Top News

တက်ကျမ်းစာပေ
24htopnews | November 19, 2024 7:12 AM CST

“သိုက်စာ ဖတ်ရာ နားထောင်ပါ၊ ဥစ္စာရနိုးနိုး”

“ဆေးစာ ဖတ်ရာ နားထောင်ပါ၊ ရောဂါပျောက်နိုးနိုး” (မြန်မာ ဆိုရိုးစကား)

 မြန်မာဆိုရိုးစကား စာအုပ်တွင် ရှင်းလင်းဖော်ပြထားသည်များကို ထပ်မံတင်ပြရပါလျှင် - ပထမဆို ရိုးဖြစ်သည့် “သိုက်စာဖတ်ရာ နားထောင်ပါ၊ ဥစ္စာရနိုးနိုး” သိုက်စာဖတ်သည်ကို နားထောင်မိသူသည် ထိုသိုက်မှ ဥစ္စာတို့ကို မိမိပင်ရတော့ မယောင် မျှော်လင့်ထင်စားမိတတ်သည်။ “သိုက်စာဖတ်ရာ နားထောင်ပါ၊ ဥစ္စာရနိုးနိုး” ဆိုတဲ့ ပုံစံမျိုးနဲ့တော့ လောကမှာ မရဘူး။ လုံ့လဝီရိယဆို တဲ့ ပယောဂသမ္ပတ္တိရှိမှလည်း ကုသိုလ်ကံ အကျိုးပေးခွင့်ရှိတယ်။ (Reference: 1,pp-249-250).

ဒုတိယဆိုရိုးဖြစ်သည့် “ဆေး စာဖတ်ရာ နားထောင်ပါ၊ ရောဂါ ပျောက်နိုးနိုး” ဆေးစာ၊ ဆေးညွှန်း ဖတ်ပြသည်ကို နားထောင်မိသူသည် ထိုဆေးဖြင့် မိမိ၏ ရောဂါဝေဒနာ ပျောက်တော့မယောင် ထင်စားမိတတ်သည်။ “ဆေးစာဖတ်ရာ နားထောင်ပါ၊ ရောဂါပျောက်နိုးနိုး” ဆိုသည့်အတိုင်းပင် ဖြစ်လေရာ ဟိုကတစ်မျိုး၊ သည်ကတစ်ဖုံ ပြောချင်တိုင်း ပြောလာကြသည့် ဆေးနည်းအဖုံဖုံတို့မှာ မှတ်လို့သားလို့ လိုက်နာလို့ မကုန်ဆုံးနိုင်တော့ သလောက်ပင်။ (Reference: 1,pp-67).

စာရေးသူသည် လခစားလုပ်ငန်းများ မလုပ်တော့ဘဲ ရပ်နားပြီးချိန်ကစတင်ကာ တိုင်းပြုပြည်ပြု စာပေအမျိုးအစားများကို ရေးသားတင်ပြနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ဆောင်းပါး ပုဒ်ရေပေါင်း တစ်ရာကျော်ခန့် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ဆောင်းပါးများကို ရေးသားတင်ပြ နိုင်ရန်အလို့ငှာ သတင်းအချက် အလက်များ၊ စာအုပ်များ၊ စာစောင်များ၊ လူမှုမီဒီယာများကို ထဲထဲဝင်ဝင် လေ့လာကြည့်မိသည့်အခါတွင်မူ စာရေးသူတို့၏ ပတ်ဝန်းကျင်တွင် “တက်ကျမ်း” စာပေများမှာ နယ်ပယ်များစွာတွင် နေရာယူလျက်ရှိနေသည်ကိုလည်း လေ့လာတွေ့ရှိ ရပါသည်။ တက်ကျမ်းစာပေများသည် အဘယ်ကြောင့် နယ်ပယ်များစွာတွင် နေရာရယူလျက်ရှိနေပါသလဲဆိုသည့် မေးခွန်းကို စာရေးသူ၏ မတောက်တခေါက် သေးငယ်သော အသိဉာဏ်ကလေးနှင့် စဉ်းစားကြည့်ပါမည်။

