Top News

၂၁၀၀ ပြည့်နှစ် အရောက်တွင် ဟိမဝန္တာရေခဲလွှာများ အနည်းဆုံး ၃၃ ရာခိုင်နှုန်း အရည်ပျော်နိုင်ကြောင်း ICIMOD  က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်နှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် အန္တရာယ်အများဆုံးဖြစ်နိုင်ဟု မိုးဇလညွှန်ကြားရေးမှူးချုပ် ပြောကြား
24htopnews | October 30, 2024 8:13 AM CST

၂၁၀၀ ပြည့်နှစ် အရောက်တွင် ဟိမဝန္တာရခဲလွှာများ အနည်းဆုံး ၃၃ ရာခိုင်နှုန်း အရည်ပျော်နိုင်ကြောင်း ICIMOD က ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှ ဧရာဝတီမြစ်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အန္တရာယ်အများဆုံး ဖြစ်နိုင်သည် ဟု မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

ICIMOD ၏ ထုတ်ပြန်ချက်တွင် ဖန်လုံအိမ် အာနိသင်ကိုဖြစ်စေသော ဓာတ်ငွေ့များ ထုတ်လွှတ်မှုကြောင့် ယခု ရာစုနှစ်အကုန်တွင် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်နှင့် မြန်မာ တို့အကြား မိုင်ပေါင်း ၂၀၀၀ ကျော်ကို နေရာယူထားသော ဟိန္ဒူကာ့ရှ် ဟိမဝန္တာဒေသ (HKH) အတွင်းရှိ ရေခဲလွှာများသည် သုံးပုံနှစ်ပုံအထိ အရည်ပျော်ကျနိုင်သည်ဟု ဆိုသည်။

ဟိန္ဒူကာ့ရှ် ဟိမဝန္တာဒေသရှိ ရေခဲများ အရည်ပျော်ကာ မြစ်ဖျားခံ စီးဆင်းလာသည့်  ရေများသည် မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၏ မေခ၊ မလိခမြစ်များသို့ ဝင်ရောက်ကြောင်း၊ ၂၀၁၈ တိုင်းထွာချက်အရ အာတိတ်ဒေသတွင် ရှိသည့် ရေခဲများ ရာခိုင်နှုန်း ၄၀ အထိ အရည်ပျော်မှုများ ရှိသဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည့် အနေအထားများလည်း ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“ဟိန္ဒူကာ့ရှ် ဟိမဝန္တာဒေသရှိ ရေခဲတွေ အရည်ပျော်ရင် ဧရာဝတီမြစ် အထက်ပိုင်းမှာ ရေတက်လာမယ့် အနေအထားရှိတယ်။ ရေခဲတွေ အရည်ပျော်တာ များသောအားဖြင့် နွေရာသီကာလမှာ ဖြစ်တဲ့အတွက် တစ်ခါတလေ နွေရာသီကာလတွေမှာ မိုးမရွာဘဲနဲ့ ဧရာဝတီမြစ်ရေ အနည်းငယ် မြင့်တက်လာတာတွေ ကြုံနေရတယ်” ဟု ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“ဒါဟာ ခင်ဗျားတို့ ကြားတောင် မကြားဖူးတဲ့ ရာသီဥတုဆိုင်ရာ အကျပ်အတည်းပါ” ဟု တောင်တန်းဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံတကာဌာန (ICIMOD) ၏ ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သူ ဖိလစ် ပတ်ဝက်စတာက ပြောကြားထားသည်။

“ရာစုနှစ်တစ်ခု မပြည့်တပြည့်အတွင်း နိုင်ငံပေါင်း ရှစ်နိုင်ငံ တစ်လျှောက် ကျောက်ဆောင်တွေကို ဖယ်ရှားပစ်ရင်း HKH ဒေသ ရဲ့ တောင်ထိပ်တွေကို ဖုံးလွှမ်းထားတဲ့ အလွန်အေးစက်တဲ့ ရေခဲလွှာတွေကို ခြေရာခံကြည့်ရင် ကမ္ဘာကြီးပူနွေးမှုကို သိနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ပျက်စီးအလွယ်ဆုံးနဲ့ အန္တရာယ်အရှိဆုံး တောင်တန်းဒေသတွေထဲက တစ်ခုဖြစ်တဲ့ အဲဒီဒေသအတွင်းက လူတွေအပေါ် ရိုက်ခတ်ချက်တွေက လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာခြင်းကနေ ရာသီဥတု အလွန်အကျွံ ဖြစ်ရပ်တွေအထိ အတိုင်းအတာအတွင်း ရှိနေပါတယ်” ဟုလည်း  ဖိလစ်ပတ်ဝက်စတာ ကပြောကြားသည်။

