Top News

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အဆိုအား NLD ပါတီအပါအဝင် တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၃၀ က ဆွေးနွေးခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခြင်းမရှိခဲ့
24htopnews | October 30, 2024 8:13 AM CST

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အဆိုအား NLD ပါတီအပါအဝင် တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၃၀ က ဆွေးနွေးခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခြင်းမရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၆၀၃ ဦး တက်ရောက်သည့်အနက် ယင်းအဆိုအား NLD ပါတီမှ ကိုယ်စားလှယ် ၁၃ ဦး၊ USDP ပါတီမှ ငါးဦး၊ ANP ပါတီမှ နှစ်ဦး၊မွန်အမျိုးသားပါတီ မှ တစ်ဦး၊ တအောင်းပလောင်ပါတီမှ နှစ်ဦး၊ NUD ပါတီမှ တစ်ဦး၊SNLD ပါတီမှ သုံးဦး၊ တစ်သီးပုဂ္ဂလတစ်ဦး စသည်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးက ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် နိုင်ငံ့ပြည်သူလူထု၏ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ အပြည့်အဝပါရှိသည့် အမျိုး သားတန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီး ခွင့်ရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ပေးနိုင်သည့် အခြေခံဥပဒေဖြစ်ရမည်ဖြစ်ပြီး အင်အားကြီးသူက လက်ဦးမှုယူ၍ အသားစီးယူထားသော အခြေခံဥပဒေမျိုး မဖြစ်ရန်လိုကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောကြားသည်။

“ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ နိုင်ငံနေ ပြည်သူလူထုရဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ အပြည့်အဝပါရှိတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်ပေးနိုင်တဲ့ အခြေခံဥပဒေဖြစ်ရပါမယ်။ အင်အားကြီးသူက လက်ဦးမှုယူထားတဲ့ အသားစီးယူထားတဲ့ အသာစီးရတဲ့ အခြေခံဥပဒေမျိုး မဖြစ်ရပါဘူး။ အခြေခံဥပဒေပြင်ဆင်ရာမှာ ငြိမ်းချမ်းရေး ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့် အမျိုးသားတန်းတူခွင့် နိုင်ငံရေးအာဏာ အပြည့်အဝရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွက်လာရေးဆိုတဲ့ နိုင်ငံသားများ တိုင်းရင်းသားများရဲ့ နှစ်ပေါင်းများစွာ မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးဖို့အတွက် ဦးတည်ပြင်ဆင်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်ထုမေက ဆိုသည်။

ထို့ပြင် နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်သည့် ပြည်တွင်းစစ်သည် ယခုအခါတွင် ရခိုင်ပြည်နယ်အထိ ကူးစက်လာသည်ကို ကြည့်မည်ဆိုပါက အခြေခံဥပဒေပြင်ဆင်ရန် မည်မျှအထိ အရေးကြီးနေသည်၊ မည်သည့် အတိုင်းအတာအထိ ဆောလျင်စွာပြင်ဆင် သင့်သည်မှာ ထင်ရှားပေါ်လွင်နေကြောင်း ၎င်းက ဆက်လက်ဆွေးနွေးသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ခြင်းဟာ နှစ်ပေါင်းများစွာ စောင့်စားလာခဲ့ရတဲ့ ပြည်သူများရဲ့မျှော်လင့်ချက်ပြည့်ဝဖို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ကနဦးခြေလှမ်း ဖြစ်ပါတယ်။ အကယ်၍ ထပ်ပြီးစောင့်ဆိုင်းရဦးမယ်ဆိုရင် ပြည်သူပေါ်မှာ တာဝန်မကျေပွန်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူများရဲ့ ဆန္ဒကို မျက်ကွယ်ပြုရာ ဖြစ်ပါမယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဟန့်တားခြင်းဟာလည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ အထောက်အကူမပြုနိုင်တာကို ကျွန်မတို့ သတိကြီးစွာ ပြုသင့်ပါတယ်။ ပြည်သူလူထုရဲ့ အနာဂတ်ကိုဆုံးဖြတ်ကြတဲ့ ခေါင်းဆောင်များဟာ တိုင်းရင်းသားပြည်သူလူထုများအတွက် မှန်ကန်တဲ့နှလုံးသားနဲ့ ပြည်သူ့အရေးကို အဆုံးအဖြတ်ပေးရမယ့် သမိုင်းသစ်အချိန်ကို ရောက်ရှိနေပါတယ်။ ဘယ်ခေါင်းဆောင်တွေ ဘယ်လောက်အထိ သဘောထားကြီး တယ်ဆိုတာ ပြည်သူလူထုက ဆုံးဖြတ်တော့မှာပါ” ဟု ဒေါ်ထုမေက ပြောကြားသည်။

