(၁)
ဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်ကျမ်းစာ၌ “ကပ်ကြီးသုံးပါးတွင် ၁၀ နှစ်သက်တမ်း ကျရောက်သောအခါ ကပ်တစ်မျိုးမျိုး တိုက်မည်ဟု ကျမ်းဂန်တို့၌ဆိုသော်လည်း ယခုအခါမှာပင် အချို့အခါ၊ အချို့တိုင်းပြည်များတွင် ထိုကပ်သုံးပါးတို့ မကြာမကြာ တိုက်လျက်ရှိသည်” ဟု ရေးထားသည်ကို ဖတ်လိုက်ရသည်။
ကပ်ကြီးသုံးပါး ဆိုသည်က ‘ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်၊ သတ္ထန္တရကပ်’ တို့ ဖြစ်သည်။ ထိုတွင် ငတ်မွတ်ခေါင်းပါး အစာရှားခြင်းကြောင့် သတ္တဝါအများ ပျက်စီးရခြင်းကို ‘ဒုဗ္ဘိက္ခန္တရကပ်’ ဟုလည်းကောင်း၊ အနာရောဂါကြောင့် သတ္တဝါအများ သေကျေရခြင်းကို ‘ရောဂန္တရကပ်’ ဟုလည်းကောင်း၊ လက်နက်တစ်စုံတစ်ရာကြောင့် သတ္တဝါအများ အသက်ဆုံးရှုံးရခြင်းကို ‘သတ္ထန္တရကပ်’ ဟု လည်းကောင်း မှတ်ယူနိုင်ပါသည်။
မိမိတို့ငယ်စဉ်က တစ်နိုင်ငံလုံး ဆန်ရှားပါးသည့်ကာလတစ်ခုကို ကြုံခဲ့ရဖူးသည်။ မြို့ကြီးအရပ်တို့၌ မည်သို့ရှိသည် မသိရသော်လည်း တောအရပ်ဒေသတို့၌ ကိုယ့်အိမ်မှာရှိသည့် ဆန်ကိုချွေတာသည့် အနေဖြင့် ဆန်ပြုတ်ပြုတ်၍ သောက်ကြသူတို့လည်း ရှိသည်။ အချို့က ဆန်ပြုတ်တစ်နပ်၊ အရောအနှောထမင်း တစ်နပ်ဖြင့် မျှတကြသည်။ အရောအနှောထမင်းဆိုသည်က ဆန်ကို ဂျုံ၊ ပဲ၊ ပြောင်း စသည်တို့ဖြင့် ရောနှောချက်ပြုတ်ထားသည့် ထမင်းကိုဆိုလိုသည်။ မိမိက ကလေးအရွယ်ဆိုတော့ ဆန်ကို ပဲတီစိမ်းဖြင့် ရောချက်ထားသော ပဲတီထမင်းကို အတော်လေး ခံတွင်းတွေ့ခဲ့ဖူးသည်ကို အမှတ်ရသည်။ သည်တော့ ငယ်ဘဝမှာ ‘ဒုဗ္ဘိက္ခန္တရကပ်’ နှင့် ပက်ပင်းတိုးခဲ့ဖူးသည်ပဲ ဆိုပါစို့။
မိမိတို့ လူမဖြစ်ခင်ကာလမှာ ကျောက်ရောဂါ၊ ပလိပ်ရောဂါတို့လို ကူးစက်ရောဂါကြီးများ ဖြစ်ခဲ့ဖူး၏ဟု သိရသည်။ ဒေသအချို့၌ ပလိပ်ရောဂါကို ကြွက်ကျသည်ဟုလည်း ခေါ်ကြသည်။ ကျောင်းနေအရွယ်ရောက် တော့ ကျောက်ရောဂါကာကွယ်ဆေး ထိုးခဲ့ရဖူးသည်။ လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင်က ထိုနိုင်ငံအချို့၌ ကူးစက်ရောဂါအချို့ ဖြစ်ခဲ့ဖူးသော်လည်း မျက်မှောက်ကာလမှာ ရင်ဆိုင်နေရသည့် COVID-19 ရောဂါလောက် တော့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့သည်မထင်။ COVID-19 ရောဂါကတော့ လှည်းနေလှေအောင်း မြင်းစောင်းမကျန်ဟု ဆိုရလောက်အောင် မြေလှန်ပြီး ကူးစက်ခဲ့သည့် ရောဂါဆန်းဖြစ်သည်။ ဆင်းရဲသည့်နိုင်ငံတွေမှာလည်း ဖြစ်ခဲ့သလို ချမ်းသာသည့် နိုင်ငံတွေမှာလည်း ထို့အတူ။ သည်တော့ ‘ရောဂန္တရကပ်’ကိုလည်း နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့နေရဆဲဟုသာ ဆိုရမည်။
ကလေးဘဝမှာ လူကြီးသူမတွေ ပြောပြသဖြင့် ဂျပန်ခေတ်တုန်းက ကျွဲညီနောင်ဆိုသည့် လေယာဉ်ပျံကြီးများလာပြီတဲ့ဆို ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းရသည့်အဖြစ်ကိုလည်းကောင်း၊ မီးရထားသံလမ်းဖောက်ဖို့ ဆိုပြီး အဘိုး၏ညီတစ်ယောက်ကို ချွေးတပ်ဆွဲသွားစဉ်က လူအလစ်မှာ ခိုးပြေးပြီး ညတွင်းချင်း ရွာအရောက်ပြန်လာခဲ့ဖူးသည်ဆိုသည့် အဖြစ်ကိုလည်းကောင်း ကြားခဲ့ရဖူးသည်။ ငယ်ငယ်ကတော့ ထိုအဖြစ်အပျက်များအားလုံးက အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ပမာ နား ထောင်၍အလွန်ကောင်းခဲ့သည်။ တကယ်တော့ လူကြီးတွေပြောကြသည့် ဂျပန်ခေတ်ဟူသည် ‘သတ္ထန္တရကပ်’ ဆိုက်နေသည့် ခေတ်ဆိုးခေတ်ပျက်ကြီးတစ်ခုပင်။
မျက်မှောက်ကာလတိုင်အောင်လည်း လက်နက်ကပ်ဘေးက အေးပြီငြိမ်းပြီ မဆိုနိုင်သေး။ ကမ္ဘာ့မြေပုံ၏ နေရာဒေသအချို့၌ လက်နက်ကိုင်စွဲကာ သတ်ဖြတ်နေသည့် စစ်မီးတို့ ဟိုမှာသည်မှာ တောက်လောင်နေဆဲ ဖြစ်သည်။ စစ်ကြောင့် မငြိမ်းနိုင်မအေးနိုင် ဖြစ်ရရှာသည့် ပြေးပြေးလွှားလွှား ဘဝများစွာတို့ ရှိနေဆဲဖြစ်သည်။ စာရင်းချုပ်လိုက်တော့ လူ့ဘဝသက်တမ်း တိုလျလျကလေးမှာ ကပ်ကြီးသုံးပါးနှင့် တစ်မျိုးမဟုတ်တစ်မျိုး ပတ်သက်နေရဆဲဟု ဆိုရမည်။ တစ်နည်းအားဖြင့် ကပ်ကြီးသုံးပါးတံဆိပ်ခပ်နှိပ်ထားသော နာဖျားနေသည့် ကမ္ဘာမြေပေါ်မှာပဲ မိမိတို့တတွေ ဆက်လက်ရှင်သန် နေထိုင်နေရဆဲဟုလည်း ဆိုနိုင်ပါသည်။
(၂)
ဤ၌ ကပ်ကြီးသုံးပါး ဖြစ်ပေါ်ရခြင်းနှင့် စပ်၍ပြဆိုထားသည့် စာလာပေလာ အဆိုအမိန့်အချို့ကို လက်လှမ်းမီသရွေ့ ပြောပြချင်ပါသည်။ ‘လောဘ၊ ဒေါသ၊ မောဟ’ ဆိုသည့် အကုသိုလ်စေတသိက်သုံးလုံး၏ အမည်ကိုတော့ မြန်မာတို့ နားရည်ဝပြီးဖြစ်ကြမည် ထင်သည်။ အဆိုပါကပ်ကြီးသုံးပါးတို့တွင် “ဒုဗ္ဘိက္ခန္တရကပ်သည် လောဘကြောင့် ဖြစ်သောအရာ။ ရောဂန္တရကပ်သည် မောဟကြောင့် ဖြစ်သောအရာ၊ သတ္ထန္တရကပ်သည်ကား ဒေါသကြောင့် ဖြစ်ရသောအရာ”ဟု ကျမ်းဂန်တို့က ဆိုပါသည်။ ထိုကိစ္စကို ရှင်းပါအံ့။
