Top News

သတိရခြင်း
24htopnews | October 30, 2024 4:12 PM CST

သတိရခြင်းဟာ အရှိန်အဟုန်နဲ့ စီးဆင်းလို့နေလေရဲ့။ သတိရခြင်းဟာ နယ်မြေတွေ၊ မြစ်ချောင်းအင်းအိုင်တွေ၊ မြို့တွေ၊ ရွာတွေကို ဖြတ်သန်းလို့ပေါ့။ သတိရခြင်းဟာ အစစ်အဆေးအမေးအမြန်း မခံရဘဲ  တိုးဂိတ်တွေကို ဖြတ်သန်းလာခဲ့တယ်။ သတိရခြင်းဟာ ဘယ်လိုလူတွေရဲ့ရပ်တန့်တားဆီးခြင်းကိုမှ လက်မခံခဲ့ပါဘူး။ သတိရခြင်းဟာ အချိန်ဆိုတာကိုလည်း နားမလည်ခဲ့ပါဘူး။ သတိရခြင်းဟာ နေရာဒေသလည်း အတည်တကျ မရှိခဲ့ပါဘူး။ အခုဆိုရင် သတိရခြင်းဟာ အကန့်အသတ်မဲ့ ခြေဆန့်နေတော့တာပါပဲ။

သတိရခြင်းဟာ တစ်ခါတစ်ရံ အဝေးပြေးကားတစ်စီးပေါ် ရောက်နေပြန်ရော။ အဲယားကွန်း လွှတ်ထားတဲ့ ကားထဲမှာ သတိရခြင်းဟာ နွေးနွေးထွေးထွေး လုံလုံခြုံခြုံနဲ့ပေါ့။ သတိရခြင်းဟာ စောင်ပါးလေးတစ်ထည်ကို ခြုံလို့။ တစ်ရေးနိုးတဲ့ အခိုက်မှာတော့ သတိရခြင်းဟာ တဆတ်ဆတ်တုန် တဖျတ်ဖျတ်ခုန်လို့။ တော်တော်လေးကြာတော့ သတိရခြင်းဟာ ကားရပ်နားကွင်းတစ်ခုထဲ ရောက်နေပြန်တယ်။ သတိရခြင်းဟာ အဲဒီကားဝင်းထဲမှာ လေတဟူးဟူး အတိုက်ခံလို့ပေါ့။ ဒီလိုနဲ့ သတိရခြင်းဟာ ကားပေါ်တက် ဆက်လက်ထွက်ခွာ လာခဲ့တယ်။ သတိရခြင်းဟာ အမှောင်လွင်ပြင်နဲ့ အပြေးပြိုင်လို့ပါလား။ တရိပ်ရိပ် ပုံသဏ္ဌာန်တွေကို နောက်မှာ ချန်ပစ်ခဲ့တယ်။ တဝဲလည်လည် မြင်ကွင်းတွေကို သယ်ဆောင်လာခဲ့တယ်။ တငြိမ့်တသိမ့်သိမ့် ခံစားမှုတွေကို ထုပ်ပိုးသိမ်းဆည်းလို့ သတိရခြင်းဟာ သူဆင်းရမယ့် မှတ်တိုင်မှာ ဆင်းချလိုက်ပါတယ်။ အခုဆို သတိရခြင်းဟာ သတိရခြင်းတွေ တနင့်တပိုး တပွေ့တပိုက်နဲ့။ သတိရခြင်းဟာ သူ့အနံ့အသက် အကြွင်းအကျန်တွေ သယ် ဆောင်သွားတဲ့ ကားကြီးကို ငေးမောလို့ ရပ်ကျန်ခဲ့တယ်။ အဲဒီနောက်မှာတော့ … ။

