ပြည်သူနှင့် ထိတွေ့မှုများပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခံရမှု အများဆုံးဖြစ်သည့် ဝန်ကြီးဌာန ၁၄ ခုတွင် ဌာနတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) များအား ရှေ့ပြေးစီမံချက်အဖြစ် ဖွဲ့စည်းထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။
“ကော်မရှင်ကို ရောက်ရှိလာတဲ့ တိုင်ကြားစာတွေအရ ဖွဲ့စည်းချင်တယ်။ ဖွဲ့စည်းခွင့်ပြုပါ ဆိုပြီးတော့မှ အထက်ဌာနကို တင်ပြပြီးတော့မှ (Pilot Project) ရှေ့ပြေး စီမံကိန်းအနေနဲ့ ဒီဝန်ကြီးဌာန ၁၄ ခုမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းချင်ပါတယ် ဆိုပြီးတော့မှ နိုင်ငံတော်သမ္မတရုံးကို တင်ပြလိုက်တဲ့အချိန်မှာ နိုင်ငံတော်သမ္မတရုံးကနေမှ ဒါနဲ့ပတ်သက်ပြီးတော့ ရှေ့ပြေးစီမံကိန်းအနေနဲ့ ဆောင်ရွက်မယ့် ဝန်ကြီးဌာနတွေ စိစစ်တင်ပြပါဆိုပြီး လမ်းညွှန်လိုက်တဲ့အတွက် ကော်မရှင်ကို ရောက်ရှိလာတဲ့ တိုင်ကြားစာတွေမှာ ဘယ်ဝန်ကြီးဌာနတွေက များသလဲဆိုပြီး ရွေးချယ်လိုက်ပါတယ်။ နောက်ပြီးတော့ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ထားတဲ့ မြန်မာ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လေ့လာမှုစာတမ်းထဲမှာလည်း ပါပါတယ်။ အဲဒီမှာလည်း ပါတဲ့အတွက်ကြောင့်မိုလို့ ဒီဌာန ၁၄ ခုကို ရှေ့ပြေးစီမံကိန်းမှာ ဦးစားပေးအနေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ဦးကျော်စိုးက ပြောကြားသည်။
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) များ ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာန ၁၄ ခုသည် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး စသည်ဌာနများဖြစ်ပြီး CPU ဖွဲ့စည်းခြင်းဆိုင်ရာ သင်တန်းကို ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်အထိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ UNDP ၊ ကိုရီးယားနိုင်ငံ ACRC မှ နည်းပြများက သင်တန်းပို့ချမည်ဖြစ်ကြောင်း ဦးကျော်စိုးက ပြောကြားသည်။
ဦးကျော်စိုးက “CPU များ ဖွဲ့စည်းခြင်းဖြင့် မိမိတို့ဌာနအတွင်းမှာရှိတဲ့ အဂတိလိုက်စားမှုများကို အချိန်မီသတင်းရရှိပြီး မိမိတို့ရဲ့ စီမံအုပ်ချုပ်မှုအရ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်နိုင်ခြင်းဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ CPU အဖွဲ့ရဲ့ လုပ်ငန်းတာဝန် သုံးရပ်ဆိုတာ သူတို့ရဲ့ဝန်ကြီးဌာနအတွင်းမှာရှိတဲ့ အဂတိလိုက်စားမှုတွေကို ဖြစ်ပေါ်နိုင်တဲ့ နေရာတွေကို ဖြစ်ပေါ်နေတာတွေကို သူတို့က စိစစ်မယ်။ ဖော်ထုတ်မယ်။ စိစစ်ဖော်ထုတ်ဖို့အတွက် အမိန့်တွေရှိမယ်။ ဥပဒေတွေ ရှိမယ်။ လုပ်ထုံးလုပ်နည်းတွေ ရှိမယ်။ ဘယ်နေရာမှာ အားနည်းချက်တွေ ဖြစ်ပေါ်နေသလဲ။ ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေအပေါ်မှာ မူတည်ပြီးတော့မှ သူတို့က ဘယ်လိုမျိုး အဂတိလိုက်စားမှုတွေ ဖြစ်နေတာလဲ။ ဒါကို ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းမလဲ။ ဘယ်လို တားဆီးကာကွယ်မလဲ ဆိုတာကို စိစစ်ဖော်ထုတ်မယ်။ ဖော်ထုတ်ပြီးတော့မှ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဆီကို တင်ပြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) များအား ပြည်သူလူထုနှင့် အများဆုံးထိတွေ့ရပြီး ကော်မရှင်သို့ တိုင်ကြားခံရမှုအများဆုံး ဝန်ကြီးဌာနများတွင် ရှေ့ပြေးစီမံချက်ဖြင့် စတင်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်