Top News

အနာဂတ် မရေရာမှုနှင့် ကြုံတွေ့နေရသည့် နယူးယောက် စီးပွားရေးလုပ်ငန်းများ
24htopnews | October 30, 2024 4:12 PM CST

ဆိုင်တံခါးများ ပိတ်ထားသည့် စတိုးဆိုင်များ၊ ဆိုင်ယာယီပိတ်ကြောင်း ကြေညာစာ ကပ်ထားသည့် စားသောက်ဆိုင်များ၊ လူအဝင်အထွက် ကင်းရှင်းနေသည့် ရုံးဌာနအဆောက်အအုံများကို မြင်တွေ့နေရခြင်းက COVID-19 ရောဂါသည် နယူးယောက်မြို့၏ ထင်ရှားကျော်ကြားသော စီးပွားရေးခရိုင်များကို လူသွားလူလာကင်းရှင်းပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် တစ္ဆေမြို့များအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်ဟု တွေးထင်မိကြမည်ဖြစ်သည်။

ကုမ္ပဏီများသည် အလုပ်သမားများ စိတ်ကျေနပ်မှုရရန်အတွက် အမျိုးမျိုးသော စည်းရုံးမှုနည်းလမ်းများဖြင့် အလုပ်သမားများ အလုပ်ခွင်သို့ ပြန်လည်လာရောက်စေရန် ဆွဲဆောင်နေရပြီး ကိုဗစ်အလွန်ကာလသို့ အမြန်ဆုံးရောက်ရှိရေးကို လိုလားနေကြသည်။

“ဝန်ထမ်းတွေ အလုပ်ခွင်ကို ပြန်မလာရင်ကျွန်တော်တို့ လုပ်ငန်းတွေ နွံနစ်တော့မှာပါ။ ပြီးခဲ့တဲ့နှစ် မတ်လတုန်းကဆို ကျွန်တော်တို့ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေထဲမှာ တစ်ပတ်၊ တစ်ပတ်ကို စားသုံးသူ မနည်းမနော ရှိခဲ့ပါတယ်။ စားသုံးသူ တော်တော်များများက တစ်ပတ်ကိုလေး၊ ငါး၊ ခြောက်ကြိမ်လောက် လာသုံးဆောင်ကြတာ၊ အခုတော့ လူမလာသလောက်နီးပါးပဲ” ဟု Hospitality Holdings လုပ်ငန်းစု၏ ဒုတိယဥက္ကဋ္ဌ ကင်းနက်မက်ကလော ကပြောကြားခဲ့သည်။

စားသောက်ဆိုင်များ ဖွင့်လှစ်ထားသည့် Hospitality Holdings လုပ်ငန်းစု သည် Lockdown စီမံချက်များကြောင့် မစ်တောင်းမန်ဟတ်တန်ခရိုင်တွင် ဖွင့်လှစ်ထားသော ၎င်း၏ စားသောက်ဆိုင်နှင့် ဘားဆိုင်ခြောက်ဆိုင်ကိုပိတ်ခဲ့ရပြီး ထိုထဲမှ စားသောက်ဆိုင်နှစ်ဆိုင်ကို အပြီးတိုင်ပိတ်ခဲ့ရခြင်းဖြစ်သည်။

Broadwayရှိုးပွဲများ၊ နယူးယောက်မြို့ လမ်းမများထက်တွင် မောင်းနှင်ပြေးဆွဲနေသော အဝါရောင်တက္ကစီများ၊ ပီဇာအရောင်းဆိုင်များစသော Big Apple နယူးယောက်မြို့၏ ပင်ကိုအမှတ်သင်္ကေတဟု ယူဆရမည့် ယဉ်ကျေးမှုကို Lockdown စီမံချက်များက ရပ်ဆိုင်းသွားစေခဲ့သည်။

လုံခြုံရေးကုမ္ပဏီ Kastle Systems မှစုဆောင်းထားသော အချက်အလက်များအရ နယူးယောက်တွင် အလုပ်လုပ်ကိုင်နေကြသော ဝန်ထမ်းတစ်သန်းကျော်၏ ၁၄ ရာခိုင်နှုန်းခန့်သာ ၂၀၂၁ ဇန်နဝါရီလလယ်တွင် အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့လုပ်ငန်းခွင့် ပြန်ဝင်သည့် ဝန်ထမ်းအရေအတွက် အလွန်နည်းပါးနေခြင်းကြောင့် မစ်တောင်းမန်ဟတ်တန်ခရိုင်နှင့် ဝေါစတွီ့စ်လမ်းမတစ်လျှောက်တွင် ဖွင့်လှစ်ထားသော အသားညှပ်ပေါင်မုန့်ဆိုင်များနှင့် အသေးစားစီးပွားရေးလုပ်ငန်းများမှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