အထူးသဖြင့် အကဲဒမစ်ဆန်သည့် ဘာသာရပ်နယ်ပယ်များ၊ နိုင်ငံရေးနယ်ပယ်များတွင် ပြောဆိုရေးသားလျက်ရှိကြသည့် စကားလုံး၊ စကားရပ်များ၊ ဗျူရိုကရေစီယန္တရားတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် လူပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင်ကပင် တက်ကျမ်းစာပေများကို သဘောကျ နှစ်ခြိုက်စွာ ပြောဆိုရေးသားလျက်ရှိနေကြသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ စာရေးသူ၏မိတ်ဆွေ ဆရာကြီးတစ်ဦးကမူ ထိုကဲ့သို့ တက်ကျမ်း စာပေများကို ကြိုက်နှစ်သက် လက် ခံ ကျင့်သုံးနေခဲ့ကြသည်မှာ ယခုအချိန်တွင် အသစ်ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ လွတ်လပ်ရေးမရရှိမီ အချိန်ကာလကတည်းကပင် ဖြစ်ထွန်းပေါ်ပေါက်လျက် တည်ရှိနေခဲ့သည့် အခြေအနေကို

“နဂါးနီ သီချင်း” ကိုလေ့လာခြင်းဖြင့် အလွယ်တကူ သိမြင်နားလည်နိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆရာကြီး၏ လမ်းညွှန်ပြောကြားချက်ကြောင့် နဂါးနီသီချင်းကို လေ့လာကြည့်ရာ စာသားကလေးများအား စာဖတ်သူများအတွက် ပြန်လည် သတိပြု သိမြင်နိုင်စေရန် သီချင်း၏ ပထမစာပိုဒ်ကလေးကို တင်ပြရပါလျှင် -

“ဆင်းရဲခြင်း လွတ်ကင်းအောင်၊ လမ်းပြဆောင်ပါမည် (သည်)၊ ရတနာခုနစ်သွယ်၊ တကယ်ပင် စုံညီ၊ တို့ အမျိုးသားတိုင်းပြည်၊ မွဲတဲ့သူ လှူဒါန်းနိုင်မည်၊ ကျောင်းဆောက်ကာ၊ ဘုရားပါတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏတို့၊ ‘မ’ တဲ့ကိန်း ဆိုက်ပြီ”

ဖော်ပြပါ သီချင်းကလေးသည် “နဂါးနီစာအုပ်အသင်း” အတွက် ရည်ရွယ်ပြီး ရေးစပ်သီကုံးခဲ့သည်ဟု ကြားသိရပါသော်လည်း ပြည်သူလူထု၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်စေခဲ့သည့် သီချင်းကလေးတစ်ပုဒ် ဖြစ်ကြောင်းကို လေ့လာသိရှိရပါသည်။ စာရေးသူတို့ကိုယ်တိုင်လည်း သီချင်းကလေးကို ကြိုက်နှစ်သက်ပါသည်။

သို့သော်လည်း သီချင်းကလေးတွင်ပါဝင်သည့် စာသားများ၊ စကားလုံးများ၏ အဓိပ္ပာယ်များကို လေ့လာကြည့်မိသည့်အခါတွင်မူ လက်တွေ့သဘောတရားများနှင့် ကွာခြားလျက်ရှိနေသည့်အတွက် ကြိုက်နှစ်သက်ပြီး စဉ်းစားဆင်ခြင်မှုမရှိဘဲ အလွယ်တကူ လက်ခံကျင့်သုံးမည့် ဦးစီးဦးဆောင်ပြုလုပ်သူများအတွက်မူ စိတ်ပူပန်စရာ ဖြစ်မည်ဟု ထင်မြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် “ဆင်းရဲခြင်း လွတ်ကင်းစေရန်မှာ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏတို့၊ ‘မ’ တဲ့ကိန်းဆိုက်ပြီ။” ဆိုသည့် ပုံစံမျိုးနှင့် အကောင်အထည် ဖော် ဆောင်ရွက်ရန် မဖြစ်နိုင်ခြင်း ကြောင့် ဖြစ်ပါသည်။