လူသားတို့၌ လိုချင်လောဘတို့ မိုးမွှန်လာပြီဆိုလျှင် ကိုယ်ရထိုက်သည့် ဝေစုထက် ပိုပိုမိုမိုရချင်လာတတ်ကြသည့် သဘာဝရှိသည်။ ပင်ကိုကပင် အစာရေစာရှားပါးနေ ခိုက်ဖြစ်ရကား တစ်ဦးတစ်ယောက်က၊ သို့မဟုတ် တစ်စုတစ်ဖွဲ့က လောဘတက်ကာ အစာရေစာတို့ကို သိုလှောင်လာပြီဆိုလျှင်တော့ အစာရေစာ ငတ်မွတ်ခေါင်းပါးဖို့က အသေချာကြီး သေချာနေပါပြီ။ ထို့ကြောင့်ပင် အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း (ဒုဗ္ဘိက္ခ န္တရကပ်) ၏ လက်သည်တရားခံကို ‘လောဘ’ ဟု ဆိုခဲ့ခြင်းဖြစ်သည်။
‘မောဟ’ဆိုသည့်ပါဠိက မသိနားမလည်ခြင်း၊ ထုံထိုင်းဖျင်းအခြင်းအနက်ကို ဟောသည်။ တစ်စုံတစ်ယောက်သည် သို့မဟုတ် အသင်းအဖွဲ့တစ်စုသည် ကျန်းမာရေးဗဟုသုတ မရှိလေသောအခါ ဆေးဝါးကိုမသိ၊ ဓာတ်စာကိုမသိ၊ ရောဂါဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းကိုမသိ စသည်ဖြင့် မသိခြင်းတရားတို့ လွှမ်းမိုးကာ ဖြစ်ပေါ်လာသော အနာရောဂါကို အသိဉာဏ်ဖြင့် ကာကွယ်နိုင်စွမ်းမရှိတော့။ ထိုကာလမျိုး၌ သတ္တဝါအများ ပျက်စီးဆုံးရှုံးကြရသည်။ မောဟ၏ ဆန့်ကျင်ဘက်ကား အမောဟ (ပညာ) ဖြစ်သည်။ ပညာကို ‘ဉာဏ်’ ဟုလည်း ခေါ်ကြသည်။ “အသက်ကို ဉာဏ်စောင့်”ဆိုသည့်စကားက ထိုအဓိပ္ပာယ်ပင်။ ထို့ကြောင့်ပင် အနာရောဂါ ဖြစ်ပွားရခြင်း (ရောဂန္တရကပ်) ၏ လက်သည်တရားခံကို ‘မောဟ’ ဟု ဆိုခဲ့ခြင်းဖြစ်သည်။
စစ်ပွဲတစ်ပွဲ ဖြစ်ပြီတဲ့ဆို အပြစ်မဲ့ပြည်သူများက ကျွဲနှစ်ကောင်ကြားမှ မြေဇာပင် ဖြစ်ကြရသည်။ ဒုတိယကမ္ဘာစစ်ကာလက အထူးထူးသော လက်နက်ဆန်းတို့ကြောင့် သတ္တဝါအများ သေကျေပျက်စီးခဲ့ရခြင်းက ထင်ရှားသော သာဓကတစ်ခုဖြစ်သည်။ မည်သည့်စစ်ပွဲမဆို ဒေါသကိုအခြေခံသည်။ ဒေါသမပါဘဲ လူ့အသက်တစ်ချောင်းကို သတ်ဖို့ဆိုသည်က မဖြစ်နိုင်။ ထို့ကြောင့်ပင် အသက်များစွာကို ဆုံးရှုံးစေသည့် စစ်ပွဲများဖြစ်ပွားရခြင်း (သတ္ထန္တရကပ်) ၏ လက်သည်တရားခံကို ‘ဒေါသ’ ဟု ဆိုခဲ့ခြင်းဖြစ်သည်။
