Top News

အတိတ်မှာ ပြန်မနားချင်တဲ့လိပ်ပြာ
24htopnews | October 30, 2024 4:12 PM CST

ကာလအားဖြင့်ကြာခဲ့ပြီဟု ဆိုသော်လည်း အကြောင်းတိုက်ဆိုင်လာသည့်အခါတိုင်း အတိတ်သည် စိတ်တွင် အရိပ်ထင် ပီပြင်လာတတ်စမြဲ။ အထူးသဖြင့် အဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသား ကလေးငယ်များကို တွေ့မြင်ကြုံဆုံလာရသည့်အခါတိုင်း အဖြစ်အပျက်များသည်  ပြတင်းပေါက်မှ ဝင်ရောက်လာသည့် နေရောင်ခြည်များလို ကျွန်တော့်၏ စိတ်နှလုံးသားများထဲသို့ တိုးဝှေ့ဝင်ရောက်လာတတ်စမြဲ။

သေသေချာချာတွေးကြည့်တော့ ထိုကာလတုန်းက ကျွန်တော်၏ အသက်သည် ၁၀ နှစ်ကိုမှ ရက်အနည်းငယ်စွန်းစ။ အတန်းအားဖြင့် စတုတ္တတန်း၌ ပညာသင်ကြားနေရချိန်။ ဆိပ်ဟောင်းအမကဟု အမည်သညာရှိသည့် ကျောင်းကလေးသည် ကျွန်တော် ပညာရည်ချိုနို့သောက်စို့ရာ ကျောင်းကလေး။ သည်ကျောင်းကလေးသို့ သွားရောက်ရန် ကျွန်တော့်အတွက် စက်ဘီးမလို ကားမလို လူကြီးတစ်ယောက်က ကြိုပိုရန်မလို။ မလိုဆို၊ ကျွန်တော်တို့အိမ်နှင့် ကျောင်းကလေးတို့၏ ကွာဝေးသည့် အကွာအဝေးက မကွာဝေးသည့် အကွာအဝေးတွင် ရှိနေခဲ့သည်ကိုး။

ကျွန်တော် မှတ်မိသရွေ့ ထိုစဉ်က ကျွန်တော်တို့ကျောင်း၏ ကျောင်းခေါ်ချိန်က နံနက် ၉ နာရီ။ နေ့လယ် မုန့်စားဆင်းချိန်နှင့် ညနေကျောင်းဆင်းချိန်က  မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်နှင့် ညနေ ၃ နာရီ။ မည်သို့ပင် သတ်မှတ် သတ်မှတ်၊ နေ့ရက်တိုင်းအတွက် ကျွန်တော့်ဘက်မှ ကျောင်းကလေးသို့ ဆောလျင်စွာ ရောက်တတ်စမြဲ။ ရောက်ဆို ကျောင်းကလေးသည် ကျွန်တော်တို့၏ ပညာဆည်းပူးရာ နေရာဖြစ်သလို ကျွန်တော်တို့၏ကစားကွင်းလည်း ဖြစ်နေခဲ့သည်ကိုး။ တကယ်လည်း ကျွန်တော်တို့သည် နံနက်ကျောင်းမခေါ်မီတစ်ကြိမ် နေ့လယ်မုန့်စားဆင်းချိန်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိတိ ကျောင်းကိုအကြောင်းပြု၍ ဗြောင်းဆန်အောင် ဆော့ကစားခွင့်ရရှိခဲ့ကြပါသည်။

မှတ်မိသရွေ့၊ ထိုစဉ်က ကျွန်တော်တို့ ယောကျ်ားကလေးအများစု ဆော့ကစားလေ့ရှိကြသည့် ကစားနည်းများမှာ လက်သီးထိုးတမ်း၊ စိန်ပြေးလိုက်တမ်းနှင့် ကျောပိုးစီးတမ်း ကစားနည်းများဖြစ်ကြပါသည်။ စိန်ပြေးလိုက်တမ်း ကစားနည်းမှာ ပြေးသူအများလိုက်သူတစ်ယောက်ဖြစ်ပြီး လက်သီးထိုးတမ်း ကစားနည်းကတော့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ကစားရသော ကစားနည်း ဖြစ်သည်။ ထိုနေ့ကလည်း မုန့်စားလွှတ်ချိန်၌ ကျွန်တော်တို့သည် စိန်ပြေးလိုက်တမ်း ကစားနည်းအား ကစားနေခဲ့ကြပါသည်။