COVID-19 ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ် စတင်နေပြီဖြစ်သော အမေရိကန်နိုင်ငံ၌ ဝန်ထမ်းများ ၂၀၂၀ တစ်နှစ်လုံးနီးပါး နေအိမ်မှနေ၍ အလုပ်လုပ်ခြင်းဖြင့် လည်ပတ်ခဲ့သော စီးပွားရေးလုပ်ငန်းများသည် ၂၀၂၁ သို့ရောက်ရှိလာချိန်တွင် လုပ်ငန်းခွင်သို့ ဝန်ထမ်းများလာရောက်အောင် မည်သို့ ဆွဲဆောင်စည်းရုံးရမည်နှင့် ပတ်သက်၍ အကျပ်ရိုက်နေကြသည်။

၂၀၂၁ ဇန်နဝါရီတွင် ထုတ်ပြန်သော Pricewaterhouse Coopers(PwC) ၏စစ်တမ်း၌ ဖြေဆိုထားသော ဝန်ထမ်းများ၏ ၇၉ရာခိုင်နှုန်းက နေအိမ်မှတစ်ဆင့် အလုပ်လုပ်ခြင်းသည် နှစ်ဖက်စလုံးအတွက် အဆင်ပြေသည်ဟု ဖြေဆိုထားကြပြီး ဝန်ထမ်း ၈ရရာခိုင်နှုန်းကမူ Zoom မှတစ်ဆင့် ဆွေးနွေး၊ အလုပ်လုပ်ခြင်းထက် လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ ကောင်းမွန်သောဆက်ဆံရေးများ တည်ဆောက်ခြင်းက ပိုမိုလွယ်ကူပြီး အကျိုးပိုမိုခံစားရသည်ဟု ဖြေဆိုထားကြသည်။

“အလုပ်ခွင်ကို လူကိုယ်တိုင်သွားပြီး အလုပ်လုပ်ရင် ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ရတယ်။ အိမ်ထဲကနေ အပြင်ကိုထွက်လိုက်ရရင် ကျွန်မအတွက် တစ်ပတ်လုံးစာ စိတ်ခွန်အားရလိုက်သလိုပါပဲ” ဟု နယူးယောက်မြို့ရှိ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ ဂျက်စီကာလပ်ပင်က ဆိုသည်။

ဝန်ထမ်းအချို့မှာ တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ကိုးနာရီမှ ညနေ ငါးနာရီ အထိ ရုံးခန်းတွင် အလုပ်လုပ်ရန် ပြင်ဆင်လျက် ရှိသည်။

“ဝန်ထမ်းအတော်များများက ရက်ပေါင်း နှစ်ရက်ကနေ သုံးရက်အထိကို အိမ်ကနေ အလုပ်လုပ်ချင်ပြီး နောက်ထပ် နှစ်ရက်ကနေ သုံးရက်အထိကို လုပ်ငန်းခွင်မှာ အလုပ်လုပ်ချင်ကြတယ်။ အဲ့လိုပုံစံမျိုးကို သဘောကျတဲ့ ဝန်ထမ်းက များတယ်” ဟု PwC အစီရင်ခံစာကို ပူးတွဲရေးသားသူ ဒီနိ့ဇ်ကာဂလာ ကပြောကြားခဲ့သည်။

အီးမေးလ်ပို့ရန်၊ ဖုန်းခေါ်ဆိုမှုကို ဖြေကြားပေးရန် စသော မိမိနေအိမ်မှတစ်ဆင့် လုပ်ကိုင်ပေးနိုင်သည့် အလုပ်အား ဝန်ထမ်းများ ရုံးသို့လာရောက်လုပ်ကိုင်ပေးနေရခြင်းကို ကုမ္ပဏီများအနေဖြင့် ပြောင်းလဲသင့်ပြီး ကောင်းရာကို ညွှန်ပြခြင်း၊ တစ်ဦးနှင့်တစ်ဦး ခင်မင်ယုံကြည်ခြင်း၊ တီထွင်ကြံဆနိုင်စွမ်းကို အားပေးမြှင့်တင်ခြင်းစသော ဂရုဏာထားသည့် လုပ်ဆောင်မှုမျိုးကို ပိုမိုအကောင်အထည်ဖော်ပေးကြရန် တတ်သိပညာရှင်များက အကြံပြုထားသည်။