လူ့အသက် ၁၀ နှစ်တမ်းကာလ၌ ရင်ဆိုင်ကြုံတွေ့ရမည့် ဖြစ်အင်တို့ကို ပိဋကတ်ကျမ်းစာတို့၌ ပြဆိုထားသည့်အတိုင်း ဤ၌ အမြွက်မျှပြလိုပါသေးသည်။ “အစဉ်အတိုင်း ဆုတ်ယုတ်လာခဲ့၍ လူ့အသက် ၁ဝနှစ်တမ်း သို့ရောက်သော် ငါးနှစ်အရွယ်ရှိ သတို့သမီးသည် လက်ထပ်ထိမ်းမြားနိုင်သော အရွယ်ကိုရောက်လတ္တံ့။ လောက၌ ‘ထောပတ်၊ ဆီဦး၊ ပျား၊ တင်လဲ၊ ဆား’ ဟူသော အရသာတို့ ကွယ်ပျောက်လတ္တံ့။ လူးထမင်းသည် စားဖွယ်တို့တွင် အမြင့်ဆုံးဖြစ်လတ္တံ့။ ကုသိုလ်ကမ္မ ပထတရား ၁၀ ပါးတို့ ကွယ်ပ၍ အကုသိုလ် ကမ္မပထတရား ၁၀ ပါးတို့ ထွန်းပကုန်လတ္တံ့” ဟု ဆိုပါသည်။
ထိုမှတစ်ပါး “လူ့ကျင့်ဝတ်ကို ဖောက်လွဲဖောက်ပြန် ကျင့်သုံးသူတို့ကလည်း ပူဇော်ခံ ထိုက်သူတို့ ဖြစ်လတ္တံ့။ အမိ၊ မိကြီး၊ မိထွေး၊ အရီးကြီး၊ အရီးလေး၊ ဆရာကတော် စသည်ဖြင့် အလေးအမြတ် ပြုထိုက်သူတို့၌ အလေးအမြတ်ပြုထိုက်၏ဟု စိတ်ကမထင်။ လောကသည် တိရစ္ဆာန်ဆန်ဆန် အရိုင်းစိတ်တို့ဖြင့် ရောယှက်ရှုပ်ထွေးကာ စည်းပျက်ကမ်းပျက် ဖြစ်လတ္တံ့” ဟုလည်း ဆိုပါသည်။
ထိုမျှသာမက “လူအချင်းချင်းအပေါ်၌ ပြင်းထန်သောအမျက်ထွက်ခြင်း၊ ပျက်စီးစေလိုခြင်း၊ မလိုမုန်းထားဖြစ်ခြင်း၊ သတ်လိုဖြတ်လိုစိတ်ရှိခြင်းသည် ထင်ရှားလတ္တံ့။ သားအမိချင်း၊ သားအဖချင်း၊ မောင်နှမချင်းဆိုသည့် ဆွေရင်းသားရင်း စိတ်ကိုမထား၊ အမျက်မာန်ဟုန်ပွား၍ ဒေါသကိုသာ ရှေ့တန်းတင်ကုန် လတ္တံ့။ ဥပမာသော် သားသမင်ကို တွေ့ချိန်၌ သားမုဆိုးအား သတ်လိုဖြတ်လိုစိတ် ဖြစ်သကဲ့သို့တည်း”ဟုလည်း ဆိုပါသည်။
“ရဟန်းတို့ ၁၀ နှစ်သက်တမ်းကာလ ရောက်သော် ခုနစ်ရက်ပတ်လုံး ‘သတ္ထန္တရကပ်’ ဆိုက်လတ္တံ့။ ထိုသူတို့သည် အချင်းချင်းကို သားကောင်ဟု မှတ်ယူကုန်လတ္တံ့။ ပြင်းထန်သော လက်နက်တို့သည် ထိုသူတို့၏လက်၌ ထင်ရှားဖြစ်ကုန်လတ္တံ့။ ထိုသူတို့သည် ပြင်းထန်သော လက်နက်ဖြင့် ‘ဤသည်ကား သားကောင်တည်း’ ဟု အချင်းချင်း သတ်ဖြတ်ကုန်လတ္တံ့” ဟု ဗုဒ္ဓဘုရား ဟောကြားတော်မူခဲ့ပါသည်။
(၃)
ထိုတွင် “လူ့ကျင့်ဝတ်ကို ဖောက်လွဲဖောက်ပြန် ကျင့်သုံးသူတို့ကလည်း ပူဇော်ခံ ထိုက်သူတို့ဖြစ်လတ္တံ့” ဆိုသော အဆိုနှင့် စပ်၍ “လူ့အသက် ၁၀ နှစ်သက်တမ်းသို့ ရောက်သော် ဤမည်သောသူသည် အမိကို ရိုက်ပုတ်နှိပ်စက်ပြီ။ အဖကို ရိုက်ပုတ်နှိပ်စက်ပြီ။ သမဏဗြဟ္မဏတို့၏ အသက်ကိုခွင်းချေပြီ။ အမျိုး၌ ကြီးကုန်ကြီးကုန်သူတို့အား လေးစားရိုသေဖို့ကို အသာထား။ ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် မထင်။ ထိုသို့သော ထင်ရာစိုင်းသမားတို့ကို မြင်လေလျှင် ‘သြ ..