ICIMOD ၏ အစီရင်ခံစာအရ ကမ္ဘာကြီး ပူနွေးလာမှုကို ကန့်သတ်သည့် အမြင့်ဆုံး ပန်းတိုင်ဖြစ်သော စက်မှုခေတ် မတိုင်မီဖြစ်သော အပူချိန်အထက် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်ကို ထိန်းချုပ်နိုင်သည့်တိုင် ၂၁၀၀ ပြည့်နှစ်သို့ အရောက်တွင် အဆိုပါ ရေခဲလွှာများ၏ ၃၆ ရာခိုင်နှုန်းမှာ အရည်ပျော်ကျလိမ့်မည်ဟု ဆိုသည်။

အဆိုပါ ရေခဲလွှာများသည် ယင်းတောင်တန်းဒေသများတွင် နေထိုင်သည့်  လူပေါင်း သန်း ၂၅၀ ခန့်နှင့် မြစ်ဝှမ်းဒေသများတွင် နေထိုင်သော လူပေါင်း ၁ ဒသမ ၆၅ ဘီလျံ တို့အတွက် ယခုလက်ရှိ၌ အရေးကြီးသော ရေအရင်းအမြစ် ဖြစ်နေသည်။ ရေခဲလွှာများ အရည်ပျော်ကျမှုကြောင့် အိန္ဒိယနိုင်ငံရှိ ဂင်္ဂါမြစ်နှင့် အိန္ဒုမြစ်တို့ကဲ့သို့သော ဒေသတွင်းရှိ မြစ်များတစ်လျှောက် ရေကြီးရေလျှံမှုများကို  ဖြစ်ပေါ်စေကာ အကျိုးရလဒ်အားဖြင့် ဒေသတွင်းရှိ ကောက်ပဲသီးနှံများကို ပျက်စီးစေနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာ မြစ်ဝကျွန်းပေါ်ဒေသတွေက အတွင်းပိုင်းရောက်ပေမယ့် ပင်လယ်ရေမျက်နှာပြင်အောက်ကို ရောက်နေတယ်။ ထိုင်းတို့ ဘာတို့မှာလည်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာကို ကာကွယ်တဲ့အနေနဲ့  ကမ်းရိုးတန်းတစ်လျှောက်လုံးကို တာပုံစံမျိုးနဲ့ ကာကွယ်ထားတယ်။ မြန်မာနိုင်ငံမှာ ထိုင်းထက် ကမ်းရိုးတန်းက ပိုကျယ်တော့ ဒါမျိုးတွေ ကာကွယ်နိုင်တာ မရှိဘူး။ လူတွေရဲ့အပြုအမူကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ၊ မီသိန်းဓာတ်ငွေ့တွေ၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေ များလာလေ၊ ကမ္ဘာကြီးပိုမို ပူနွေးလာလေ။ ပိုပူ နွေးလာရင် အာတိတ်ဒေသတွေမှာရှိတဲ့ ရေခဲတွေ ပိုအရည်ပျော်လာမယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတယ်။ အဲဒီလိုမျိုးပဲ  ဟိန္ဒူ ကာ့ရှ်ဟိမဝန္တာဒေသတွေမှာ ဆိုရင်လည်း ရေခဲတွေ တဖြည်းဖြည်း အရည်ပျော်လာတယ်။  မြန်မာနိုင်ငံမှာဆိုရင် ခါကာဘိုရာဇီတို့မှာလည်း ရေခဲဖုံးလွှမ်းမှု နည်းလာတယ်” ဟု  ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“အခုအချိန်နဲ့ ၂၀၈၀ ပြည့်နှစ်အကြား ဒေသတွင်းအတွက် ခက်ခဲတဲ့အချိန်တွေကို အကြိုရင်ဆိုင်ရပါလိမ့်မယ်။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနဲ့၊ လူမှုရေးဆိုင်ရာ အခြေအနေရပ်တွေဟာ အောက်ကို ထိုးကျသွားနိုင်ပါသေးတယ်”ဟု ICIMOD မှ အက်ကလာဗျာ ရှားမားက ဆိုသည်။ “သဘာဝဘေးဒုက္ခတွေနဲ့ ရုတ်တရက်ပြောင်းလဲမှု တော်တော်များများဟာ နိုင်ငံနယ်စပ်တွေတစ်လျှောက် ဖြစ်ပွားမှာ ဖြစ်တာကြောင့် ဒေသတွင်း နိုင်ငံတွေအကြား ပဋိပက္ခက အလွယ်တကူ ကြီးထွားလာနိုင်ပါတယ်။ အစိုးရအဖွဲ့တွေအနေနဲ့ ရေခဲလွှာ အရည်ပျော်ကျမှုနဲ့ ကြီးမားတဲ့ ရိုက်ခတ်ချက်တွေကို ပြောင်းပြန်လှန်ပစ်ဖို့ အတူတကွ အလုပ်လုပ်ကြမယ်ဆိုရင်၊ အနာဂတ်ဟာ မျှော်လင့်ချက်မဲ့စရာ မရှိပါဘူး”ဟုလည်း အက်ကလာ ဗျာရှားမားက ပြောကြားသည်။


READ NEXT
Cancel OK