၂၁ ရာစုတွင် ဂလိုဘယ်လိုက်ဇေးရှင်းဟူသည့် ဝေါဟာရနှင့်အတူ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာ ဖြစ်လာပြီဟု ဆိုကြသည်။ ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပျက်နေသော အကြောင်းအရာပေါင်းစုံကို မိမိတို့နေအိမ်အတွင်း ထိုင်နေရင်းဖြင့်ပင် သိလာနိုင်သည်။ ဆက်သွယ်မှုကွန်ရက်များ အားကောင်းကျယ် ပြန့်လာသည့်သဘောဖြင့် ကမ္ဘာ့ရွာကြီးဟု မည်မျှပင်ဆိုဆို ကမ္ဘာ့နေရာ အနှံ့အပြားတွင် သွားလာရ ခက်ခဲကြမ်းတမ်းသော လူသူမသိသော ဒေသများစွာ ကျန်ရှိနေဆဲပင်။
ထိုသို့ သွားလာရ ခက်ခဲကြမ်းတမ်းပြီး လူသိနည်းသော ဒေသများအနက် အဲန်လူမျိုးစုတို့နေထိုင်ရာ သီးသန့်ကမ္ဘာလေးလည်း ပါဝင်သည်ဟု ဆိုနိုင်ပါသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အတွင်းတွင် ရိုးရာဓလေ့ထုံးတမ်းများ၊ ဆင်ယင်ထုံးဖွဲ့မှုများနှင့် ရိုးရှင်းစွာ နေထိုင်ရှင်သန်ကြသော အဲန်လူမျိုးစုများ၏ အကြောင်းအရာများက လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ပျံ့နှံ့လာခဲ့ပြီး လူအများ စိတ်ဝင်စားမှုများခဲ့၏။ ထို့ကြောင့် အဲန်တို့ဘဝ၊ အဲန်တို့အလှရှိရာ ရွာလေးဆီသို့ ခရီးဆန့်ဖြစ်ခဲ့သည်။
ခရီးတစ်ခု သွားလေတိုင်း ကြုံတွေ့ရသည်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းမှုဖြစ်သည်။ ရှမ်းပြည်နယ် တောင်ပိုင်းမှ တစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်အဖြစ် မန္တလေး-ရွာငံ-တောင်ကြီး-နမ့်ဆမ် မြို့အထိ ရှမ်းပြည်နယ်တောင်ပိုင်းလမ်း တစ်လျှောက်က ကြမ်းတမ်းလှသည် မဟုတ်သော်လည်း ကောင်းမွန် ချောမွေ့သည်ဟုလည်း မဆိုသာပေ။ နမ့်ဆမ်လွန်၍ ဟိုခိုကျော်ပါက ရှမ်းအရှေ့ပိုင်းနှင့် ရှမ်းတောင်ပိုင်းအစပ် ဖြစ်သည့် “တာကော” တံတားကို ဖြတ်သန်းရသည်။
ယင်းတံတားမှာ သံလွင်မြစ်ပေါ်မှ ဖြတ်သန်းတည်ဆောက်ထားခြင်းဖြစ်ပြီး တံတားအရှည် ပေ ၂၀၀ ခန့်သာ ရှိသော်လည်း ရှမ်းတောင်နှင့် ရှမ်းအရှေ့ကို ပေါင်းကူးထားသော အဓိက နယ်စပ်တံတားဖြစ်ခြင်းနှင့်အတူ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖြတ်သန်းခွင့်ပြုကာ တပ်မတော်က လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ၏။ ယင်းလမ်းပိုင်းကို သွားရောက်မည်ဆိုပါက လမ်းခရီးကြာချိန်ကို တွက်ဆမောင်းနှင်ရန် လိုအပ်မည်ဖြစ်ပြီး သို့မဟုတ်ပါက လမ်းခုလတ်တွင် ညအိပ်ရပ်နားကာ တံတားဖြတ်သန်းခွင့်ပြုမည့် အချိန်ကို စောင့်ဆိုင်းရမည်ဖြစ်၏။
