Top News

ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၁၈၀၀၀၀ ကို ကျော်လာခဲ့စဉ် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းသည် ရှည်ကြာမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး
24htopnews | October 29, 2024 7:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူအရေအတွက်သည် ၁၈၀၀၀၀ ကို ကျော်လွန်သွားခဲ့စဉ် ထိုကပ်ရောဂါ အကျပ်အတည်းသည် မကြာမီကာလအတွင်း ပြီးဆုံးဖွယ် မရှိသေးဘဲ နိုင်ငံအများအပြားတွင် ရောဂါတိုက်ဖျက်မှု၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဧပြီ ၂၂ တွင် သတိပေးခဲ့သည်။

ထိုကပ်ရောဂါကြောင့် ကျန်းမာရေးအရေးပေါ်အခြေအနေကို ဖြစ်ပေါ်စေရုံသာမက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကိုလည်း အလွန်အမင်း ထိခိုက်ဆုံးရှုံးစေခဲ့ပြီး စီးပွားရေးလုပ်ငန်းများသည် ရှင်သန်နိုင်ရန် ရုန်းကန်နေရခြင်း၊ လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်သွားခြင်းနှင့် နောက်ထပ်လူသန်းနှင့်ချီသည် အငတ်ဘေးနှင့် ရင်ဆိုင်နေရခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။

အလုပ်လက်မဲ့နှုန်း မြင့်တက်လာမှုနှင့် ပြန်လည်ရွေးကောက်ခံနိုင်ရန် အလားအလာများကို အာရုံစိုက်လျက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံထဲ၌ နေထိုင်၊ အလုပ်လုပ်ကိုင်ခွင့် ပေးမှုများကို ရက် ၆၀ ကြာ ဆိုင်းငံ့သည့် သမ္မတအမိန့်အား လက်မှတ်ထိုးရန် ပြင်ဆင်နေခဲ့သည်။

အမေရိကန်တွင် ပြည်နယ်အချို့က စီးပွားရေးလုပ်ငန်းအချို့အား ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေချိန်တွင် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံမှ ကျန်းမာရေးကျွမ်းကျင်သူများက ဆောင်းရာသီတွင် သေဆုံးမှု ပိုမိုများပြားသော ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကိုပင် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့ကြသည်။

ယခုအခါ ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ ၂.၆ သန်းနီးပါးနှင့် သေဆုံးသူ ၁၈၀၀၀၀ ကျော်ရှိနေပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တိုက်ဖျက်နိုင်ရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများစွာက ခက်ခက်ခဲခဲ ကြိုးပမ်းနေကြရပြီး ပြင်းထန်သောစီးပွားရေးဆိုင်ရာ ဆိုးကျိုးများကို ထိန်းသိမ်းနိုင်ရန်လည်း ရုန်းကန်နေကြရသည်။

ကမ္ဘာတစ်ဝန်း နေ့စဉ် လူနေမှုဘဝကို ကပြောင်းကပြန်ဖြစ်စေခဲ့သော Lockdown ကန့်သတ်မှုများကို ရုပ်သိမ်းရန် နိုင်ငံအချို့က ကြိုးပမ်းနေကြစဉ် WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ယင်းကဲ့သို့ ပြင်းထန်စွာ သတိပေးခဲ့ခြင်းဖြစ်သည်။

“ဘာအမှားမှ မကျူးလွန်မိစေနဲ့။ ကျွန်တော်တို့ အဝေးကြီး သွားရဦးမယ်။ ဒီဗိုင်းရပ်စ်က ကျွန်တော်တို့နဲ့ အချိန်အကြာကြီး ဆက်ရှိနေဦးမယ်” ဟု Tedros က အွန်လိုင်းသတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံအများအပြားသည် ယခုအခါ ကပ်ရောဂါရင်ဆိုင်မှုတွင် အစောပိုင်းအဆင့်တွင်သာ ရှိနေသေးကြောင်း၊ ကပ်ရောဂါကို စောလျင်စွာ သက်ရောက်မှု ခံစားခဲ့ရသောနိုင်ငံအချို့၌လည်း ယခုအခါ ကူးစက်မှုများ ပြန်လည်ထွက်ပေါ်လာသည်ကို မြင်တွေ့နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား အဆိုးရွားဆုံး ခံစားနေရသော ဥရောပဒေသတွင် သေဆုံးသူစုစုပေါင်းသည် ၁၁၀၀၀၀ ကို ကျော်လွန်သွားခဲ့ပြီး အဆိုးရွားဆုံး အထိနာခဲ့သော ဥရောပနိုင်ငံဖြစ်သည့် အီတလီတွင် သေဆုံးသူ ၂၅၀၀၀ ကျော် ရှိလာကာ အမေရိကန်ပြီးလျှင် အထိနာဆုံး ဖြစ်ခဲ့သည်။