အတိုချုပ်ရလျှင် ပြေးရင်းလွှားရင်းကစားရင်း မြောက်မြားလှစွာသော ခြေထောက်များ၏ကြားမှ ငါးမူးစေ့တစ်စေ့ကို ကျပ်တန်တစ်ရွက်ဖြင့် ပက်ခေါက်ထုပ်ပိုးထားသည့် ပိုက်ဆံတစ်ကျပ်ခွဲတိတိကို ကျွန်တော်သည် အမှတ်မထင်ဘဲ ကောက်ယူရရှိခဲ့ပါသည်။ ကလေးတစ်ယောက်အတွက် မနည်းလှသည့် ပိုက်ဆံဖြစ်၍ ကျွန်တော်သည် များစွာပင် ပျော်ရွှင်သွားပါသည်။ (ထိုအချိန်က ပိုက်ဆံတစ်ကျပ်ခွဲမှာ မုန့်ပဲသရေစာ မြောက်မြားစွာကို ဝယ်ယူစားသောက်၍ ရနိုင်ပါသည်။ )

သို့ပေသိ ကျွန်တော့်၏ ပျော်ရွှင်မှုများက ကြာရှည်မခံ ကောက်ရသည့် ပိုက်ဆံကို ပျော်ရွှင်စွာဆုပ်ကိုင်ထားစဉ် သူငယ်ချင်းတစ်ယောက်မှ ၎င်းပိုက်ဆံများသည် ပြေးလွှားဆော့ကစားစဉ် သူကျပျောက်သွားသည့် ပိုက်ဆံများဖြစ်၍ ပြန်ပေးရန်တောင်းလာခဲ့ပါသည်။ အမှန်အတိုင်း ဝန်ခံရလျှင် ကလေးတစ်ယောက်အတွက် မက်လောက်စရာ ငွေပမာဏဖြစ်၍ သူငယ်ချင်း၏ ပိုက်ဆံကို ပြန်ပေးဖို့ရာအတွက် ရုတ်တရက် ဝန်လေးနေမိခဲ့ပါသည်။ ဝန်လေးနေမိခဲ့ရုံသာမက ကျွန်တော်သည် ၎င်းပိုက်ဆံကို သူငယ်ချင်းကို ပြန်မပေးရန် ဆုံးဖြတ်လိုက်ပါသည်။

၎င်းပိုက်ဆံသည် သူငယ်ချင်း၏ပိုက်ဆံမဟုတ်ဘဲ ကျွန်တော့်၏အဖေက ကျွန်တော့်အတွက် ပေးလိုက်သည့် မုန့်ဖိုးဖြစ်၍ သူငယ်ချင်း၏  ပိုက်ဆံမဟုတ်ကြောင်း သူငယ်ချင်းကို မပေးနိုင်ကြောင်း ဗြောင်ပင် ငြင်းဆိုလိုက်မိပါသည်။ စာရင်းချုပ်သော် ကျွန်တော်တို့၏ပြဿနာက အတန်းပိုင်ဆရာမဆီသို့ ရောက်ရှိသွားခဲ့ပါသည်။ ဆရာမက တစ်ဦးချင်းကို သေချာစစ်မေးပါသည်။

ကျွန်တော်ကလည်း ပေါက်သည့်နဖူးမထူးဆိုသည့်စကားလို အိမ်ကပေးလိုက်သည့် ပိုက်ဆံသာဖြစ်ကြောင်း တွင်တွင်ပင် ငြင်းဆိုပါသည်။ သူငယ်ချင်းကလည်း သူ့ပိုက်ဆံသာဖြစ်ကြောင်း ကျပျောက်သွားစဉ် ကျွန်တော်မှ ကောက်ရသွားခြင်းသာဖြစ်ကြောင်း တွင်တွင်ပြောပါသည်။ နောက်ဆုံး နောက်တစ်နေ့တွင် ကျွန်တော်၏အဖေကို ကျောင်းသို့ခေါ်ခဲ့ရန်ဟု မှာကြားပြီး ပိုက်ဆံများကို ဆရာမကသိမ်းဆည်းထားလိုက် ပါသည်။