အလျဉ်းသင့်သဖြင့် သီချင်း ကလေးတွင်ပါဝင်သည့် “သိဒ္ဓိ အဖုံဖုံ၊ လုံခြုံစေမည်၊ နေ့စဉ် ညစဉ် ဖိုမထိုးဘဲ အကျိုးပေးနိုင်သည်” ဆိုသည့် စကားလုံးများကို တွေ့မြင်ရသဖြင့် စာရေးသူငယ်ရွယ်စဉ်က အကြောင်းအရာကလေးကို စာဖတ်သူများအား တင်ပြပါမည်။ စာရေးသူ၏အဘိုး တိုင်းရင်းဆေးဆရာကြီးက သူ၏ဓာတ်လုံးအတွက် ဖိုထိုးသည့်အခါ လုံကလေးများထဲတွင် သတ္တုပစ္စည်းကလေးများထည့်ပြီး မီးပြင်းတိုက်ရန်အတွက် မီးတောက် လောင်လျက်ရှိသည့် မီးသွေးများကို လေအဆက်မပြတ် ရရှိနိုင်စေရန်အလို့ငှာ ရှူးရှူးမြည်သည်အထိ ဖားဖိုကြီး၏ကြိုးကို လက်ဖြင့်ဆွဲပေးရပါသည်။ လုံကလေးများ နီရဲသည်အထိ ဆွဲပေးရသည့် စာရေးသူအား တစ်ခါဆွဲပေးလျှင် အနားအတွန့်ကလေးများနှင့် ပြုလုပ်ထားသည့် ငါးပြားစေ့တစ်စေ့ ပေးပါသည်။ နောက်ပိုင်းတွင် လေးထောင့် ပုံစံရှိသည့် ၁၀ ပြားစေ့ တစ်စေ့ ပေး ပါသည်။

အဘိုးသည် သူနှင့်ရွယ်တူ တိုင်းရင်းဆေးဆရာကြီးများက အိမ်သို့လာရောက်လည်ပတ်ပြီး တွေ့ဆုံချိန်များဆိုပါလျှင် သူ့တွင်ပိုင်ဆိုင်သည့် ဓာတ်လုံးနှစ်လုံးအနက် လုံးချောပြီး အရောင်ထွက်လျက်ရှိသည့် ဓာတ်လုံးလေးကို ပြကာ အောင်မြင်နေပြီဖြစ်ကြောင်း အမြဲကြွားပြီး ပြောကြားလေ့ရှိသည်ကိုလည်း တွေ့ရှိရပါသည်။ မြေးများထဲတွင် စာရေးသူတို့ထက် အသက်ကြီးပြီး စကားရေရေလည်လည် ပြောတတ်သည့် မြေးတစ်ဦးအား မည်သည့် ပြင်ပပုဂ္ဂိုလ်တစ်ဦးက သင်ကြားပေးသည်ကို မသိရဘဲ ထိုမြေးက အဘိုး၏ ဓာတ်လုံးအစွမ်းကို “ပွတ်လျှင် ပြောင်၊ ဆောင်လျှင် လေး၊ ရေစိမ်သောက်လျှင် သေးပေါက်ကြောင်း” ဂုဏ်ယူလျက်ပြောရာ အဘိုး စိတ်ဆိုးသည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထိုမြေး၏အမည်ကိုလည်း “ဓာတ်ပွေး” ဆိုပြီး အမည်ပြောင် မှည့်ခေါ်ထားသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။

ထိုစဉ်အချိန်က ဓာတ်လုံးအတွက် ဖိုထိုးခြင်းမှာ စာရေးသူ၏အဘိုး တိုင်းရင်းဆေးဆရာကြီး တစ်ဦးတည်းသာမက စာရေးသူတို့၏ အဘိုးများ၊ အဘွားများ၊ အဖေ၊ အမေ စသည်ဖြင့် ကျေးရွာတွင်ရှိ လူကြီးသူမများက ရိုသေလေးစားရသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ဘုန်းကြီးကလည်း သူ၏ဓာတ်လုံးသည် အောင်မြင်လျက်ရှိကြောင်း ပြောကြားပြီးလျှင် စာရေးသူတို့ ဘုန်းကြီးကျောင်းသားပေါက်စ လူငယ်ကလေးအချို့အား အသက်ရှည်စေရန်အတွက်ဟုဆိုကာ သူ၏ ဓာတ်လုံးက ထွက်ရှိသည့် ဓာတ်ပြာ အမှုန့်ကလေးများကို သူ၏လက်ခလယ်ဖြင့် တို့ယူပြီး စာရေးသူတို့၏ လျှာပေါ်တွင် တို့ပေးသည်ကိုလည်း ခံယူခဲ့ရဖူးပါသည်။

စာဖတ်သူများအနေဖြင့် အထက်တွင် ဖော်ပြခဲ့သည့် အကြောင်းအရာများသည် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် နေထိုင် လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားအချို့တို့အနေနှင့် ၎င်းင်း တို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ တွင် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိ သည့်အခြေအနေမှာ လောကတွင် အမှန်တကယ် တည်ရှိနေသည့် လက်တွေ့ဆန်သည့် သဘောတရား များနှင့် ကင်းကွာလျက်ရှိပြီး မျှော်လင့်ထင်စားမိခြင်းကိုသာ အခြေပြုပြီး စိတ်ချမ်းသာမှုကို ရှာဖွေလျက်ရှိကြသဖြင့် တက်ကျမ်းစာပေများမှာ နယ်ပယ်မျိုးစုံတွင် အလွယ်တကူ ဝင်ရောက်နေရာယူသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။