ဖင်လန်နိုင်ငံက ဗိုင်းရပ်စ်ပျံ့နှံ့မှု အရှိန်လျော့စေရန်အတွက် လူ ၅၀၀ ကျော်ထက်ပို၍ စုဝေးမှုများအား ပိတ်ပင်မှုကို ဇွန်အထိ ပြုလုပ်မည်ဟု ထုတ်ပြန်ခဲ့သည်။

COVID- 19 ကြောင့် သေဆုံးသူအရေအတွက်သည် နှစ်ရက်ဆက်တိုက် အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့သော စပိန်တွင်အစိုးရက တင်းကျပ်သော Lockdown စီမံချက်အား မေလလယ်အထိ ရုပ်သိမ်းပေးရန် မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုအဆင့်တွင် မိမိတို့သည် အလွန်အမင်း ဂရုစိုက်ရမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်းချက်ဇ်က ပြောကြားခဲ့သည်။

အရေးကြီးသော ခြေလှမ်း

စျေးဆိုင်များအား ပြန်လည်ဖွင့်လှစ်ခွင့်  ပြုလိုက်ပြီဖြစ်သော ဂျာမနီတွင် ဗိုင်းရပ်စ်ကာကွယ်ဆေးအား လူသားများ၌ စမ်းသပ်မှုကို လာမည့်သီတင်းပတ်တွင် စတင်မည်ဟု ကြေညာခဲ့ခြင်းကြောင့် နောက်ထပ် မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ပဥ္စမအကြိမ်မြောက် ခွင့်ပြုမှုဖြစ်သော ထိုစမ်းသပ်မှုသည် ကာကွယ်ဆေးကို အမြန်ဆုံးရရှိနိုင်ရေးအတွက် အလွန်အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ဂျာမနီစည်းမျဉ်းထိန်း သိမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အလားအလာရှိသော ကာကွယ်ဆေးကို မဖြန့်ချိနိုင်သေးမီ ကမ္ဘာပေါ်ရှိ လူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော်သည် Lockdown ပုံစံအမျိုးမျိုးဖြင့် လနှင့်ချီ နေထိုင်နေရသည်။

တောင်အာဖရိကတွင် အထူးသဖြင့် လူပြည့်ကျပ်နေသော မြို့များ၌ ပြည်သူများအား နေအိမ်ထဲတွင်သာ နေကြရန် အာဏာပိုင်များက ခက်ခက်ခဲခဲ ဆော်သြနေရစဉ် ပိတ်ဆို့ကန့်သတ်မှု အသက်ဝင်စေရန် နောက်ထပ်တပ်ဖွဲ့ဝင် ၇၃၀၀၀ ကျော်ကို စေလွှတ်ခဲ့သည်။

စီးပွားရေးလုပ်ငန်းများ ပိတ်ထားခဲ့ရပြီး လူသန်းပေါင်းများစွာ အလုပ်အကိုင် ဆုံးရှုံးခဲ့ရစဉ် ထိုဗိုင်းရပ်စ်အကျပ်အတည်းသည် ကမ္ဘာတွင် အခွင့်အရေးအမဲ့ဆုံး လူသားများကို အပြင်းထန်ဆုံး ထိုးနှက်လိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က သတိပေးခဲ့သည်။ အလွန်အမင်း ငတ်မွတ်မှု ခံစားရသူသည် ယခုနှစ်အတွင်း ၂၆၅ သန်းအထိ နှစ်ဆမြင့် တက်သွားနိုင်ကြောင်း WFP က ခန့်မှန်းခဲ့သည်။

 

 

 


READ NEXT
Cancel OK