အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အား ဌာနဆိုင်ရာအချို့က လက်ခံရန် ဝန်လေးခြင်းသည် အတိတ်ကာလက ထားရှိသည့် တန်ဖိုးထားမှုနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလတွင် ထားရှိအပ်သည့် တန်ဖိုးထားမှုများအကြား ကွာဟချက်ရှိနေဆဲ ဖြစ်ခြင်းကြောင့်ဟု ယူဆကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။
ဖေဖော်ဝါရီ ၅ ရက်က နေပြည်တော်ရှိ Kampinski ဟိုတယ်၌ ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးဌာန ၁၄ ခုတွင် ရှေ့ပြေးစီမံကိန်းအရ ဖွဲ့စည်းသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အဂတိလိုက်စားခြင်း ဆိုတာဟာ ကိုယ်ကျင့်တရား ပျက်ပြားတာဖြစ်တဲ့အပြင် စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ပြစ်မှုကို ကျူးလွန်တာလည်းဖြစ်တဲ့အတွက် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဂုဏ်သိက္ခာနဲ့ လူထုရဲ့ ယုံကြည်မှု ကို ကျဆင်းစေနိုင်တယ် ဆိုတဲ့အချက်ကို ဘယ်သူကမှ မငြင်းနိုင်ပါဘူး။ ပြည်ထောင်စုဝန်ကြီးဌာနတချို့ဟာ ဒီနေ့စတင်ပြီးတော့မှ ဖွဲ့စည်းနေတဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) များရဲ့လုပ်ငန်းတာဝန်ဟာ ဌာနဆိုင်ရာဝန်ထမ်းများရဲ့ ဂုဏ်သိက္ခာ နဲ့လူထုရဲ့ ယုံကြည်မှုကို ပြန်လည်မြင့်မားနိုင်အောင် ဆယ်တင်ပေးနိုင်တာဖြစ်တဲ့အတွက် ဒီလုပ်ငန်းကို ကျွန်တော်တို့ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက်ကို အလွန်ပဲအရေးကြီးပါတယ်။ ဒါပေမဲ့လည်း CPU ကို ဌာနဆိုင်ရာတချို့က အခုအချိန်အထိ အသေအချာ လက်ခံဖို့ ဝန်လေးနေတာဟာ အတိတ်ကာလတုန်းက ထားရှိခဲ့ကြတဲ့ တန်ဖိုးထားမှုတွေနဲ့ မျက်မှောက်ခေတ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကာလတွေမှာ ထားရှိအပ်တဲ့ တန်ဖိုးထားမှုတွေရဲ့ ကွာဟချက် အတော်အတန်ရှိနေဆဲ ဖြစ်တာကြောင့်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ဦးအောင်ကြည်က ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ဝန်ထမ်းများအတွင်းသာမက မိမိတို့ လူ့ဘောင်အဖွဲ့အစည်းအတွင်း အစိတ်အပိုင်းအသီးသီး၌ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တန်ဖိုးထားလွဲမှားမှုများ ရှိနေခြင်းကို ကောင်းစွာ နားလည်သဘောပေါက်ကြောင်း ဦးအောင်ကြည်က ပြောကြားသည်။