တကယ်တော့ နမ့်ဆမ်မှ ကျိုင်းတုံအထိ ခရီးမှာ ၂၀၈ မိုင်သာကွာဝေးပြီး ဆင်မောင်း၊ မိုင်းပျဉ်း၊ တာတုံမြို့များကို ဖြတ်သန်းရသည်။ တောင်တက်တောင်ဆင်းလမ်း အကွေ့အကောက်များလှသော ရှမ်းအရှေ့ခရီးမှာ မောင်းနှင်ချိန် ၁၀ နာရီအထက် ကြာမြင့်သည်။ ယင်းလမ်းပိုင်းမှာ အာဆီယံဟိုက်ဝေး လမ်းမကြီး (၂) ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး လက်ရှိအချိန်တွင် တောင်ကမ်းပါးယံများကို ဖြိုချကာ လမ်းပိုင်းချဲ့ထွင်မှုများ၊ လမ်းသား ခင်းပြုပြင်မှုများ လုပ်ဆောင်လျက်ရှိသည်။ အတက်အဆင်းကြမ်းပြီး အကွေ့အကောက် များလှသော ရှမ်းအရှေ့နှင့် ရှမ်းတောင်လမ်းပိုင်းကိုသွားရင်း ရှမ်းမြောက်ပိုင်း မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်းအကြောင်း သတိရမိသည်။ ရှမ်းမြောက်ပိုင်းလမ်းတွေက တရုတ်ပြည်နယ်စပ်မှတစ်ဆင့် ကုန်စည်စီးဆင်းမှုများ ဒလဟောတိုက် စီးဆင်းမှု၏ အသီးအပွင့်ဖြစ်ဟန် တူသည်ဟု အတွေးစများနှင့်အတူ မန္တလေး-ကျိုင်းတုံခရီးမှာ နာရီ ၂၀ ကျော်မောင်းနှင်ပြီး ရောက်ရှိခဲ့ရသည်။ ထို့နောက် ကျိုင်းတုံမှ မိုင်းဆတ် လမ်းသစ်တိုင်း ဆက်သွားရပြီး ၂၃ မိုင်စခန်းဟုခေါ်သော လမ်းဖြတ်မှတစ်ဆင့် အဲန်ရွာလေးဆီသို့ တောတောင်လမ်းခရီး ထပ်မံသွားရမည် ဖြစ်သည်။ တောလမ်းဆိုသည်မှာ သွားပါများလွန်း၍ လမ်းဖြစ်နေသော တောင်ကမ်းပါးယံစွန်းများဖြစ်သည်။ ချောက်ကမ်းပါးစွန်းအောက်တွင် မြင်တွေ့နေရသည်က တောင်ယာလှေကားထစ် စိုက်ခင်းများဖြစ်ပြီး ယခုအချိန်မှာ စိုက်ပျိုးထွန်ယက်ချိန် မဟုတ်၍ ခြောက်သယောင်းနေသည်။
တောင်ကမ်းပါးယံလမ်းပိုင်းမှာ ဆိုင်ကယ်ဖြင့် တစ်နာရီခွဲခန့် မောင်းနှင်ရသည်။ ဆိုင်ကယ်မစီးရဲ၍ လမ်းလျှောက်ပါက တောင်တက တောင်ဆင်းလမ်း ဖြစ်သောကြောင့် သုံးနာရီကျော် သွားရမည်ဖြစ်သည်။ ယင်းသို့ တောင်အသွယ်သွယ် ဖြတ်ကျော်ပြီးပါက အဲန်လူမျိုးစုတို့၏ ခြေတံရှည် အိမ်လေးတွေကို တောင်ကြောတွေပေါ်မှာ အစီအရီ တွေ့လိုက်ရသည်။ အိမ်တည်ဆောက်မှုမှာ ချင်းလူမျိုးတို့ နေထိုင်ပုံနှင့် အလားသဏ္ဌာန်တူလှသည်။ အိမ်အားလုံးမှာ ခြေတံရှည်၊ ပျဉ်ခင်း၊ သက်ကယ်မိုးထားကြသည်။ အိမ်အားလုံးမှာ အတူတူပင်ဖြစ်ပြီး အိမ်အဝင်တွင် အမိုးအကာ မပါသော ကွပ်ပျစ်ပါရှိကြသည်။ အရွယ်အစားတူ ခြေတံရှည်၊ ပျဉ်ခင်း အိမ်လေးများအနက် ရွာသူကြီးအိမ်မှာ ခရီးသွားများနှင့် ရွာသို့လာရောက်သည့် ဧည့်သည်များ နားခိုနိုင်ရန် အခြားအိမ်များထက် ပိုမိုကျယ်ဝန်းစွာ ဆောက်လုပ်ထားလေ့ရှိသည်။