သတိရလို့ ကြည့်လိုက်တဲ့ အချိန်မှာ သတိရခြင်းဟာ အခန်းလေးတစ်ခုထဲက ခုတင်တစ်လုံးပေါ် ရောက်နေသတဲ့။ ဒါ ဘယ်နေရာပါလိမ့်။ သတိရခြင်းဟာ အိပ်ချင်မူးတူးနဲ့ သတိရခြင်းထဲ မေ့မျောသွားခဲ့ပြန် တယ်။ စားပွဲပေါ်က နာရီလေးကတော့ ‘သတိရတယ်… သတိရတယ်’ဆိုပြီး အချိန်မှန်မှန် မြည်နေဆဲပေါ့။ သတိရခြင်းဟာ တော်တော်ကြီးကို အိပ်မောကျသွားခဲ့တယ်။ အဲဒီနောက်မှာ သတိရခြင်းဟာ တဒုတ်ဒုတ် ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ် ရောက်နေပြန်ရော။ သတိရခြင်းဘေးမှာ စကားပြောနေတဲ့ လူတွေရဲ့ ကြွက်စီကြွက်စီ အသံပေါင်းစုံက အဆက်မပြတ်။ သတိရခြင်းဟာ ခုံပေါ်မှာ လှဲနေရာက ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တယ်။ သူစီးလာတဲ့ ရထားဟာ သတိရခြင်းဘူတာတွေ တစ်ခုပြီး တစ်ခု ဖြတ်လာခဲ့တယ်။ ရှေ့မှာလည်း သတိရခြင်းဘူတာတွေ ရပ်ဆောင့်နေကြပြန်သတဲ့။ သတိရခြင်းဟာ ပြတင်းပေါက်ကို လှမ်းကြည့်ပေမယ့် မှန်တံခါးချထားလို့ အပြင်ကို ပီပီပြင်ပြင် မမြင်ရဘူး။ တစ်ခါတစ်ခါ သူ့ပုံကိုပဲ သူပြန်မြင် နေရတယ်။ သတိရခြင်းက သတိရခြင်းကို ငေးမောလို့ပေါ့။ သတိရခြင်းဟာ သတိရခြင်း ကိုပဲ မြင်နေရတယ်။ သတိရခြင်းဟာ သတိရခြင်းကို မြင်တော့ သတိရလာပြန်ရော။ အဲဒီအချိန်မှာ သူစီးလာတဲ့ရထားဟာလည်း   ‘သတိရလိုက်တာ … သတိရလိုက်တာ’ လို့ အသံပေးရင်း အဆတ်မပြတ် ခုတ်မောင်းနေတယ်။ ဘူတာထဲဝင်ခါနီး ထွက်လာတဲ့ ဥသြသံကလည်း သတိရခြင်းကိုပဲ သံရှည်ဆွဲ အော်လို့ပေါ့။ အဲဒီလိုနဲ့ ရောက်ပြန်ပြီ သတိရခြင်း တစ်ဘူတာ။ သတိရခြင်း နောက်တစ်ဘူတာ။ သတိရခြင်း နောက်ထပ် တစ်ဘူတာ။ …. ။

