Top News

ဇာတ်ခုံပေါ်မှ မီးခိုးများ
24htopnews | October 30, 2024 4:12 PM CST

ကျွန်တော် ၁ဝနှစ်အရွယ်လောက်မှာ ကျွန်တော်တို့အိမ်သို့ မိဘများ၏ ဇာတိရွာမှ ဆွေမျိုးသားချင်းများ၊ ရပ်ဆွေရပ်မျိုးများ နွေရာသီမှာ တစ်အုပ်ပြီးတစ်အုပ် လာရောက်လည်ပတ်လေ့ ရှိကြသည်။ သူတို့၏ ရည်ရွယ်ချက် များထဲမှာ မလှမ်းမကမ်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးထံ ချဉ်းကပ်ဖူးမြော်မည်၊ သိမ်ကြီးစျေးတွင်သာရရှိနိုင်သော ဒူးရင်းယို၊ ငါးဖုတ်ခြောက် စသော ရှားပါးစျေးဖြင့် စားသောက်ကုန်တွေကို တစ်နိုင်တစ်ပိုင် ဝယ်မည် ခြမ်းမည် စသော ရည်ရွယ်ချက်များအပြင် အခြားရည်ရွယ်ချက် တစ်ခုလည်း ပါသေးသည်။ သူတို့၏ ကျေးလက်တောရွာမှာ စိတ်ရှိသလောက် ကျယ်ကျယ်လွင့်လွင့် မဖွင့်ဟရဲသည့် ရှေးဖြစ်နောက်ကြောင်းများကို ရန်ကုန်မှာ တောလေတောဓလေ့အတိုင်း သံကုန်ဟစ်၍ ဖွင့်ချကြဖို့ဖြစ်သည်။ တကယ်ဆို သေနတ်သံများ ဖျိုးဖျိုးဖျောက်ဖျောက် ပေါ်ထွက်နေဆဲ သူတို့၏ကျေးရွာမှာ ရန်ကုန်ရွှေမြို့တော် နှင့် မိုင် ၅၀ သာသာမျှသာ ဝေးပါသည်။ သို့သော် ထိုခေတ်က သီတာခုနစ်တန်ခြားနေခြင်းကို မီးသင်္ဘောစီး တစ်ညအိပ်ခရီးသွားရပါမှ ရန်ကုန်မြေသို့ ဦးခိုက်ဝပ်စင်းခွင့်ရသည်။

ကျွန်တော့်မိဘများကမူ သေမင်းမီးတောက်ကြီးထဲမှ သေပြေးရှင်ပြေး တိုးထွက်ရင်း ရန်ကုန်မှာ ကပ်တွယ်ခွင့်ရခဲ့ကြသည်မှာ ကျွန်တော့်အသက်နှင့်အမျှ။ သို့တိုင် မိဘများ၏ အာရုံမှာ လူသေကောင်နံ့၊ မီးခိုးနံ့၊ ယမ်းနံ့များစွဲထင်ကာ ဇာတိရွာဘက် ခြေဦးမလှည့်ချင်။ အထူးသဖြင့် ဖခင်က အချစ်ဆုံးသူအချို့ သွေးမြေကျခဲ့ရာကို ခြေမချချင်။