ကျိုင်းတုံမြို့နယ်အတွင်း အဲန်လူမျိုးစုတို့၏ ရွာရှစ်ရွာအထိရှိကြောင်း သိရပြီး မိုင်းဆတ်လမ်းသစ် ၂၃ မိုင်စခန်းမှ သွားရသော ပင်းတောက်ကျေးရွာအုပ်စု ဝမ်နောင်၊ တင်ထပ်နှင့် ဝမ်ခါမ်းဆိုသည့် အဲန်လူမျိုးစုရွာ သုံးရွာက လမ်းပန်းဆက်သွယ်ရေး အခက်အခဲဆုံးပင်ဖြစ်သည်။ ပင်းတောက်ကျေးရွာအုပ်စု ဝင်အဲန်ရွာသုံးရွာမှာ လူဦးရေ ၁၄၀၀ ဝန်းကျင်ခန့်ရှိပြီး Head to Reach Area ဖြစ်သည်နှင့်အညီ ခေတ်နောက်အကျဆုံးနှင့် လိုအပ်ချက် များစွာကြားတွင် ဓလေ့ထုံးတမ်း အစဉ်အလာများဖြင့် နေထိုင်ရှင်သန်လျက် ရှိခြင်းလည်းဖြစ်သည်။ မြို့ပေါ်နှင့် နီးစပ်သည့် အဲန်လူမျိုးရွာအချို့ကတော့ ခေတ်စနစ်အလိုက် ပြောင်းလဲနေထိုင်မှုများ ရှိသည်ဟု ဆိုကြသည်။
ရှမ်းတိုင်းရင်းသားလူမျိုးနွယ်ဝင် အုပ်စုတစ်ခုဖြစ်သည့် အဲန်လူမျိုးစုုမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုး စာရင်းဝင်ဖြစ်ပြီး ကိုယ်ပိုင် ဘာသာစကား ရှိသည်မှာ ထူးခြားမှုဖြစ်သည်။ အဲန်လူမျိုးစုမှာ ရှေးစော်ဘွားများ လက်ထက်က ဆင်းထိန်း၊ မြင်းထိန်း အနွယ်တော်များမှ ဆင်းသက်လာသူများဟု ဆိုကြပြီး အဲန်ဆိုသည်မှာ ရှမ်းဘာသာဖြင့် လျင်မြန်ဖြတ်လတ်သူများဟု အဓိပ္ပာယ်ရသည်ဟု သိရသည်။
အဲန်လူမျိုးစုများမှာ တောင်ပေါ်ဒေသများတွင် အခြေတည်နေထိုင်ကြ၍ သောက်သုံးရေရရှိမှု ခက်ခဲရှားပါးရာ ရက်ရှည်လများ ရေချိုးခြင်း မရှိကြပေ။ ထို့ကြောင့် ရေမချိုးသည့် လူမျိုးများဟုလည်း ပြောစမှတ်ရှိ၏။ ထို့ပြင် သွားမည်းမှ လှသည်ဟု ယူဆထားသည့် အဲန်လူမျိုးများမှာ သစ်ရွက်ခြောက်နှင့် ဆေးနီသစ်ခေါက်ကို အခွံခွာ၍ ကွမ်းယာကဲ့သို့ အမြဲတစေ ၀ါးနေလေ့ရှိကြသလို အမျိုးသမီးများမှာ သစ်ခေါက်တစ်မျိုးမှ ရရှိသည့် အခေါက်ကို အဆီရရှိရန် မှိုင်းတိုက်၍ သွားများကို လိမ်းကျံလေ့ရှိကြ၏။ ယင်းသို့ပြုလုပ်ခြင်းမှာ သွားမည်းစေရန်ထက် ခံတွင်းနံ့ ကင်းစေရန်နှင့် သွားကိုက် သွားနာ မဖြစ်စေရန် အတွက်ဟုဆိုရာ ရေရှားပါးမှုကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းလှသော်လည်း သွားကျန်းမာရေးတွင်မူ အထူးဂရုပြု နေထိုင်ကြသည်ဟု ယူဆစရာဖြစ်သည်။ သို့သော်လည်း အဲန်လူမျိုးတို့ကိုယ်တိုင် စိုက်ပျိုးစားသောက်သည့် တောင်ယာဆန်မှာ ကျောက်ခဲအလား ကြမ်းတမ်းမာကျောလှ၏။