အကြာကြီး အိပ်မောကျနေရာက နောက်တစ်ကြိမ် သတိပြန်လည်လာချိန်မှာတော့ သတိရခြင်းဟာ လမ်းမတစ်ခုပေါ်မှာ‌ပေါ့။ သူ့ပတ်ဝန်းကျင်မှာ အဝေးပြေးကုန်ကားကြီးတွေ တစ်စီးပြီး တစ်စီး မောင်းနှင်နေကြတယ်။ ဆိုင်ကယ်သံတွေကလည်း တဝီဝီနဲ့။ သတိရခြင်းဟာ တစ်နေရာရောက်တော့ ရပ်တန့် ငေးမောကြည့်လိုက်တယ်။ ပင်စည် တုတ်တုတ်ခိုင်ခိုင်နဲ့ သစ်ပင်ကြီးတွေ စီတန်းပေါက် နေလိုက်ကြတာ။ အရိပ်အာဝါသကလည်း ကောင်းမှကောင်း။ အပင်ပေါ် မော့ကြည့်လိုက်ချိန်မှာတော့ ၀ါရော်ရော် သစ်ရွက် ခြောက်တွေ တဖွဲဖွဲကြွေကျလာကြတယ်။ သတိရခြင်းဟာ ကြွေဆင်းကျလာတဲ့ သစ်ရွက်တွေထဲမှာ မေ့မေ့မူမူးမူး။ သတိရခြင်းဟာ တဖျတ်ဖျတ်ပုတ်ခတ်လိုက်တဲ့ မျက်တောင်းဖျားက လွင့်ကျသွားတဲ့ မျက်ရည်စက်ကလေးကို ငေးကြည့်နေမိပြန်တယ်။ တဝေါဝေါ ဖြတ်မောင်းသွားတဲ့ အသံတွေ သူမကြားရတော့ဘူး။ တစ်ခါတုန်းကပေါ့။ ဟောဟိုနားက အုတ်ခုံလေးတစ်ခုပေါ်မှာ သူထိုင်ခဲ့ဖူးတာကို သတိရသွားတယ်။ လွတ်လပ်ပွင့်လင်းတဲ့ရယ်သံလေးကို ကြားရဖို့၊ ကြည်လင်တဲ့မျက်နှာလေးကို မြင်ရဖို့၊ သွေးခုန်နွေးနေတဲ့ လက်ဖဝါးလေးကို ဆုပ်ကိုင်ဖို့ သူစောင့်စားခဲ့ရတဲ့ နေရာလေး တစ်ခုပဲ မဟုတ်လား။ ကြည့်ပါဦး ဟိုးအမြင့် တစ်နေရာကနေ တဖွဲဖွဲကျလာတာ သစ်ရွက်ခြောက်တွေ မဟုတ်ဘူး။ သတိရခြင်း … သတိရခြင်း … သတိရခြင်းတွေပါပဲ။

သတိရခြင်းဟာ ရီရီဝေဝေ မျက်လုံးတွေ နဲ့ ခပ်လှမ်းလှမ်းကို ငေးနေမိပြန်တယ်။ အဲဒီ နေရာမှာ လမ်းသွယ်လေးတစ်ခုရှိနေပါရဲ့။ သစ်ရိပ်တွေ ဝေဝေဆာဆာနဲ့ လမ်းသွယ်လေးတစ်ခုပေါ့။ နှင်းတွေဝေနေတဲ့ မနက်ခင်း။ လမ်းသွယ်လေးဟာ တိတ်ဆိတ်စွာ အိပ်မောကျလို့။ လမ်းမီးဝါ၀ါကျင်ကျင်တွေ စီးသွန်ကျ။ တဖျတ်ဖျတ်လမ်းလျှောက်သံ။ အမှောင်ထဲငေးရီ မျက်ဝန်းတစ်စုံ။ ဆိုင်ကယ်မီးရောင် ဝင်းခနဲအလက်။ ဖျတ်ခနဲ ရင်ခုန်သံ။ သနပ်ခါးနံ့ပျံ့သင်းသင်း။ နွေးလျလျ အထိအတွေ့။ ရယ်သံတွေ ဘောင်ဘင်ခတ်။ ကြည်နူးမှု လင်းကလေးတွေ။ အခိုက်အတန့်တွေကို တစ်ခုချင်း လိုက်ကောက်။ ပုံရိပ်တွေဟာ သတိရခြင်း ရှေ့မှောက်မှာ ဖျတ်ခနဲ ဖျတ်ခနဲ။ သတိရခြင်းဟာ အိပ်မက်ကနေ လန့်နိုးလာသူလို ဘေးဘီဝဲယာကို လှမ်းကြည့်မိတယ်။ သတိရခြင်းဟာ အကြားအလပ်မရှိ။ သတိရခြင်းဟာ အကန့်အသတ်မဲ့။ သတိရခြင်းဟာ ဘာသာစကား ရှာမရ။ သတိရခြင်းဟာ ရပ်တည်ရာမတွေ့။ သတိရခြင်းဟာ ကိုယ်ပျောက်ဝိဇ္ဇာ။ သတိရခြင်းဟာ အရာရာ။ သတိရခြင်းဟာ…။