စာဖတ်သူများအတွက် အလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင်ဖော်ပြထားပါသည်။

 ထို့ပြင် ယနေ့ အချိန် စာရေးသူတွေ့မြင်နေရသည့် တက်ကျမ်းစာပေများ နယ်ပယ်မျိုးစုံတွင် အလွယ်တကူ ဝင်ရောက်နေရာယူလျက်ရှိသည့် အကြောင်းရင်း အခြေအနေများကို စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။ အဆိုပါ အကြောင်းရင်းများတွင် တိုင်းပြည်နိုင်ငံအတွင်း နေထိုင်လျက်ရှိကြသည့် လူတို့၏ အနာဂတ် ကာလအတွက် မသေချာမရေရာမှု အခြေအနေများနှင့်လည်း တိုက် ရိုက်သက်ဆိုင်လျက်ရှိပါသည်။ တစ်နည်းအားဖြင့် တင်ပြရပါလျှင် တိုင်းပြည်နိုင်ငံတွင် ဖြစ်ထွန်းပေါ် ပေါက်လျက်ရှိသည့် နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေ အနေ၊ လူမှုရေးအခြေအနေစသည်တို့နှင့်လည်း တိုက်ရိုက်ဆက်စပ်ပတ်သက်လျက်ရှိနေပါသည်။

စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများအတွင်း အာဏာရှင်စစ်အုပ်ချုပ်ရေးကို ကာလတာရှည်ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တိုင်းပြည် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါသည်။ ဤတွင် မေးခွန်းများမှာ စစ်အုပ်ချုပ်ရေး ကာလတာရှည် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် တက်ကျမ်းစာပေများ  ပိုမိုထွန်းကား ပြန့်ပွားခဲ့ပါသလောဆိုသည့်မေးခွန်းနှင့် တက်ကျမ်းစာပေများ အလွန်ထွန်းကားပြန့်ပွားခဲ့သည့်အတွက် အာဏာရှင်စစ်အုပ် ချုပ်ရေးကို ကာလတာရှည်ကျင့်သုံး နိုင်စေရန် အထောက်အကူပေးခဲ့ပါသလောဆိုသည့် မေးခွန်းများဖြစ်ကြပါသည်။

စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် သေချာသည့်အခြေအနေတစ်ရပ်မှာ စစ်အုပ်ချုပ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြသူများ၊ တစ်နည်းအားဖြင့် အာဏာရှင်ကြီးများ တရားမျှတသော ရွေးကောက်ပွဲစနစ် (Electoral System) အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရရှိခဲ့ကြသူများ မဟုတ်ကြပါ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အင်အား အသုံးပြုကာ ရယူခဲ့သူများ ဖြစ်ကြပါသည်။ ထို့အပြင် ၎င်းတို့ ဖွဲ့စည်းဆောင်ရွက်သည့် လုပ်ငန်းများအတွက် အစဉ်တစ်စိုက်ကျင့်သုံးအကောင်အထည်ဖော်သည့် စနစ်မှာလည်း နေရာတိုင်းတွင် လူပုဂ္ဂိုလ်များကို  တိုက်ရိုက်ခန့်အပ် တာဝန်ပေးသည့်စနစ် (Appointed System) ကိုသာ အသုံးပြုကြပါသည်။

အာဏာရှင်ကြီးများသည် တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် လူပုဂ္ဂိုလ်များအား ရာထူး၊ အာဏာကို ပေးအပ်ရာတွင် အဆိုပါ လူပုဂ္ဂိုလ်၏ အရည်အချင်း၊ အရည်အသွေး၊ အကျင့်စာရိတ္တစသည့် တိုင်းပြည် နိုင်ငံတော်နှင့် ပြည်သူ ပြည်သားများအတွက် ဆောင်ရွက်နိုင်စွမ်းကို အခြေခံခြင်းမရှိဘဲ ၎င်းတို့၏ စိတ်တွင် ကြိုက်နှစ်သက်သူ၊ ၎င်းတို့အား သစ္စာခံမည်ဟု ယူဆသူ၊ ၎င်းတို့အတွက် အသက်အသေခံမည်ဟု ယူဆသည့် လူပုဂ္ဂိုလ်များကိုသာ ရွေးချယ်ခန့်အပ်တာဝန် ပေးအပ်လေ့ရှိသည်ကိုလည်း တွေ့မြင်ရပါသည်။