ထိုစဉ်က ရွာဆီက အမျိုးများလာလည်ကြပြီဆိုလျှင် အဖေကော အမေပါ စစ်အတွင်းက ကွဲကွာခဲ့ရသူများနှင့် ပြန်တွေ့ကြရသဖြင့် ပြုံးပျော်ရွှင်ပျနေတတ်ကြသည်။ အဖေက ယောက်ျားသားများကို ရွှေဂုံတိုင်ရှိ ‘ခေတ်လိုက်’စားပွဲရုံသို့ခေါ်သွားပြီး တိုက်ကျွေးပြုစုနေသည်။ သူတို့လည်း ရှေးဟောင်းနှောင်းဖြစ်များ ပြန်လည်ဆန်းသစ်ရင်း သူတို့အခေါ် ‘ဝဒမ်’ Rum မြစ်ကြောမှာ မျောနေကြသည်။ အမေနှင့် မိန်းမသူများကား ညစာစားအပြီး ဆေးပေါ့လိပ်ကိုယ်စီ မီးခိုးတချောင်းချောင်းဖြင့် ရုဒ္ဒရသပုံပြင်ဟောင်းကို ရယ်တစ်လှည့် မဲ့တစ်ခါ နတ်သံနှောကြသည်။ “အောင်ဘကြီးတို့လူသိုက်ရွာကို ဝင်စီးကြတုန်းကပေါ့ဟယ်”။ “အောင်ဘကြီးက သူ့ကုတ်အကျႌ အိတ်ကပ်နှစ်ဖက်ထဲမှာ လက်ပစ်ဗုံးတစ်လုံးစီ အမြဲထည့်ထားသတဲ့”။ “သူတို့အုပ်ချုပ်တုန်းက အလွန်အာဏာပြခဲ့တဲ့ အလံနီမမယ်ရွေးကြီး ကံနိမ့်ချိန်ကျတော့ ၀ိုင်းရိုက်ကြတာ။ စပါးပုံကြီးထဲမှာ ဖင်ဘူးတောင်းထောင်လျက် သေရှာရော” စသော စကားများကို အိပ်ချင်ယောင်ဆောင်ပြီး နားထောင်နေခဲ့သော ကျွန်တော်က မှတ်ဉာဏ်ကျောက်နံရံမှာ ထွင်းထုမှတ်သားနေသည်။ ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်၊ သေနတ်လှံစွပ်ဖြင့်ထိုး၊ ကြိုးတုပ်ပြီး ရေထဲကန်ချ...။ (ထိုခေတ်က ကျည်ဆန်ရှားသဖြင့် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြပုံကို ကျွန်တော် မှတ်သားသည်။) အလံနီတပ်ဖွဲ့က “ငကောင်းတို့တစ်မျိုးလုံးကို သေမိန့်ထုတ်ခဲ့ပုံ”၊ ထိုငကောင်းသည် ကျွန်တော့်ဖခင်၏အဖေ ကျွန်တော့်အဘိုးဖြစ်ပြီး အသတ်ခံရကာနီးဆဲဆဲမှာ စွန့်စားရုန်းကန် ခဲရာခဲဆစ် ထွက်ပြေးလွတ်မြောက်ခဲ့ရပုံ။

ထိုသို့သော သမိုင်းနောက်ခံဖြစ်ရပ်မှန် ဇာတ်လမ်းများ ကြားရသောအခါ စာပေနိုဘယ်ဆုရ ရုရှားစာရေးဆရာကြီး ‘မီခေးရှိုလိုကော့’ ၏ ရုရှားပြည်တွင်းစစ် နောက်ခံဝတ္ထုများမှ ရုရှားလူမျိုးအချင်းချင်း အညှာတာကင်းမဲ့စွာ သတ်ကြဖြတ်ကြ လူစိတ်ပျောက်ကျပုံများကို ပြေးသတိရလာသည်။ အဆိုပါ စာရေးဆရာ ရှိုလိုကော့၏ ဝတ္ထုတိုတစ်ပုဒ်တွင် စစ်အတွင်း ဖခင်နှင့်သားတို့ ကွဲကွာသွားကြပုံ၊ နှစ်များစွာကြာသောအခါ တိုက်ပွဲအတွင်း ပစ်ကြခတ်ကြရင်း ဖခင်၏ကျည်ဆန်ကြောင့် သားဖြစ်သူသေဆုံးသွားရပုံ။ ဖခင်က ရန်သူအလောင်းကို သွားကြည့်သောအခါ အလောင်းမှ မွေးရာပါအမှတ်ကို တွေ့ရပြီး သူ၏ချစ်လှစွာသော သားဖြစ်နေပုံတို့ကို  စာဖတ်သူ တနင့်နင့်ခံစားရအောင် ရေးဖွဲ့သည်။ စင်စစ်မူ ထိုအဖြစ်မျိုးသည် နိုင်ငံတကာပြည်တွင်းစစ်ပွဲများမှာ ဖန်တစ်ရာတေနေသော လူ၏ အမုန်းတရားသရုပ်ဖော်ချက် တစ်ကွက်မျှသာဖြစ်သည်။