အဲဒီအချိန်မှာပဲ သတိရခြင်းဟာ သိမ့်ခနဲ လွင့်ပါသွားတယ်။ သူသတိရလို့ ငုံကြည့်လိုက်ချိန်မှာ သူဟာ ငှက်တစ်ကောင်လို လေထဲဝဲပျံနေတာ တွေ့လိုက်ရတယ်။ သတိရခြင်းဟာ လေရဲ့ခေါ်ဆောင်ရာ လိုက်ပါလာခဲ့ရ တယ်။ အို ကြည့်ပါဦး သတိရခြင်းဟာအသည်း တအေးအေး ရင်တဖိုဖိနဲ့။ သတိရခြင်းဟာ တိမ်မျှင်စတွေကို တို့ထိခဲ့ရတယ်။ ငှက်တောင်ပံတွေကို ရှောင်ရှားခဲ့ရတယ်။ ထိုးထိုးထောင်ထောင် အရာတွေကို သတိပြုခဲ့ရတယ်။ မီးခိုးနံ့၊ ဓာတ်ဆီနံ့၊ ဖုန်လုံးနံ့တွေကို မသိမသာရှူခဲ့ရတယ်။ ဟော အခုဆို သတိရခြင်းဟာ ကွင်းပြင်တစ်ခုဆီကို ပျံသန်းရောက်ရှိလာခဲ့ပါ ပြီ။ ကြည့်ပါဦး ဟိုးအရှေ့မှာ တစ်မျှော်တစ်ခေါ် နေကြာခင်းကြီးပါလား။ ကြည့်လို့ပဲ လှသေးတော့။ နေကြာပွင့်တွေဟာ ခေါင်းလေးတွေ တမော့မော့နဲ့ နေအရုဏ်မှာ ရွှေကြာငုံလို့ပေါ့။ သတိရခြင်းဟာ ရှည်မြောမြောမြေလမ်းပေါ် အသာလျောဆင်းချလိုက်တယ်။ ဖုန်တွေ သိပ်မထသေးတဲ့ လမ်းကလေးပေါ်မှာ ခြေရာလေးနှစ်စုံကို သူရှာဖွေမိတယ်။ နေကြာခင်းကို ဖြတ်တိုက်လာတဲ့ လေထဲမှာ ရယ်သံချိုချိုလေးတွေများ လွင့်ပါလာလေမလား။ ဟောဟိုမှာ စီတန်းပေါက်နေတဲ့ စိန်ပန်းပင်ကြီးတွေသာ မှတ်ဉာဏ်ကောင်းခဲ့မယ်ဆိုရင် သူတို့ဆီကနေ စကားသံအချို့ပျို့အန် ထွက်ကျလာမယ် ထင်ပါရဲ့။ သူတို့ဘေးမှာ သွယ်စီးနေတဲ့ ရေမြောင်းလေးတွေသာ သိမ်းဆည်းထားတတ်မယ်ဆိုရင် သူတို့ဆီကနေ ပုံရိပ်အချို့ ပြန်မြင်ရမယ် ထင်ပါရဲ့။  သတိရခြင်းဟာ တံတားလေးတစ်ခုကို ဖြတ်လာတော့ ပြုတ်ထွက်နေတဲ့ သစ်သားလေးချောင်းလေး တစ်ခုကို မနင်းရက်ဘဲ ကွေ့ရှောင်သွားခဲ့တယ်။ သတိရခြင်းဟာ နေကြာခင်းထဲမှာ လျှောက်သွားတယ်။ သတိရခြင်းဟာ စိန်ပန်းပွင့်တွေ လိုက်ကောက်တယ်။ သတိရခြင်းဟာ တဲလေးတစ်တဲမှာ ခိုနားတယ်။ သတိရခြင်းဟာ ဘယ်ရောက်လို့ ရောက်မှန်းမသိ ဆက်လျှောက်နေမိတယ်။