ကျွန်တော်လည်း အိမ်သို့ရောက်လျှင်ရောက်ချင်း အဖြစ်အပျက်အကြောင်းအရာတို့ကို ဇာတ်စုံခင်း၍ အဖေအား ဆရာမက အခေါ်ခိုင်းကြောင်း ပြောရပါတော့သည်။ ကျွန်တော်၏ ပြောစကားကို သေချာစွာနားထောင်ပေးပြီးသည့်နောက် အဖေသည် ပိုက်ဆံများကို အမှန်တကယ်ပင် ကောက်ရသည်လား ခိုးယူခဲ့ခြင်းဖြစ်သည်လားဟု  ထပ်ခါထပ်ခါ မေးပါတော့သည်။ (ကျွန်တော် ပြောပြသည့် အဖြစ်အပျက်အကြောင်းအရာကို နားထောင်ပြီးသည့်နောက် ဖြစ်ပျက်ပေါ်ပေါက်လာသည့် အဖေ့၏ မျက်နှာသွင်ပြင် ခံစားချက်တို့ကိုကား ထည့်သွင်းမပြောလိုတော့ပါ။)ကျွန်တော်ကလည်း ကောက်ရခဲ့ သည်သာဖြစ်ကြောင်းထပ်ခါထပ်ခါ ဖြေပါသည်။

ကျွန်တော့်၏ အဖြေစကား တစ်ခါဆုံးတိုင်း “ကောက်ရသည်ဆိုလျှင် ဘာကြောင့်  ပိုင်ရှင်ကိုပြန်မပေး ဆရာဆရာမတို့ထံ သွားရောက်မအပ်နှံဘဲ  မိမိကိုအိမ်ကပေးလိုက်သည့်ပိုက်ဆံဟု လိမ်ညာ၍ ပြောဆိုရသနည်း”ဟု အဖေက တစ်ခါပြန်၍မေးပါသည်။ အမှန်အတိုင်း ဝန်ခံရလျှင် ထိုမေးခွန်းအတွက် ကျွန်တော်တွင် အဖြေမရှိခဲ့ပါ။ ထိုမေးခွန်းအတွက် အဖြေအစား ကျွန်တော့်၏မျက်ဝန်းမှ မျက်ရည်များကသာ တသွင်သွင်ကျခဲ့ရပါသည်။ တကယ်လည်း ရုတ်တရက် ကောက်ရထားသည့်ပိုက်ဆံကို ပြန်မပေးလိုသည့် စိတ်တစ်ခုမှလွဲလျှင် အခြားတစ်စုံတစ်ရာသော အကြောင်းတို့ကို မစဉ်းစားမိခဲ့ပါ။ လက်ဝယ်ရောက်ရှိနေသည့် ပိုက်ဆံကိုလက်လွှတ်လိုက်ရမှာစိုးသည့် စိတ်တစ်ခုမှလွှဲလျှင် မည်သည့်စိတ်ခံစားချက်တစ်ခုမှမရှိခဲ့ပါ။ နောက်ဆုံးအဖေကသာ လက်လျှော့လိုက်ရပါသည်။

နောက်တစ်ကြိမ် ထိုသို့မလိမ်ညာဖို့ ဆိုဆုံးမပြီး ပြဿနာအတွက် လိုက်လံဖြေရှင်းပေးမည်ဖြစ်ကြောင်း  ကတိပေးခဲ့ရပါသည်။ ကတိပေးခဲ့သည့်အတိုင်းလည်းအဖေသည် ကျွန်တော့်၏ ပြဿနာအတွက် ကျောင်းသို့ လိုက်ပါကာဖြေရှင်းပေးခဲ့ပါသည်။ အဖေ၏ ဖြေရှင်းပေးပုံနည်းလမ်းမှာ ကျွန်တော်တို့အဖြစ်အပျက်အတွက် မြွေလည်းမသေ တုတ်လည်းမကျိုးခဲ့သည့် နည်းလမ်းဖြစ်ပါသည်။

“ဦးသိန်းအောင်ရဲ့သားကို တကယ်ပဲ ပိုက်ဆံတစ်ကျပ်ခွဲကို ပေးခဲ့သလား”ဆိုသည့် ဆရာမ၏ မေးခွန်းကို အဖေသည် “တကယ်ပဲ ပေးခဲ့ပါတယ်”ဟု မုသားသုံး၍ ဖြေဆိုပေးခဲ့ပါသည်။ (ကျွန်တော့်ဘဝတစ်လျှောက် အဖေနှုတ်ခမ်းများဆီမှ မုသားစကားကို ထိုတစ်ကြိမ်သာ ကြားဖူးခဲ့ပါသည်။) ထို့အတူ ပျောက်သွားသည့်သူငယ်ချင်း၏ ပိုက်ဆံတစ်ကျပ်ခွဲကိုလည်း စိုက်လျော်ပေးလိုက်ပါသည်။ အဖေ၏ ဖြေရှင်းပေးခဲ့သည့်ပုံစံကြောင့် သူငယ်ချင်းများ၏ ရှေ့မှောက်မှာ အရှက်မကွဲခဲ့ရ၊ အားလုံးကျေနပ် အဆင်ပြေ သွားခဲ့ကြသော်လည်း ကျွန်တော့်အတွက်တော့ ပြန်တွေးမိတိုင်း ရှက်ရွံ့စရာ အဖြစ်အပျက်တစ်ခုအဖြစ် ယနေ့ထက်ထိတိုင် တည်ရှိနေခဲ့ရပါသည်။ (နောင် အသက်ရှင်နေသမျှ ကာလပတ်လုံးလည်း ရှက်ရွံ့စရာ အဖြစ်အပျက်တစ်ခုအဖြစ် တည်ရှိနေလိမ့်ဦးမည်သာ ဖြစ်ပါတော့သည်။)

