိုင်နဲ့မသွားအောင်တော့ ခိုင်ခိုင်မာမာဖြစ်အောင်တော့ လုပ်ရတာပေါ့ဗျာ။ ဒါကြောင့်မို့လည်း ပြင်တဲ့ပြုတဲ့ နေရာမှာ သူ့လုပ်ငန်းစဉ် အဆင့်ဆင့်လေးတွေ ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ပြီးမှ ပြင်ရမှာပေါ့။ ဒီလိုပေါ့ ပင်လုံညီလာခံတို့ ဘာတို့ ညှိနှိုင်းပြင်ပါ ဘာညာဆိုတာ ကိုယ့်ရဲ့အပိုင်းအလိုက် ထင်ရာမြင်ရာ ပြောကြတာလေ။ ကိုယ့်ယူဆချက်ကို ပြောကြတာပါပဲ။ သူတို့ ဘာတွေကို ဘယ်ပုဒ်မတွေကို လာပြီးဆွေးနွေးမယ်ဆိုတာ မသိနိုင်သေးဘူး။ ဆွေးနွေးကြတဲ့အခါ အားလုံးပါရင်တော့ ကောင်းတာပေါ့။ အခုလွှတ်တော်ကြီးမှာလည်း ဘာပဲပြောပြော တပ်မတော်သားတွေ ပါတယ်ဆိုပေမဲ့ မဲများရာအနိုင်နဲ့ လုပ်နေတာ။ မဲများရာအနိုင်နဲ့ လုပ်နေတာဖြစ်တဲ့အတွက် မဖြစ်သင့်တဲ့ကိစ္စလေးတွေ ပါသွားတာရှိတယ်။ ဒါမျိုးတွေမဖြစ်အောင် လုပ်ရမှာပေါ့” ဟု ၎င်းက ပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန်ကိစ္စကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထိုသို့တင်သွင်းခြင်းနှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက လုပ်ထုံးလုပ်နည်းနှင့် မညီကြောင်းနှင့် မဲခွဲဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ကြောင်း တင်ပြချက်များ ပြုလုပ်ခဲ့သည့်အပြင် မဲခွဲဆုံးဖြတ်ရာတွင်လည်း ဆန္ဒမဲပေးခြင်းများ မပြုလုပ်ခဲ့ကြောင်း သိရသည်။
“ပါတီအနေနဲ့ကတော့ ခြေဥပြင်တဲ့အလုပ်ကို ဘာမှ ပြောစရာမရှိဘူး။ ဒါက အရေးကြီးအဆို မြောက်လား မမြောက်လားဆိုတာပဲ သဘောထားကွဲမယ်။ အဆိုပေါ်မှာတော့ ဆွေးနွေးမယ်။ အနည်းဆုံး ငါးယောက်အကျော်တော့ ဆွေးနွေးကြမယ်။ ကော်မတီထဲမှာ ပါတီအစုံပါသင့်တယ်။ ဘာလို့လဲဆိုတော့ ပါတီစုံတင်မြောက်ထားတဲ့ လွှတ်တော်ဖြစ်နေတယ်။ နောက်တစ်ခုက ပါတီစုံပါမှလည်းပဲ အားလုံးရဲ့ အသံတွေအားလုံးကို နားထောင်ပြီး ရှုထောင့်အစုံကနေ ဆွေးနွေးပြီးတော့မှ လွှတ်တော်ကို တင်တဲ့အခြေအနေမျိုးရောက်မှာ။ မဟုတ်ရင် တစ်ပါတီတည်းက သဘောထား သို့တည်းမဟုတ် အစုတစ်စုတည်းက သဘောထားမျိုး ဖြစ်သွားရင် ခြေဥက အစုတစ်စုရဲ့ အခြေပြုဆွဲတဲ့ပုံစံမျိုး ဖြစ်သွားမှာပေါ့။ အရင်တုန်းကလည်း အဲဒီသဘော ခြေဥကို အပြစ်တင်ခဲ့ကြပြီလေ။ ဘယ်ကအခြေပြုဆွဲတာမို့ ဒီမိုကရေစီစံနှုန်းနဲ့ မညီပါဘူး ဘာဘူးရှိတယ်။ အဲဒီပုံစံမျိုးတော့ မဖြစ်သင့်ဘူး” ဟု ပြည်ခိုင်ဖြိုးပါတီမှ မိတ္ထီလာမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ပြောကြားသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်