ကျွန်တော်၏ ဦးလေးအရင်းတစ်ယောက်သည် ပြည်တွင်းစစ်ဖြစ်ကာစမှာ တပ်မတော်ထဲသို့ ဝင်ရောက်စစ်မှုထမ်းသည်  တိုက်ရည်ခိုက်ရည် ထက်မြက်သဖြင့် အချိန်တိုတိုနှင့် တပ်ကြပ်ရာထူးသို့ တက်သွားသည်။  သူမည်ကဲ့သို့ စိတ်ဖောက်ပြန်သွားမှန်းမသိ၊ သောင်းကျန်းသူများထဲသို့ ဝင်ရောက်လျှင် ဗိုလ်ရာထူးရမည်ဆို၍ တောခိုသွားသည်။ ရာထူးရမရတော့ မသိရ။ တွံတေးဘက်မှာ တိုက်ပွဲကျသွားပြီး ဇနီးနှင့် လူမမယ် သမီးနှစ်ယောက်ကို မျက်နှာငယ်ဘဝများဖြင့် ချန်ထားရစ်ခဲ့သည်။ ထိုဖတဆိုးနှစ်ယောက်သည် ကျွန်တော်၏ အစ်မတစ်ဝမ်းကွဲများဖြစ်ကြပြီး ပထွေးလက်မှာ ကြီးပြင်းခွင့်ရသဖြင့် ကံကောင်းသည်ဟု ဆိုရမလို။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်နှင့် ဟုန်းခနဲထတောက်ခဲ့သော ပြည်တွင်းစစ်ကြီးက မီးတောက်မီးလျှံများထဲတွင် အချို့သောမြစ်ဝကျွန်းပေါ်ဒေသမှ ကျေးလက်တောရွာများမှာ မီးတောက်ပုံက ပြည်တွင်းစစ်နှင့်မတူ။ ၀ါဒရေးရာ Ideology တွန်းတိုက်မိခြင်းမျိုးမဟုတ်။ အရိုင်းလောကမှ လက်စားချေ သတ်ဖြတ်ပုံမျိုးဖြစ်နေသည်ဟု ကျွန်တော်တွေးမိသည်။ အဖေ့ဦးလေးအရင်းတစ်ယောက်သည် ကျေးရွာ၏ ဓားထက်သော သွေးအေးသည့် လူကြမ်းသူကြီးဖြစ်သည်။ သူအလိုမကျသော လူပါးဝသည်ဟု သူထင်သော လက်နက်ကိုင်အဖွဲ့ကို သူ၏ခါးပိုက်ဆောင်တပည့်တပန်းများနှင့် ခုခံတိုက်ခိုက်သည်။ သူနိမ့်ပါးစဉ်ကာလမှာ သူ့ကို ရန်သူကဖမ်းပြီး ခြံဝင်းထဲမှာပင် နွားလှည်းဘီးအလွတ်တစ်ဘီးမှာ ကြိုးတုပ်ထားလိုက်သည်။ သေနတ်ဖြင့် ပစ်မသတ်၊ လက်မရွံ့တို့က လှံစွပ်များဖြင့် ဖြည်းဖြည်းချင်းဆွသည်။ အရက်ဝိုင်းဖွဲ့ရင်း သူကြီးဟောင်း ဝေဒနာခံစားရပုံကို စောင့်ကြည့်နေခဲ့ကြသည်။ သူကြီးဟောင်းကလည်း မျက်နှာတစ်ချက်မပျက် အသနားခံ စကားတစ်ခွန်းမျှမပြော။ ထိုဖြစ်ရပ်ကို ချောင်းမြောင်းကြည့်ခဲ့သော အဖေက နောက်နှစ်ပေါင်းများစွာ အကြာမှာ ကျွန်တော့်ကို ပြန်ပြောပြခဲ့သည်။

“နင့်ဘထွေးလေးဟာ အလွန်သတ္တိကောင်းတဲ့လူ လုပ်ရဲရင် ခံရဲရမယ်ဆိုတဲ့ သတ္တိမျိုးရှိတာ သေသာသွားရော အသံတစ်ချက်မှ မထွက်ဘူး။ မျက်နှာတစ်စက်ကလေး မပျက်ဘူး”

စင်စစ် သတ်သူတို့ရော သေသူပါ ပုံမှန်ခံစားချက်မရှိကြတော့ဘဲ ရူးသွပ်နေကြခြင်းဟုသာ ကျွန်တော် ကောက်ချက်ဆွဲပါသည်။