အံ့ဖွယ် ယောကျ်ားပါတကား’ဟု ဆိုကာ ပူဇော်လည်း ပူဇော်ကြလိမ့်မည်။ ချီးမွမ်းလည်း ချီးမွမ်းကြလိမ့်မည်” ဟု အဋ္ဌကထာ၌ ဖွင့်ဆိုထားသည်။
ဒေသတစ်ခု၌ ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ၌ ဖြစ်စေ၊ အဆုံးစွန်ဆိုရပါသော် ကမ္ဘာကြီးတစ်ခုလုံး၌ဖြစ်စေ ကပ်ဘေးတစ်ခုသင့် ရောက်ပြီဆိုလျှင် သတ္တဝါအများ သေကြေ ပျက်စီးရမြဲဖြစ်သည်။ ထိုကိစ္စအတွက် သမိုင်းက သက်သေထူခဲ့ပြီးဖြစ်သလို မျက်မှောက် ကာလမှာလည်း ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အဋ္ဌထကာ၌ ထိုထိုကပ်ရောဂါအလိုက် သေဆုံးကြသူတို့၏ ‘လားရာဂတိ’ ကိုပါ ပြဆိုထားလေရာ ထိုကိစ္စကလည်း စိတ်ဝင်စားဖွယ် ကောင်းလှသည်မို့ ဤ၌ တစ်ဆက်တည်း ပြဆိုပါဦးအံ့။
ထိုသုံးမျိုးသော ပျက်စီးခြင်းတို့တွင် ဒုဗ္ဘိက္ခန္တရကပ်ကြောင့် ပျက်စီးကြရသော သတ္တဝါတို့သည် များသောအားဖြင့် ပြိတ္တာဘုံသို့ ရောက်ကြလေကုန်၏။ အကြောင်းကား ထိုကပ်ရောဂါဖြင့် သေကြသူတို့သည် အာဟာရပြတ်၍ သေကြရသည်ဖြစ်ရကား အစားအစာ၌ တွယ်တာမှုအားကြီးသောကြောင့် ဖြစ်သည်။
ရောဂန္တရကပ်ကြောင့် ပျက်စီးကြရသော သတ္တဝါတို့သည် များသောအားဖြင့် နတ်ပြည်နတ်လောကသို့ ရောက်ကြလေကုန်၏။ အကြောင်းကား ထိုကပ်ရောဂါဖြင့် သေကြသူတို့ ၏ စိတ်၌ “သြော် ..ငါမှတစ်ပါး အခြားသော သတ္တဝါတို့အား ငါ့ရောဂါမျိုး မစွဲကပ်ပါမူ၊ ကပ်ဘေးသင့်၍ ငါ့နည်းတူ မသေကြပါမူ ကောင်းလေစွ”ဟု အားကြီးသော မေတ္တာစိတ် ဖြင့်ကွယ်လွန်ကြသောကြောင့် ဖြစ်သည်။
သတ္ထန္တရကပ်ကြောင့် ပျက်စီးကြရသော သတ္တဝါတို့သည်ကား များသောအားဖြင့် ငရဲ၌ ဖြစ်ကြလေကုန်၏။ အကြောင်းမူ အချင်းချင်း တို့အပေါ်၌ အားကြီးသောဒေါသ၊ အားကြီးသောအာဃာတဖြင့် ကွယ်လွန်ကြရသောကြောင့် ဖြစ်သည်။ ဤကား ကပ်ကြီးသုံးပါးနှင့် လားရာဂတိကို ဆက်စပ်ပြဆိုခြင်း ဖြစ်သည်။ ကပ်ကြီးသုံးပါးနှင့်စပ်၍ မှတ်ဖွယ်မှတ်ရာ အချို့ကို ကျမ်းဂန်လာအတိုင်း သိသာရုံမျှ ပြဆိုလိုက်ရခြင်း ဖြစ်ပါ၏။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်