ထို့ပြင် မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်က အခြေခံဥပဒေဆိုသည်မှာ အုပ်ချုပ်သည့်အစိုးရ၊ အုပ်ချုပ်ခံပြည်သူများ လေးစားလိုက်နာရသည့် ဥပဒေဖြစ်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန်ပြည်သူများမှ ဆန္ဒပြင်းပြနေပါက လွှတ်တော်ကြီးတွင် ပိုမိုတာဝန်ရှိကြောင်း၊ ယခုတင်သွင်းထားသည့် ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းရမည်ဆိုသည့် ပုဒ်မ မပါသကဲ့သို့ မဖွဲ့စည်းရဟု ပြဋ္ဌာန်းထားသည့် ပုဒ်မမပါဝင်သည်ကို သတိထားရမည်ဖြစ်ကြောင်း၊ ထို့အတွက် ပြည်သူတစ်ရပ်လုံး၏ အကျိုးကို မျှော်မှန်းပြီး ပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန်အဆိုကိုထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် မိုင်းရှုးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက “လက်ရှိ ဖွဲ့စည်းပုံကို ထောက်ခံနေသူတွေရော၊ ကန့်ကွက်နေသူတွေရော နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ပိုမိုကောင်းမွန်တဲ့ အကျိုးစီးပွားအတွက် ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ပြင်ဆင်ဖို့လိုအပ်တယ်ဆိုတာ နားလည်လက်ခံထားကြမယ်လို့ ယုံကြည်ပါတယ်။ လက်ရှိဖွဲ့စည်းပုံကို သဟဇာတဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်မှသာ မြန်မာနိုင်ငံအနေနဲ့ အချိန်ကြာမြင့်စွာပျောက်ဆုံးနေတဲ့  ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး လူသားဖွံ့ဖြိုးတိုးတက်ရေးကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကတာဝန်ရှိသူအဖြစ် ရပ်တည်ရေးဆိုတဲ့နေရာမှာလည်း နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းလာစေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုသာ ကာကွယ်စောင့်ရှောက်ဖို့ အရေးကြီးပါတယ်” ဟု ဆွေးနွေးသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တင်းကျပ်ပြီး ပြုပြင်ရခက်ခဲသည့်အတွက် ပြင်ဆင်မည်ဆိုပါက အဓိကအချက်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအပေါ် ယုံကြည်မှု တည်ဆောက်ရန်ဖြစ်ကြောင်း မြောက်ဦးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ဆွေးနွေးသည်။

“ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံပြင်မယ်ဆိုတာကို ခြွင်းချက်မရှိ လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ဒီဖွဲ့စည်းပုံဟာ ကျွန်တော်တို့ မျှော်မှန်းတဲ့ ကျွန်တော်တို့ယုံကြည်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအတွက် ဖက်ဒရယ်ဝိဉာဉ်အင်မတန် ခန်းခြောက်နေလို့ပါ။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံဟာ အင်မတန်တင်းကျပ်ပြီး ပြုပြင်ရခက်ခဲတယ် ဆိုတာကိုလည်း နိုင်ငံရေးလေ့လာသူတွေရော၊ လွှတ်တော်အမတ်ကြီးတွေရော အကုန်လုံး သိကြပါတယ်။ အဲဒီတော့ ဒီလောက်တင်းကြပ်တဲ့ ဖွဲ့စည်းပုံတစ်ခုကို ပြင်ဆင်ဖို့ဆိုတာဟာ အဓိကလိုအပ်ချက်ဟာ ကျွန်တော်တို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ်မှာ ယုံကြည်မှုတည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရခိုင်တွေနဲ့ဗမာတွေကြားမှာ၊ ဗမာတွေနဲ့ရှမ်းတွေ ကြားမှာ၊ အထူးသဖြင့် တပ်မတော်နဲ့အရပ်ဘက်တွေကြားမှာ အင်အားကြီးပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ NLD ပါတီကြားထဲမှာ အပြန်အလှန်သင့်မြတ်ရေး ယုံကြည်ချက်မတည်ဆောက်နိုင်ဘူးဆိုရင် ဒီဖွဲ့စည်းပုံကို ပြင်လို့ရပါ့မလား ဆိုတာကို စဉ်းစားမိပါတယ်” ဟု ဦးဦးလှစောက ဆိုသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုးက ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယခုအချိန်တွင် လေ့လာရေး၊ အကောင်အထည်ဖော်ရေးဆိုသည်များနှင့် ဝေ့လည်လည်လုပ်နေရမည့် အချိန်မဟုတ်ဘဲ ပြင်ဆင်ရေးဆိုသည်ကို ချပြရတော့မည်ဖြစ်ကြောင်း၊ ကော်မတီ၏ အချိန်စာရင်းနှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုလွှတ်တော်မှ သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ယခု ဖွဲ့စည်းမည့်ကော်မတီတွင် တပ်မတော်သားများအပါအဝင် ပါတီအလိုက် ကိုယ်စားလှယ်များ အချိုးကျကျပါဝင် ခွင့်ရရှိရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ ဆန္ဒများကို အကောင်အထည်ဖော်ရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မတူသည်များကိုထားကာ တူသည်များအား ဆောင်ရွက်ရန် ပြည်သူ့ဆန္ဒနှင့်အညီ လက်တွဲပူးပေါင်းဆောင်ရွက်ရမည့် သမိုင်းဝင်၊ သမိုင်းတွင်မည့် အချိန်ရောက်ပြီဟု ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အဆိုနှင့်ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က “ဒီကော်မတီက ဘယ်လိုလုပ်မလဲ မသိသေးဘူး၊၊ ကော်မတီ ဖွဲ့စည်းရေးအဆိုပဲ၊၊ အဆို အတည်ပြုတယ်ဆိုရင် ကော်မတီဆက်ဖွဲ့မှာပေါ့၊၊ ဆက်ဖွဲ့ရင် ဘာတွေပါတယ်၊ ဘယ်လိုလုပ်မလဲပါမှာပေါ့၊၊ ဘယ်လိုရည်ရွယ်ချက်နဲ့လုပ်နေလဲ ကျွန်တော်တို့တော့ မသိသေးဘူး၊၊ အကုန်ပါဝင်မယ့် ကော်မတီဖွဲ့မယ် ပြောထားတာပဲ၊၊ ဒါပေမဲ့ ဒီအဆိုဆုံးဖြတ်ပြီးမှသာလျှင် ဘယ်လိုကော်မတီဖွဲ့မလဲသိရမှာ။ သိမှာဖြစ်တဲ့အတွက် လောလောဆယ် ဘာလုပ်ပါ၊ ဘယ်လိုလုပ်ပါလို့ ပြောဖို့တော့ မရှိသေးဘူး၊၊ နည်းနည်းစောပါသေးတယ်၊၊ ကော်မတီရဲ့ လုပ်ငန်းတာဝန်က ဘာတွေလုပ်မှာတုံး၊ လုပ်ပိုင်ခွင့်က ဘာတွေတုံး သူရဲ့ ရည်ရွယ်ချက်က ဘယ်လောက်ထိရှိလဲ၊၊ ဒါတွေ အပေါ်မှာမူတည်ပြီး စဉ်းစားဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားသည်။

ယင်းအဆိုနှင့်ပတ်သက်၍ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်)တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုကိုအတည်ပြုနိုင်ရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူမည်ဖြစ်ကြောင်း သိရသည်။                                                                                      

 

 


READ NEXT
Cancel OK