မိခင်မာတာ၏ ပြန်ပြောင်းပြောကြားချက် ဇာတ်လမ်းများစွာရှိသော်လည်း မလိုအပ်ဘဲ စာမျက်နှာပေါ်မတင်ချင်ပါ။ အဘယ်ကြောင့်ဆိုသော် လောဘ၊ ဒေါသ၊ မောဟ လိမ်းကျံထားသည့် ပုထုဇဉ်လူသားသည် သင်ခန်းစာယူဖို့ထက် ထိုသင်ခန်းစာကို လက်ဆင့်ကမ်းဖို့သာ စိတ်အားထက်သန်ကြသောကြောင့် ဖြစ်ပါသည်။ စစ်ဝါဒီမဟုတ်ကြသည့်တိုင် ကျူးကျော်စစ်ဆင်ရေးဖြစ်ဖြစ်၊ ခုခံတွန်းလှန်ရေးဖြစ်ဖြစ် စစ်အောင်နိုင်ရေးအတွက် စစ်ပွဲတွင် လူမသတ်၍မဖြစ်ပါ။ အနည်းဆုံး ရန်သူကျိုးကန်း အနာတရဖြစ်ပြီး မလှုပ်နိုင်အောင် ချုပ်ကိုင်ထားဖို့ လိုပါသည်။

ရောမစစ်သူကြီး ‘ဂျူလိယက်ဆီဇာ’  သည် စစ်ရေးသေနင်္ဂဗျူဟာအရာတွင် ဥသျှောင်တစ်ပါးဖြစ်ခဲ့သည်။ ခေတ်စကားဖြင့် ပြောရလျှင် တိုက်တိုင်းအောင် စစ်သူကြီး ဖြစ်သည်။ အောင်မြင်ကျော်ကြားမှုတွင် မာန်တက်သောအခါ ရောက်ရှိနေသော အခြေအနေကို ပကတိအတိုင်း မမြင်နိုင်တော့ဘဲ မောဟတိသလ္လာဖုံးကွယ်သွားပါသည်။ သို့ဖြင့် သူ၏လုပ်ဖော်ကိုင်ဖက်များကိုယ်တိုင် ဒီမိုကရေစီကို ကာကွယ်ရန်အလို့ငှာ ဂျူလိယက်ဆီဇာကို လုပ်ကြံနိဂုံးချုပ်စေခဲ့ကြရတော့သည်။

ဂျူလိယက်ဆီဇာကဲ့သို့ပင် စစ်ဘုရင်တစ်ဦးဖြစ်သော စစ်ဘုရင်နပိုလီယံဘိုနာပတ်သည် ဂျူလိယက်ဆီဇာနောက် နှစ်ပေါင်းနှစ်ထောင်နီးပါးအကြာတွင် ပြင်သစ်၌ ပေါ်ထွန်းသည်။ စစ်ရေးအောင်မြင်မှုများစွာ ရရှိပြီးနောက် သူ၏တန်ခိုးရှိန်ဝါများ ကျဆင်းသွားခဲ့ပါသည်။ လောကဓမ္မတာအတိုင်း သူအောင်မြင်ချိန်က မြှောက်စားခဲ့သော ပြင်သစ်လူထုသည် သူချည့်နဲ့လာချိန်၌ တစ်ကျွန်းပို့ပြီး အရိုးထုတ်စေခဲ့ပါသည်။

စစ်ရေးစစ်ရာ ထိုးထွင်းကြံဆမှု ထက်မြက်ခဲ့သည့်တိုင် ရရှိသောပညာကို တလွဲသုံးလိုက်သူအချို့၏ နာမည်များသည် သမိုင်းတွင် အထင်ကရကျန်ရစ်ခဲ့ကြပြီး သူတို့၏ ပြည်သူများကို ယနေ့တိုင် တစ္ဆေခြောက်လျက် ရှိနေကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဝင်ရိုးတန်းမိတ်ဖက်များအဖြစ် လက်တွဲခဲ့ကြ သည့် ဂျာမနီမှ ဟစ်တလာ၊ အီတလီမှ မူဆိုလီနီ၊ ဂျပန်မှ ဗိုလ်ချုပ်ကြီး တိုဂျိုတို့ဖြစ်ကြသည်။ သူတို့တတွေ အကြံကြီးသလောက် အကျနာခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့၏ နည်းနာကို အတုယူမှားခဲ့ကြသူအချို့လည်း မျက်နှာမရဘဲ ခြေကျောက်သာရခဲ့ကြသည်။ လစ်ဗျားခေါင်းဆောင် ကဒါဖီ၊ အီရတ်ခေါင်းဆောင် ဆက်ဒမ်တို့နှစ်ယောက်စလုံး ဇာတ်သိမ်းမလှခဲ့ကြပါ။ သူတို့သည် တစ်နေရာမှာတော့ ကြွက်များနှင့် တူပါသည်။ ကြွက်များသည် မစားလိုသောအစာကို သည်အတိုင်း ပစ်မသွားကြ။ ကျင်ငယ်စွန့်၍ ဖျက်ဆီးခဲ့လေ့ရှိကြသည်။ ကဒါဖီနှင့် ဆက်ဒမ်တို့သည် ရှုံးထွက်ထွက်သွားစဉ် မိမိတို့၏ တိုင်းပြည်များမှာ ပြည်တွင်းစစ်များ ချန်ထားရစ်ခဲ့ကြရာ မီးတောက်က အရှိန်မပြယ်နိုင်တော့။