သူဗြုန်းကနဲတန့်ကာ ရပ်လိုက်တဲ့ နေရာဟာ ဆိုင်တစ်ဆိုင်ရှေ့ဖြစ်နေတယ်။ သူသိပ်မှတ်မိတာပေါ့။ ထိုင်နေကျ ခုံတန်းရှည်လေးမှာ ဝင်ထိုင်လိုက်တော့ သူ့ရှေ့ကစားပွဲ ပေါ်ကို ထမင်းဆီဆမ်းရယ်၊ မုန့်ဟင်းခါး တစ်ပွဲရယ်၊ ကော်ဖီမစ်တစ်ခွက်ရယ် အလိုလို ရောက်လာတယ်။ သတိရခြင်းဟာ ထမင်းဆီဆမ်းထဲကို မျှင်ငါးပိထောင်းနည်းနည်း၊ သံပုရာသီးတစ်စိတ်နဲ့ ငရုတ်သီးစိမ်းကလေး တို့မြှုပ်ရင်း လွင့်ပျံ့လာမယ့် ဆိုင်ကယ်သံကို နားစွင့်နေမိတယ်။  စားပွဲပေါ်က မုန့်ဟင်းခါးတစ်ပွဲ ဟာလည်း သူ့လိုပဲ စားမယ့်သူကို မျှော်လို့ပေါ့။ လမ်းမပေါ်ကနေ ဆိုင်ရှေ့ကို ချိုးကွေ့လာမယ့် ဆိုင်ကယ်လေးရေ မင်းဘယ်ဆီမှာလဲကွယ်။ မင့်သခင်မလေး ဘေးမသီ ရန်မခအောင် မင်းကောင်းကောင်း စောင့်ရှောက်လာခဲ့ပါကွယ်။ သတိရခြင်းဟာ ခုံတန်းရှည်လေးပေါ်မှာ အငြိမ်မနေနိုင်ဘူး ဖြစ်နေတယ်။ သတိရခြင်းဟာ လေရဲ့အဟုန်မျိုးနဲ့ လမ်းမပေါ်ရောက်သွားပါရဲ့။ သတိရခြင်းဟာ ငှက်ရဲ့ ပျံသန်းပုံမျိုးနဲ့ ဟိုဟိုဒီဒီ ဝေ့ဝဲနေပြန်ရဲ့။ သတိရခြင်းဟာ တိမ်ရဲ့ရွေ့လျားမှုမျိုးနဲ့  အထက်တစ်နေရာကနေ ငုံ့ကြည့်နေရှာရဲ့။ သတိရခြင်းဟာ ဂြိုဟ်တစ်လုံးရဲ့ အလျင်နှုန်းနဲ့ ကွေ့ပတ်လှည်လည်နေပြန်သတဲ့။ သတိရခြင်းဟာ အဲဒီလို လှည့်လည်နေရင်း သတိရခြင်းထဲမှာ တဝဲလည်လည် မေ့မြောလွင့်ပါသွားပြန်တယ်။

သတိရခြင်းဟာ သတိမရခြင်းကို မေ့ပေမယ့် သတိရခြင်းကို ဘယ်တော့မှ မမေ့ဘူး။ သတိရခြင်းဟာ သတိရဖို့ကိုပဲ အမြဲသတိရနေတယ်။ သတိရခြင်းဟာ သတိရခြင်းထဲမှာပဲ ပျော်မွေ့ရှင်သန်တယ်။ သတိရခြင်းဟာ သတိရခြင်းကိုပဲ မေးထူးခေါ်ပြောလုပ်တယ်။ သတိရခြင်းဟာ သတိရခြင်းနဲ့ပဲ ပေါင်းသင်းဆက်ဆံတယ်။ သတိရခြင်းဟာ သတိရဖို့ကိုပဲ မမေ့မလျော့ အားထုတ်နေတယ်။ အခုဆို သတိရ ခြင်းဟာ သတိရခြင်းသီချင်းတစ်ပုဒ်ကို တိုးတိုးဖွဖွဆိုညည်းလို့ နေလေရဲ့။ ။


READ NEXT
Cancel OK