အကျိုးဆက်အဖြစ် အာဏာ၊ ရာထူး စသည်တို့ ခန့်အပ်ပိုင်ခွင့်ရှိသည့် အာဏာရှင်ကြီးများသည် အထက်တွင် ဖော်ပြထားသည့် ဘိုးဘိုးအောင်နှင့် ရှင်အဇ္ဈဂေါဏ မ-သကဲ့သို့ ပြည်သူပြည်သားများ နိုင်ငံသားများအပေါ်တွင် ပြုမူဆက်ဆံကျင့်သုံးခွင့် ရရှိစေခဲ့ပါသည်။ ပြည်သူပြည်သားနိုင်ငံသားအချို့တို့မှာလည်း ဘိုးဘိုးအောင်နှင့် ရှင်အဇ္ဈဂေါဏတို့ မ-သကဲ့သို့ အကျိုးအမြတ်များ ခံစားစံစားရရှိနိုင်စေရေးအလို့ငှာ အာဏာ၊ ရာထူးစသည်တို့ ခန့်အပ်ပိုင်ခွင့်ရှိသည့် အာဏာရှင်ကြီးများထံတွင် နည်းမျိုးစုံကို အသုံးပြုကာ ချဉ်းကပ်ဆည်းပူးကြရပါတော့သည်။

ထို့ကြောင့်လည်း တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် တိုင်းသူပြည်သား နိုင်ငံသားများအတွင်း ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် အခြေအနေတစ်ရပ်မှာ “အရှင်မွေး နေ့ချင်းကြီး” ဆိုသကဲ့သို့ အာဏာကို ဆုပ်ကိုင်ထားရှိသူများက ချီးမြှင့်မြောက်စားလိုက်သည်နှင့်တစ်ပြိုင်နက် အာဏာနှင့်ရာထူးကို နေ့ချင်းညချင်း လက်ခံရရှိနိုင်သကဲ့ သို့ နေ့ချင်းညချင်းလည်း ကြီးပွားချမ်းသာနိုင်ပါသည်။ ထို့ကြောင့်လည်း အချို့သော ပြည်သူပြည်သား နိုင်ငံသားများမှာ အာဏာနှင့်ရာထူးကို ရရှိမည်ဆိုပါလျှင် “ယ” ပက် လက်နဲ့ပဲ “ယ” “ယ”၊ ရကောက်နဲ့ပဲ “ရ” “ရ” ရရှိရန်သာ လိုအပ်ပါသည်ဆိုသည့် ပတ်ဝန်းကျင်ကို ဖြစ်ထွန်းပေါ်ပေါက်စေလျက် ရှိနေပါသည်။ အရှက်မရှိသူ၊ ဂုဏ်သိက္ခာမရှိ မထိန်းသိမ်းသူများအတွက် “ခွင်” တွေ့နေပါတော့သည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ယနေ့အချိန် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် တက်ကျမ်းစာ ပေများမှာ နယ်ပယ်များစွာ၌ နေရာ ယူလျက် ရှိနေခြင်းသည် လူငယ်များ အား စိတ်ဓာတ်တက်ကြွစေရန်၊ စိတ်လုံခြုံစေရန်၊ စိတ်သက်သာစေ ရန်နှင့် မျှော်လင့်ထင်စားမိစေရန် သက်သက်အတွက်ဆိုပါက ကောင်း ကျိုးများ ဖြစ်ထွန်းပေါ်ပေါက်နိုင်စေ မည်ဟု ဆိုနိုင်ပါသော်လည်း တိုင်း ပြည်ကိုတည်ဆောက်ရာတွင်သော် လည်းကောင်း၊ နိုင်ငံတော်ကို တည် ဆောက်ရာတွင်သော်လည်း ကောင်း၊ တိုင်းသူပြည်သားနိုင်ငံ သားများ၏အကျိုးကို တည်ဆောက် ရာတွင်သော်လည်းကောင်း အန္တရာယ် အတားအဆီးများအဖြစ် တည်ရှိဖြစ်ပေါ်စေနိုင်သည်များကို သတိပြုနိုင်စေရန် ရည်ရွယ်ပါသည်။