အဖြူအစိမ်းဝတ် ကလေးငယ်များကို မြင်တွေ့တိုင်း၊ အဖြူအစိမ်းဝတ် ဆရာဆရာမတို့ကိုမြင်တိုင်း အတိတ်တစ္ဆေသည် ကျွန်တော့်၏ စိတ်ကိုကြောက်လန့်အောင် ခြောက်လှန့်နေပါတော့သည်။ အထူးသဖြင့် ထိုစဉ်ကပြဿနာဖြစ်ခဲ့သူ သူငယ်ချင်းနှင့် ဆုံတွေ့သည့်အခါတိုင်း ကျွန်တော့်၏ စိတ်လိပ်ပြာသည် ထိပ်ထိပ်ပျာပျာ ဖြစ်နေခဲ့ရပါတော့သည်။ တကယ်တော့ လူတိုင်းလူတိုင်းဆီ၌ မတူညီသည့် ဘဝစာမျက်နှာများရှိခဲ့ကြပါသည်။

ထို့အတူ ထိုစာမျက်နှာဆီ၌ ကိုယ်တိုင် ရေးခြစ်ခဲ့၊ ရေးခြစ်မိသော ပုံရိပ်များလည်း ရှိကြလိမ့်မည်သာ ဖြစ်ပါသည်။ ထိုပုံရိပ်များသည် ကောင်းသည်လည်း ဖြစ်နိုင်သလို ဆိုးသည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သိလျက်နှင့် ကျူးလွန်ခဲ့သည်လည်းရှိသလို မသိ၍ကျူးလွန်မိခဲ့သည်များလည်း ရှိနိုင်ပါသည်။ ပြန်တွေးမိတိုင်း တသိမ့်သိမ့် ကြည်နူးရသည့် အခြေအနေများလည်း ရှိနိုင်သလို ပြန်အောက်မေ့မိတိုင်း ရှက်ရွံ့သိမ်ငယ်ရသည့် အခြေအနေများလည်း ရှိနိုင်ပါသည်။

မည်သို့ပင်ရှိစေ၊ ကျွန်တော်တို့ စိုက်ပျိုးသမျှကိုတော့  ကျွန်တော်တို့ကိုယ်တိုင်သာ ပြန်ရိတ်သိမ်းကြရမည်သာ ဖြစ်ပါသည်။ ကျွန်တော်တို့ ပြုလုပ်ခဲ့သမျှ အကျိုးဆက်ကိုတော့ ကျွန်တော်တို့သာ ခံစားကြရလိမ့်မည် ဖြစ်ပါသည်။ အထူးသဖြင့် မည်သို့ပင် မည်သူတို့မှ မသိနိုင်ဟု ဆိုစေကာမူ ကျွန်တော်တို့၏ လုပ်ရပ်တိုင်း အပြုအမူတိုင်းအတွက် ကျွန်တော်တို့ကိုယ်တိုင် သိနေခဲ့သည်ဆိုခြင်းကိုတော့ဖြင့့် သတိမူမိကြဖို့ လိုမည်ဖြစ်သည်။ ဟုတ်ပါသည်။ အခြားသူတစ်ယောက်ကို လိမ်ညာ၍ ရကောင်းရနိုင်လိမ့်မည်ဖြစ်သော်လည်း ကျွန်တော်တို့၏ လိပ်ပြာကိုကား ကျွန်တော်တို့ကိုယ်တိုင် ပြန်လည်လိမ်ညာ၍ကား မရသည်နိုင်သည်သာ ဖြစ်ပါတော့သည်။


READ NEXT
Cancel OK