ဦးအောင်ကြည်က “ဝန်ထမ်းတို့ရဲ့ ဂုဏ်သိက္ခာနဲ့ လာဘ်ငွေ၊ လူထုရဲ့ ယုံကြည်မှုနဲ့ မိမိတို ့တစ်ဦးတစ်ဖွဲ့ချင်းအတွက် တစ်ကိုယ်ကောင်းဆန်သော အဆင်ပြေသက်သာမှု၊ အများပြည်သူ အကျိုးစီးပွားနဲ့ ပုဂ္ဂလိက အကျိုးစီးပွား အဲဒါတွေအကြားမှာ ဘယ်အရာကို ရွေးချယ်ကြမလဲဆိုတဲ့ မေးခွန်းကို ဒီမေးခွန်းဟာ ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုများဟာ ကောင်းသည် မကောင်းသည်၊ မှန်သည် မမှန်သည်ကို အသေအချာ အကဲဖြတ်ပေးနိုင်ပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းများဟာ မိမိတို့ရဲ့ဂုဏ်သိက္ခာ၊ လူထုရဲ့ယုံကြည်မှုနဲ့ အများပြည်သူရဲ့ အကျိုးစီးပွားကိုပဲ ဦးစားပေးကြမယ်ဆိုရင်တော့ ကျွန်တော်တို့ ကိုယ်တိုင်လည်းပဲ ဘယ်နည်းနဲ့မှ အဂတိလိုက်စားမှု မဖြစ်နိုင်တော့ပါဘူး”ဟု ပြောကြားသည်။
လူငယ်နှင့် လူလတ်ပိုင်းတွင်သာမက ရာထူးကြီး တာဝန်များ ထမ်းဆောင်နေကြသည့် လူကြီးအချို့တွင်ပင် မှန်ကန်ကောင်းမွန်သည့် တန်ဖိုးထားမှုကို ကျောင်းသင်ခန်းစာများတွင် မသင်ကြားခဲ့ရသူ အများအပြား ပါဝင်နိုင်ကြောင်းနှင့် ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံ တစ်လျှောက်တွင်လည်း အဂတိတရား ကင်းစင်သည့် စံနှုန်းနှင့် ပတ်သက်၍ ထိတွေ့မှုနည်းပါးခဲ့ကြရခြင်းများကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စားသုံးသူ သာမန်ပြည်သူများ၏ တန်ဖိုးထားမှုစံနှုန်းများနှင့် နှိုင်းယှဉ်မှု သဘောတန်းတူ မဖြစ်နိုင်သေးသည်ကိုလည်း လက်ခံနားလည်နိုင်ရမည် ဖြစ်ကြောင်း ဦးအောင်ကြည်က ပြောကြားသည်။
“အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့တွေကို ဖွဲ့စည်းတယ် ဆိုတာဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၂ (ဋ) နဲ့ အညီဖြစ်တဲ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်”ဟု ဦးအောင်ကြည်က ပြောကြားသည်။
ဆက်လက်၍ “အဂတိလိုက်စားတဲ့ ပြစ်မှုတွေကို လုံးဝမကျူးလွန်မိစေဖို့အတွက် ဌာနဆိုင်ရာများဟာ အဂတိလိုက်စားမှု ပြဿနာ ပေါ်ပေါက်နိုင်တဲ့ အခြေအနေတွေကို ကြိုတင်ပြီးတော့မှ စိစစ်ဖော်ထုတ်ဖို့၊ တွေ့ရှိလာတဲ့ ပြဿနာတွေကို သက်ဆိုင်ရာဥပဒေ၊ လုပ် ထုံးလုပ်နည်းနဲ့အညီ ဖြေရှင်းဖို့၊ ဒါမှဟုတ်ရင်လည်း အရေးယူ ဆောင်ရွက်ကြဖို့အပြင် ဌာနဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေ၊ အမိန့် ညွှန်ကြားတွေမှာ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ကယ်ပေါက် ရှိ-မရှိ ဒါတွေကို ဆန်းစစ် အကဲဖြတ်ချက်ပေါ့။ ဒါကတော့ သင်တန်းမှာ အဓိကဆွေးနွေးရမယ့် အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ အဲဒါကတော့ Corruption Risk Assessment ဖြစ်ပါတယ်။ အဲဒါတွေ ပြုလုပ်ပြီးတော့မှ အဲဒီကယ်ပေါက်တွေကို ကိုယ်ဌာနအတွင်းမှာပဲ စနစ်တကျ ကိုယ့်ဘာသာကိုယ် ပိတ်ဆို့ ထိန်းချုပ်ခြင်းအားဖြင့် ဝန်ထမ်းတွေကို အနာဂတ်ကာလမှာပါ အဂတိလိုက်စားမှုများကို ဆက်လက် မဖြစ်ပေါ်စေရေးအတွက် တားမြစ်သွားနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်