အီးယူက မြန်မာနိုင်ငံကိုပေးထားသည့် GSP အခွင့်အရေး ပြန်လည်ရုပ်သိမ်းရန် ပြင်ဆင်နေခြင်းကြောင့် GSP ခံစားခွင့်ရရှိထားသည့် မြန်မာ့ပို့ကုန်များ စျေးကွက်အသစ် ထိုးဖောက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် အကြံပြုထားကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
၃၁ ကြိမ်မြောက် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်များ၏ လစဉ်ပုံမှန်အစည်းအဝေးတွင် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
“လာမည့်နှစ်က ကျွန်တော်တို့ဘက်က စိန်ခေါ်မှုပိုများမယ်။ နိုင်ငံတကာက ဖိအားက များတယ်။ အီးယူဘက်ကလည်း ကျွန်တော်တို့ကို အထူးသဖြင့် ဒေါ်ခိုင်ခိုင်နွယ် (မြန်မာနိုင်ငံ အထည်ချုပ်အသင်း အတွင်းရေးမှူး) တို့ကို လာလာပြီးပြောနေတာ သူတို့ဘက်ကလည်း ပြင်ဆင်နေတာတွေရှိတယ်။ ဒီဟာကို ဒီဘက် အီးယူသံအမတ်ရော၊ UK သံအမတ်တို့ကရော ပြောနေတာက ဒီဘက်မှာ ဘယ်လောက်ဖိအားလာမယ်ဆိုတာကို သူတို့မသိဘူး။ သူတို့ကတော့ ဒီနိုင်ငံမှာနေတဲ့အတွက် သူတို့လည်း ဒီရဲ့အနေအထားကို သိပါတယ်တဲ့။ မဖြစ်အောင်လည်း သူတို့ဘက်က ကြိုးစားပေးနေတယ်လို့ပြောတယ်။ ပြန်ပြီးဖြစ်လာမှာကို စိုးရိမ်တယ်လို့ပြောပါတယ်။ သို့ရာတွင် ကျွန်တော်တို့ဘက်ကတော့ အခုချိန်အထိတော့ သိပ်ပြီးတော့ တချို့ကလည်းမစိုးရိမ်ပါနဲ့။ တော်တော်နဲ့ သုံးလေးနှစ်နဲ့ မဖြစ်နိုင်ဘူးလို့တော့ ပြောတာပေါ့။ ဒီအတိုင်းကောင်းသွားမယ်ဆိုတဲ့ အခြေအနေကောင်းတော့ အဲဒါလေးတော့ ကျွန်တော်တို့ဘက်က မျှော်လင့်ပြီးတော့ ကြိုးပမ်းနေတယ်။ ကျွန်တော်တို့လုပ်ငန်းရှင်တွေကတော့ အမြဲတမ်း Alert လုပ်နေပါတယ်။ အခြေအနေတစ်ခုဖြစ်လာပြီဆိုရင် ကိုယ့်ဘက်က ဘယ်လိုမျိုးလုပ်ကြမလဲ။ ပြင်ဆင်မလဲဆိုတာတွေ ဒါလေးစျေးကွက်အသစ်တွေလည်း ထိုးဖောက်ပြီးလုပ်ဖို့ အကြံပြုချက်တွေ လုပ်နေပါတယ်” ဟု ဦးဇော်မင်းဝင်းက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ဥရောပသမဂ္ဂ Mission အဖွဲ့သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လေ့လာရေးခရီးစဉ်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ကွင်းဆင်းလေ့လာမည့်အပြင် ILO အဖွဲ့အစည်း၊ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများ၊ စက်ရုံအလုပ်ရုံပိုင်ရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများပါမကျန် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေး GSP/EBA ကို ဖယ်ရှားရန် သင့်၊ မသင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လေ့လာတွေ့ရှိချက်များကို ကိုယ်စားလှယ်အဖွဲ့က EU ပါလီမန်သို့ တင်ပြမည်ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အခွန်သက်သာခွင့် GSP/ EBA အခွင့်အရေးနှင့် ပတ်သက်ပြီး EU ပါလီမန်ကသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် EU EBA Monitoring အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
GSP/ EBA ဆိုသည်မှာ ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေ အခွင့်အရေးဖြစ်ပြီး ယင်းအခွင့်အရေးရရှိထားသည့် နိုင်ငံများအနေဖြင့် ဥရောပသမဂ္ဂနိုင်ငံများ EU သို့ ပို့ကုန်များ တင်ပို့ပါက အခွန်ကိုကင်းလွတ်ခွင့် (သုညရာခိုင်နှုန်းအခွန်) ကို ခံစားခွင့်ရှိသည်။
မြန်မာနိုင်ငံသည် အထည်ချုပ်အများဆုံး တင်ပို့နေသည့် ၁၀ နိုင်ငံစာရင်းတွင် EU အဖွဲ့ဝင် ခုနစ်နိုင်ငံအထိ ရှိသည့်အတွက် GSP/ EBA အခွင့်အရေး ရုပ်သိမ်းသွားမည်ဆိုပါက ပြည်တွင်းအထည်ချုပ်လုပ်ငန်းများအတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။
မြန်မာနိုင်ငံအပေါ် GSP/ EBA ခံစားခွင့်ကို ၂၀၁၃ ခုနှစ် ဇွန်က ပြန်လည်ပေးအပ်ခဲ့သည့်အတွက် အီးယူသို့တင်ပို့မည့် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့ပါက အထည်အမျိုးအစားအပေါ်မူတည်ကာ အခွန် ရှစ်ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ သက်သာမှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါအခွင့်အရေးရရှိခဲ့သည့် ၂၀၁၃ ခုနှစ်ကစ၍ အီးယူသို့ အထည်ချုပ်တင်ပို့မှု မြင့်တက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် EU သို့ တင်ပို့မှုသည် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှု စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ GSP/ EBA အခွင့်အရေး ပြန်လည်ရုပ်သိမ်းသွားခဲ့ပါက အခြားသောစျေးကွက်များဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ EU နှင့် တရုတ်နိုင်ငံများသို့ အဓိကထား တင်ပို့သွားရမည်ဖြစ်ကြောင်း သိရသည်။
“အမြင့်ဆုံးပို့တဲ့ ၁၀ နိုင်ငံမှာ သုံးနိုင်ငံရှိပါသေးတယ်။ ဂျပန်ရယ်၊ ကိုရီးယားရယ်၊ EU ရယ် သုံးနိုင်ငံရှိနေသေးတယ်။ အဲဒီ ၁၀ နိုင်ငံမှာ မပါတာ တရုတ်ပေါ့။ တရုတ်ရဲ့ ဝယ်အားက တဖြည်းဖြည်းတက်လာတယ်။ ၁၀ အောက်ရောက်နေသေးလို့ မပါသေးပေမဲ့သူသည် နည်းနည်းများလာပြီ။ အီးယူစျေးကွက်ရှိရင် ကျွန်မတို့အတွက် အကောင်းဆုံးပဲ” ဟု EU EBA Monitoring Mission အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားထားသည်။
၂၀၁၈ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီးအထည်) အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံကို လေ့လာကြည့်ပါက EY အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်း ၉၃၀၊ UK သို့ အမေရိကန် ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၉၄ သန်း၊ ပြင်သစ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅၈ သန်း၊ အီတလီနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅၇ သန်း၊ နယ်သာလန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၄၅ သန်း အထိတင်ပို့ထားခြင်း ဖြစ်သည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်