ကျွန်တော်တို့ မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်က လွတ်လပ်ရေးပေးပြီး ဖုတ်ဖတ်ခါ၍ ခပ်ကျော့ကျော့ကလေး ထွက်သွားရင်း ပြည်တွင်းစစ်မီးမွှေးပေးခဲ့ရာ နှစ် ရဝကျော် ရှည်ကြာခဲ့ပေပြီ။ ပြည်တွင်းစစ်ဆိုသည်ကို နိုင်ငံရေးအာဏာ အကျပ်အတည်းထဲမှ ရုန်းထွက်ဖို့ ထွက်ပေါက်ဆိုသည်ကို လက်ခံ၍မရပါ။ သို့သော် ကျွန်တော် သတိထားမိသမျှ ဤနည်းနှင်နှင်ချည်း ဖြစ်ခဲ့ကြရသည်။

ကျွန်တော်တို့ လွတ်လပ်ရေးရကတည်းက ၀ါဒရေးရာ ယုံကြည်မှုများနှင့် အာဏာဖြားယောင်းရာသို့ မလိုက်ကြဘဲ သည်းခံနားလည်စိတ်ဖြင့် နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးကိုသာ ပဓာနပြုခဲ့လျှင် ဘယ်လောက်ကောင်းလိုက်မည်နည်းဟု ကျွန်တော် အချိန်ဖြုန်းသကဲ့သို့ စိတ်ကူးယဉ်မိတတ်ပါသည်။ အချို့က ဒုတိယကမ္ဘာစစ်ကြီးအပြီး ရဲရဲနီအောင် တောက်ပထွန်းလင်းလာခဲ့သည့် အိုင်ဒီယိုလိုဂျီ၏ သြဇာအရှိန်အဝါကို အချို့သော မြန်မာများ ခံနိုင်ရည်မရှိဟု မှတ်ချက်ပေးကြသည်။ အချို့က ကွဲပြားခြားနားသော တိုင်းရင်းသားများထဲမှာပင် နိုင်ငံရေးဓလေ့ မတူကြ၍ဟု ထောက်ပြသည်။ ကမ္ဘာကို စိုးမိုးတော့အံ့ဟု ဟန်ရေးဝါရေးပြခဲ့သည့် အိုင်ဒီယိုလိုဂျီထံ နို့သက်ခံစို့လိုက်ရာ ပင်လယ်ထဲ မျောလာသော ဆင်သေကောင်ပေါ် လိုက်ပါသွားမိသည့် ကျီးငှက်ပမာ ပြန်လမ်းပျောက်သွားပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကတည်းက ကျွန်တော်တို့၏ ဘဘများ၊ ဦးကြီး၊ ဦးလေးများ သင်ခန်းစာယူတတ်ခဲ့လျှင် ကျွန်တော်တို့ ပြည်တွင်းစစ်ကို ရှောင်ကောင်းရှောင်နိုင်ခဲ့မည်ဟု ကျွန်တော် စိတ်ကူးယဉ်ကြည့်ပါဦးမည်။ ဝေးဝေးကြည့်စရာမလို ကျွန်တော်တို့က နယ်ချဲ့ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရန် ရုန်းကန်နေကြသလို ကျွန်တော်တို့၏ အရှေ့ဘက် အိမ်နီးချင်းပေါက်ဖော်ကြီးတို့သည်လည်း နယ်ချဲ့သြဇာခံ မန်ချူးပဒေသရာဇ်တို့ကို တွန်းလှန်ရန် ကြိုးစားနေကြသည်။ ထိုစဉ်က စစ်ရေးအင်အားကြီးသည့် ဖက်ဆစ်ဂျပန်တို့သည် တရုတ်ပြည်အရှေ့မြောက်ပိုင်းတစ်ခွင်ကို ထောင်းလမောင်းကျေအောင် ကြိတ်ချေလျက်ရှိသည်။