“ကျွန်မရောက်ဖူးသမျှ Head to Reach Area တောင်ပေါ်ဒေသကသူ တော်တော်များများက တော်တန်ရုံ ရေမချိုးကြဘူး။ ရေမချိုးတာ အကြောင်းရင်း များစွာရှိပါတယ်။ တောင်ပေါ်ဒေသဖြစ်လို့ ရေရရှိမှု အခက်အခဲရှိတယ်။ လုံလောက်မှုမရှိဘူး။ ရေချိုးဖို့ထက် သောက်သုံးရေက ပိုအရေးကြီးတယ်။ နောက်ပြီး တောင်ပေါ်ဒေသ တိုင်းရင်းသားတွေဟာ ဘဝရပ်တည်ဖို့ စားဝတ်နေရေး အရမ်းခက်ခဲကြပါတယ်။ နေမထွက်ခင် မနက်ဝေလီဝေလင်း တောင်ယာဆီကို သုံးနာရီလောက် ခြေကျင်လျှောက်သွားပြီး တစ်နေကုန် တောင်ယာလုပ် မိုးချုပ်မှ ပြန်ရောက်ကြတော့ နိစ္စဓူဝ အလုပ်ထဲမှာ။ ရေချိုးတာက အရေးမကြီးတော့ဘူး။ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းပါးတယ် ဆိုပေမဲ့ သူတို့က ခံနိုင်ရည်အား Resistance ကောင်းကြတယ်။ နာဖျားတာ သိပ်မရှိတော့ သူတို့ရေချိုးတာ မချိုးတာဟာ နေကောင်းခြင်း မကောင်းခြင်းနဲ့ မသက်ဆိုင်ဘူးလို့ တွေးမိကောင်း တွေးမိပါလိမ့်မယ်” ဟု ရေမချိုး လူမျိုးစုများဟု ပြောစမှတ် ဖြစ်နေသည့်အပေါ် ကျိုင်းတုံမြို့ စိမ်းလဲ့တောင်တန်း ပရဟိတအဖွဲ့မှ အဲန်လူမျိုးစုများအတွက် ကူညီမှုများ ဆောင်ရွက်လျက်ရှိသူ မနန်းမားလားဝမ်းက ပြောပြရာ ရွာကလေးများတွင် တောင်ကျရေကို ၀ါးများဖြင့် အဆင့်ဆင့် သွယ်တန်း၍ နွားတင်ကုတ်သဏ္ဌာန် သစ်သားထွင်းကန်ဖြင့် စုဆောင်းသုံးစွဲနေမှုနှင့် လူဦးရေအချိုးညီမျှမှု မရှိသည်ကို မြင်ယောင်မိတော့သည်။
အဲန်လူမျိုးတို့၏ ခြေတံရှည်အိမ်အများစု၏ ကွပ်ပျစ်အဝင်တွင် လက်ရက်ကန်းစင် လေးများကိုလည်း တွေ့မြင်နိုင်ပြီး ရိုးရာအဝတ်အစားများကို ကိုယ်တိုင်ဖန်တီးရက်လုပ် ဝတ်ဆင်ကြလေ့ရှိကြသည်။ ယခုအချိန်သည် တောင်ယာစိုက်ပျိုးချိန် မဟုတ်သော်လည်း အဲန်လူမျိုးများမှာ အနားမနေအား။ ခြင်းရက်လုပ်ခြင်းကဲ့သို့ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများ ပြုလုပ်ခြင်း၊ တောလိုက်ထွက်ခြင်းများနှင့် မိုးဦးမကျမီ နေအိမ်ခေါင်မိုးများ လဲလှယ်ရန် သက်ကယ်မိုး ရက်လုပ်ခြင်းများကို အားသွန်ခွန်စိုက် ပြုလုပ်နေကြပြီ ဖြစ်သည်။