နယူးယောက်မြို့ရှိ စီးပွားရေးလုပ်ငန်း အများစုမှာ ၎င်းတို့ဝန်ထမ်းများ အလုပ်ခွင်သို့ လူကိုယ်တိုင် လာရောက်လုပ်ကိုင်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် အားထုတ်ကြိုးပမ်းနေကြသည်။ ကုမ္ပဏီအချို့မှာ ဝန်ထမ်းများ အလုပ်လုပ်ရာတွင် သက်တောင့်၊ သက်သာဖြင့် စိတ်ပြေလက်ပျောက်ရှိစေရန်အတွက် အလုပ်ခွင်နေရာတွင် ပြောင်းလဲဆန်းသစ်မှုများ လုပ်ဆောင်ခြင်း၊ ရုံးခန်းနေရာချဲ့ထွင်ခြင်းတို့ဖြင့် စည်းရုံးဆွဲဆောင်နေကြသည်။

“ဝန်ထမ်းတိုင်း သူတို့နဲ့ဆိုင်ရာအလုပ်စားပွဲ ရှိရမယ်ဆိုတဲ့ အတွေးကို အမြဲတွေးစရာ မလိုပါဘူး။ အလုပ်ခွင်နေရာကို ပြဇာတ်ရုံတစ်ခုအဖြစ်နဲ့ တွေးကြည့်လိုက်မယ်ဆိုရင် သင့်မှာမတူညီတဲ့ပြကွက်တွေအတွက် မတူညီတဲ့ အခင်းအကျင်းတွေရှိနေမှာပဲ” ဟု အနာဂတ်လုပ်ငန်းခွင်နေရာများနှင့် ပတ်သက်၍ Chushman & Wakefield အစီရင်ခံစာကို ပူးတွဲရေးသားသူ ဒေးဗစ်စတစ်က ဆိုသည်။

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေး မရေရာ၊ မသေချာမှုများ ရှိနေသော်လည်း ဝန်ထမ်းများအဆင်ပြေစေရန် ကြိုးပမ်းနေကြသည့် စီးပွားရေးလုပ်ငန်းရှင်အများအပြားသည် ၎င်းတို့၏ လုပ်ငန်းဌာနများတွင် စိတ်နှစ်မှုကို နှစ်ဆမြှင့်နေကြပြီး နယူးယောက်မြို့၏ စီးပွားရေးဧရိယာများတွင် ပုံအော၍ ရင်းနှီးမြှပ်နှံနေကြသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် Facebook ကုမ္ပဏီက မစ်တောင်းမန်ဟတ်တန် တွင် ၇၃၀ç၀၀၀ စတုရန်းအကျယ်အဝန်းရှိသော မြေနေရာကို ငှားရမ်းခဲ့ပြီး Google ကုမ္ပဏီက ချဲလ်ဆီးရပ်ကွက်အတွင်းရှိ ၎င်း၏ ကုမ္ပဏီဝင်းကို ဆက်လက်ချဲ့ထွင်နေသည်။

နယူးယောက်တွင် ဝန်ထမ်း ၄၀၀ ဝန်းကျင်ကို အလုပ်ခန့်ထားသော ဥပဒေအကြံပေးကုမ္ပဏီ Greenberg Traurig သည် အလုပ်ခွင်၌ လေကာမှန်များ တပ်ဆင်ထားရှိခြင်း၊ လက်ဖြင့်နှိပ်/ထိရန် မလိုသော ရေဘုံပိုင်ခေါင်းများ၊ လက်သန့်ဆေးရည်စက်များ တပ်ဆင်ထားရှိခြင်း၊ ရုံးခန်းအတွင်း လေဝင်၊ လေထွက်ကောင်းစေရန် ပြုပြင်ခြင်းတို့ လုပ်ဆောင်ထားသည်။

Greenberg Traurig  ကုမ္ပဏီသည် ဝန်ထမ်းများအား အလှည့်ကျ အလုပ်ဆင်းခိုင်းသည့်စနစ်ကို ကျင့်သုံးနေပြီး ယခုနှစ်အတွင်း ရုံးဌာနကို Grand Central ဘူတာရုံအနီးရှိ အဆောက်အအုံသစ်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း ကုမ္ပဏီဒုတိယဥက္ကဋ္ဌ ရောဘတ်အိုင်ဗင်ဟိုက ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါက နယူးယောက်မြို့ရှိ စီးပွားရေးလုပ်ငန်းအများအပြားကို အကျပ်အတည်းတွေ့စေခဲ့သော်လည်း အနာဂတ်သစ်ကို မျှော်လင့်စောင့်စားနေကြသူတိုင်းအတွက် အခွင့်အရေးတစ်ခုက စောင့်ကြိုနေမည်မှာ အမှန်ဖြစ်ကြောင်း Grand Central Partnership စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ဥက္ကဋ္ဌ အယ်ဖရတ်စီဂူလို ကဆိုသည်။


READ NEXT
Cancel OK