ထိုကာလတွင် တရုတ်ပြည်သစ်၏ ခေါင်းကိုင်ဖခင်ဟု ဆိုခဲ့ကြသော ဒေါက်တာဆွန်ယက်ဆင်၏ သားတပည့် မျိုးကြီးရိုးကြီးမှ ဆင်းသက်သော အမျိုးသားရေးဝါဒီ “ချန်ကေရှိတ်” ပေါ်လာသည်။ တစ်ချိန်တည်းတွင် ဘဝမှန်သော လမ်းစဉ်အရွေးမှန်သော တရုတ်ပြည်သူအများစု ထောက်ခံသည့် ကွန်မြူနစ် “မော်စီတုံး” ပေါ်လာပြန်သည်။ တရုတ်တို့သည် မန်ချူးနန်းဆက်ကို အဆုံးသတ်စေခဲ့နိုင်ကြသော်လည်း လက်ယာဝါဒီစစ်စစ် ချန်ကေရှိတ်နှင့် လက်ဝဲဝါဒီစစ်စစ် မော်စီတုံးတို့ ထိပ်တိုက်တိုးကြခြင်းကို ရှောင်ဖယ်ဖြေရှင်း၍မရတော့။ ထိုအခါ ပြည်တွင်းစစ်သည်သာ ထွက်ပေါက်ဖြစ်လာသည်။ တရုတ်အချင်းချင်း လည်ပင်းလှီးကြရတော့သည်။ စစ်နှင့် ရာသီဥတုဆိုးရွားမှုကြောင့် ကောက်ပဲသီးနှံရှားပါးကာ အငတ်ဘေးဆိုက်သည့်ကပ်ပင် ဝင်လာသေးသည်။ စစ်ရေးနည်းဖြင့် ဖြေရှင်းမှုက သည်တစ်ခါ တရုတ်ပြည်ကြီးကို သမိုငး်သစ်ဆီသို့ ခေါ်ဆောင်သွားသည်။ ချန်ကေရှိတ်သည် ထိုင်ဝမ်သို့ ထွက်ပြေးနန်းစိုက်သည်။ ယနေ့အထိ ကမ္ဘာကအသိအမှတ်ပြုသည့် တရုတ်ပြည်သည် ထိုင်ဝမ်ကျွန်းကို သူ့လက်အောက်သို့ ဆွဲသွင်း၍မရသေး။ ထိုင်ဝမ်က အင်အားနည်းသော်လည်း “ပုဆိုးခြုံထဲက လက်သီးပြ”နေသည်။ ကြည့်လိုက်တော့ သူလည်း တရုတ်၊ ငါလည်း တရုတ်။

ကျွန်တော်ငယ်စဉ်က အမေနှင့် သူ၏သားချင်းတောသူမများ သူတို့ရွာက ပဋိပက္ခတွေသည် ထိုအခါတုန်းကတော့ ကလေးအတွေးထဲမှာ ပုံပြင်ဆန်ခဲ့သည်။ ယခု နှစ် ရဝခန့်အကြာမှာ ရွာကိုသွားကြည့်လျှင် မျိုးဆက်သစ်တွေက အလံနီလည်း မသိကြတော့ ရုပ်ရှင်များထဲက အကြမ်းဖက် အဖျက်သမား ဇာတ်ကောင်စရိုက်နှင့် အောင်ဘကြီးဆိုသည်ကိုလည်း ကြားရုံမျှပင် မကြားဖူးကြချေ။ သူတို့ အသိအာရုံမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် ငြိမ်းချမ်းသာယာလျက်သာရှိနေသည်။ “အေးလေ.. ဟုတ်ပေသားပဲ။ အတိတ်တုန်းကတော့ သေနတ်သံက ရွာထဲမှာ၊ ရွာနီးချုပ်စပ်မှာပဲ မြည်ဟည်းတတ်ပေရဲ့”။ ယခုတော့ ရွာမှ မိုင်ပေါင်း ၈၀၀၊ ၉၀၀ ဝေးလံသော တောကြိုတောင်ကြားမှာသာ သေနတ်သံမြည်နေခြင်းကိုး။ ရွာက မျိုးဆက်သစ်များအတွက် “စစ်ပြေးဒုက္ခသည်”ဟူသော ဝေါဟာရမှာ အသစ်အဆန်းစကားလုံးတစ်လုံး ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။


READ NEXT
Cancel OK