တောစောင့်နတ်၊ တောင်စောင့်နတ်နှင့် ဘိုးဘေးဘီဘင်နတ်များကို ကိုးကွယ်မှုပြုသည့် အဲန်လူမျိုးတို့၏ ရွာများတွင် နတ်ဆရာနှင့် ရွာသူကြီးမှာ သြဇာတိက္ကမ ကြီးမားသူများဖြစ်ပြီး ရွာတည်ရှိရာ တောင်ထွတ်မြေပြန့် နေရာတွင် ကျယ်ဝန်းသည့် နတ်ကွန်းကို တွေ့ရမည်ဖြစ်သည်။ နတ်ကွန်းဟု ဆိုသော်လည်း နတ်ကွန်းအတွင်း နတ်ရုပ်တုမှာ သစ်သားတိုင်တစ်ခု ပုံသဏ္ဌာန်သာဖြစ်၏။
ယခုနောက်ပိုင်းတွင် အဲန်ရွာလေးများသို့ ကျန်းမာရေး အဖွဲ့အစည်း၊ ခရီးသွား ဘလော့ကာနှင့် လူမှုကူညီရေး ပရဟိတအဖွဲ့ တချို့က ဆေးဝါး၊ အဝတ်အထည်နှင့် သောက်သုံးရေ လိုအပ်မှုများကို သွားရောက် ဆောင်ရွက်ပေးလျက် ရှိကြပြီဖြစ်ရာ လူမှုပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံမှု နည်းပါးလှသော အဲန်လူမျိုးတို့မှာ မြန်မာစကား လုံးဝနားမလည်သော်လည်း တစ်ဆင့်စကား တစ်ဆင့်နားများမှ ၎င်းတို့ထံ ခက်ခဲကြမ်းတမ်းစွာ လာရောက်သူများကို ဖော်ရွေပျူငှာသည့် အပြုံးဖြင့် ဧည့်ခံတတ်ပြီဖြစ်သည်။ ယင်းသို့ အဖွဲ့အစည်းများ လာရောက်ပါက အဲန်လူမျိုးတို့ မှာယူလေ့ရှိသည်မှာ ဟင်းချိုမှုန့်ထုပ်နှင့် ယမ်ယမ်ကဲ့သို့ အသင့်စားခေါက်ဆွဲ ခြောက်ထုပ်သာဖြစ်ရာ ကျောက်ခဲကဲ့သို့ မာထန်သော တောင်ယာဆန်စားသော အဲန်လူမျိုးအတွက် ခေါက်ဆွဲခြောက်နှင့် ဟင်းချိုမှုန့်မှာ နတ်သုဒ္ဓါအလား ထင်ယောင်မိ၏။
မည်သို့ပင်ဆိုစေ မိမိနေအိမ်အတွင်းကပင် ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပျက်နေသည်များကို သိရှိလာနိုင်ပြီဖြစ်သော ကမ္ဘာ့ရွာကြီးထဲတွင် စာသင်ကျောင်းမရှိ၊ စျေးဆိုင်မရှိ၊ ဆေးရုံဆေးပေးခန်းမရှိ၊ တီဗွီမရှိ၊ ဟန်းဖုန်းမရှိ၊ လျှပ်စစ်မီးမရှိ စသဖြင့် မရှိခြင်းများစွာနှင့် အဲန်လူမျိုးစုရွာလေးမှာ နိုင်ငံတော်သမ္မတ မည်သူ ဆိုသည်ကိုလည်း သိရှိခြင်း မရှိကြပေ။
ထို့ကြောင့် နိစ္စဓူဝ နေ့ညမကွဲပြား လှုပ်ရှားရုန်းကန်နေကြရသော ယနေ့ကမ္ဘာတွင် အဲန်တို့နေထိုင်ရာ တောင်တန်းတွေဆီ ခရီးကြမ်းက မွန်းကျပ်မှု၊ ဟန်ဆောင်မှု၊ ပြိုင်ဆိုင်မှုများ ကင်းဝေးရာ သီးသန့်ကမ္ဘာလေး တစ်ခုပင်ဖြစ်ပြီး ရိုးရှင်းလှပါဘိ။ အေးချမ်းလှပါဘိ။ အပူအပင် ကင်းလှပါဘိတော့သည်ဟုသာ ညွှန်းဆိုရမည် ဖြစ်၏။
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်
-
■ စီးရီးအေ ပွဲစဉ်(၆)၊ ဂျာမန်ဖလား ပထမအဆင့်နှင့် ပြင်သစ်လီဂူး ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်