Top News

ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်
24htopnews | November 19, 2024 1:12 AM CST

ဟေတီနိုင်ငံ ပို့အူပရင့်စ်မြို့တော်တွင် လေးရက်အတွင်း ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂအေဂျင်စီက နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

“ပို့အူပရင့်စ် မြို့တော်ကို ဖြတ်တောက် ထားတာဟာ ဆိုးရွားနေတဲ့ လူသားချင်းစာနာ ထောက်ထားမှု အခြေအနေကို ပိုပြီးအခြေအနေ ဆိုးလာစေပါတယ်”ဟု နိုင်ငံတကာရွှေ့ ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (IOM) ၏ ဟေတီနိုင်ငံဆိုင်ရာအကြီးအကဲ ဂရီဂိုရီ ဂွတ်စတိန်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အကူအညီတွေပေးပို့ နိုင်တဲ့လုပ်ဆောင်နိုင်စွမ်းက အကန့်အသတ်နဲ့ ဖြစ်နေတဲ့အတွက် နိုင်ငံတကာရဲ့ ကူညီမှုကို ချက်ချင်းမရဘူးဆိုရင်တော့ ဒေသခံတွေရဲ့ ဒုက္ခတွေက အတိုင်းမသိပိုပြီး ဆိုးလာနိုင်ပါတယ်” ဟု ဂွတ်စတိန်းက ဆိုသည်။

နေရပ်မှ ထွက်ပြေးလာကြသူ ၂၀,၀၀၀ တွင် ၁၇,၀၀၀ ဝန်းကျင်သည် ယာယီကယ်ဆယ်ရေး စခန်းများကို ရောက်ရှိနေကြပြီးဖြစ်ကာ ၎င်းတို့ထဲမှ အများစုသည် အကြိမ်ပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်လာခဲ့ကြသူများ ဖြစ်သည်ဟု IOM ကဆိုသည်။

“ဒီရွှေ့ပြောင်းနေထိုင်မှု ပမာဏကို ၂၀၂၃ ခုနှစ် သြဂုတ်နောက်ပိုင်း တစ်ခါမှမမြင်ရဘဲ အခုမှ ပထမဆုံးအကြိမ် ပြန်မြင်ရတာ ဖြစ်ပါတယ်”ဟု ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အေဂျင်စီက ဆိုသည်။

ဟေတီတွင် နိုဝင်ဘာ ၁၁ ရက်က ဝန်ကြီးချုပ် အဲလစ်ဒီဒီယာဖီးလ် အိမ်းကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ရာထူးမှ ထွက်ခွာတော့မည့် ဝန်ကြီးချုပ် ဂယ်ရီကိုနိုင်းလ်၏ နေရာကိုအစားထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။

မေလတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသော ဂယ်ရီကိုနိုင်းလ်သည် တိုင်းပြည်တည်ငြိမ်ရေးအတွက် တာဝန်အပ်နှင်းခံထားရသော ရွေးကောက်ခံရခြင်းမရှိသော အသွင်ကူးပြောင်းရေးကောင်စီနှင့် အာဏာ လွန်ဆွဲပွဲ ဖြစ်ခဲ့သူဖြစ်သည်။

“ကျွန်တော်တို့ဟာ လုပ်စရာတွေအများကြီးနဲ့ အသွင်ကူးပြောင်းရေး လုပ်နေပါတယ်။ အောင်မြင်မှုအတွက် အခင်းအကျင်းတစ်ရပ်ဖြစ်တဲ့ ပထမဆုံး အရေးကြီးတဲ့ အလုပ်တာဝန်ကတော့ လုံခြုံရေးကို ပြန်လည် ဖော်ဆောင်ဖို့ဖြစ်ပါတယ်” ဟု ဖီးလ်အိမ်းက ပထမဆုံးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဟေတီနိုင်ငံ၏ ခက်ခဲသော အခြေအနေများကို သိထားသူဖြစ်သောကြောင့် နိုင်ငံ့အကျိုးအတွက် မိမိ၏စွမ်းအားများ၊ ကျွမ်းကျင်မှုများ၊ မျိုးချစ်စိတ်တို့ကို ပုံအောထည့်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ပို့အူပရင့်စ်မြို့တော်တွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သော အကြမ်းဖက်မှုများ မြင့်တက်လျက်ရှိကာ မြို့တော်၏ ၈၀ ရာခိုင်နှုန်းကို လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းအဖွဲ့များက ထိန်းချုပ်ထားပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။

ကင်ညာဦးဆောင်သော နိုင်ငံတကာတပ်ဖွဲ့သည် အားနည်းသော ဟေတီရဲတပ်ဖွဲ့ဝင်များကို အာဏာပြန်လည် တည်မြဲရေးအတွက် အကူအညီပေးနေသည့်တိုင် အကြမ်းဖက်မှုများ မြင့်တက်နေဆဲဖြစ်သည်။

ယခုနှစ်အတွင်း ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၄,၀၀၀ နီးပါးသေဆုံးခဲ့သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ဆိုသည်။

ဟေတီသည် ယခုသီတင်းပတ်တွင် အခြားနိုင်ငံများနှင့် အရေးပါသော ဆက်သွယ်မှုများ ဆုံးရှုံးခဲ့သည်။ အမေရိကန်သည် ဟေတီ နှင့် ပုံမှန်ဆက်သွယ်ထားသော လေကြောင်း ခရီးစဉ်များ အားလုံးကို တစ်လကြာ ရပ်တန့်ခဲ့သည်။ ပို့အူပရင့်စ်မြို့တော်အနီးတွင် လေယာဉ်သုံးစင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လူဦးရေ ၁၁ ဒသမ ၇ သန်းရှိသော ဟေတီနိုင်ငံတွင် ဆင်းရဲမွဲတေမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ သဘာဝဘေးအန္တရာယ်များကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။


READ NEXT
Cancel OK