တက်ကျမ်းစာပေများ တည်ရှိ ဖြစ်ပေါ်လျက်ရှိသည့် နယ်ပယ်များ မှာ အမြောက်အမြားတည်ရှိနေပါသော်လည်း စာရေးသူအနေဖြင့် နယ်ပယ်သုံးနေရာကိုသာလျှင် အထူးပြုတင်ပြပါမည်။ စာဖတ်သူများအနေဖြင့်လည်း စဉ်းစားတွေး ခေါ်ကြည့်ကြပါရန် တိုက်တွန်းနှိုး ဆော်အပ်ပါသည်။

ပထမဦးစွာ ခေါင်းဆောင်မှုပညာနှင့် ပတ်သက်သည့်နယ်ပယ်တွင်ရှိ နည်းလမ်းများကို ရေးသားတင်ပြရာတွင် တက်ကျမ်းစာပေများ ဖြစ်ထွန်းပေါ်ပေါက်စေလျက်ရှိသည့် အခြေအနေကို တင်ပြပါမည်။ အမှန်တကယ်အားဖြင့် ခေါင်း ဆောင်မှုပညာရပ်များ၊ ဦးစီးဦး ဆောင်ပြုလုပ်ရသည့်ပ ညာရပ်များ၊ စီမံခန့်ခွဲမှု ပညာရပ်များသည် အကယ်ဒမစ် ဆန်သည့် ပညာရပ် အမျိုးအစားများ ဖြစ်ကြသည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါ သည်။

သို့သော်လည်း စာရေးသူတို့ တိုင်းပြည်နိုင်ငံ၏ နိုင်ငံရေးအခင်း အကျင်း၊ စီးပွားရေးအခင်းအကျင်း၊ လူမှုရေးအခင်း အကျင်းစသည့် အခြေအနေများအရ အကဲဒမစ်ပညာရပ်များကဲ့သို့ အပတ်တကုတ် ကြိုးပမ်းအားထုတ်ရန်မလိုအပ်ဘဲ “အရှင်မွေး နေ့ချင်းကြီး” နိုင်သည့် နေ့ချင်းညချင်း ရာထူး၊ အာဏာရရှိနိုင်စေခြင်း၊ နေ့ချင်းညချင်း ကြီးပွားချမ်းသာစေနိုင်ခြင်း စသည့်အခွင့်အလမ်းများကြောင့် တက်ကျမ်းစာပေများအနေဖြင့် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်မည်ဟု ထင်မြင်ပါသည်။

ဒုတိယနယ်ပယ်မှာ အောင်မြင်ရေးနည်းလမ်းများကို ရေးသားတင်ပြခြင်းဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် တွေးမြင်မိမည်ဟု ယူဆပါသည်။ ပုံမှန်အားဖြင့် လူ့လောကတွင် ကဏ္ဍပေါင်းစုံ၊ နေရာပေါင်းစုံ၊ အလုပ်အကိုင်အမျိုးမျိုး တည်ရှိနေသည်ဖြစ်ရာ ကဏ္ဍတစ်ခု၊ နေရာတစ်နေရာ၊ အလုပ်အကိုင်တစ်မျိုးအတွက် အောင်မြင်နိုင်စေရန်မှာ အခြားသော လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည့် မျိုးတူလုပ်ငန်းများ၊ လူပုဂ္ဂိုလ်များထက် သာလွန်သည့် အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာ၊ ဝီရိယ၊ ငွေကြေးစသည်တို့ စိုက်ထုတ်နိုင်မှသာလျှင် အခြားသော လုပ်ငန်းတူ၊ နေရာတူတွင် ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြ

သည့် လူပုဂ္ဂိုလ်များထက် ပိုမိုပြီး အောင်မြင်နိုင်မည် ဖြစ်ပါသည်။ အချိန်တိုင်းအတွက် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ရန်မှာလည်း လွန်စွာကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်ကို တွေးမြင်နိုင်ပါသည်။ အထက်ဖော်ပြပါ အခြေအနေများကိုကျော်လွှားကာ တက်ကျမ်းစာပေများအဖြစ် ဖန်တီးအသုံးပြုပြီး တင်ပြနေခြင်းကို စာဖတ်သူများအနေဖြင့် လေ့လာသုံးသပ်နိုင်ပါသည်။

တတိယနယ်ပယ်မှာ ကြီးပွားချမ်းသာကြွယ်ဝရေးနည်းလမ်းများကို ရေးသားတင်ပြကြခြင်းဖြစ်ပါသည်။ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် ပတ်ဝန်းကျင်အခင်းအကျင်း အခြေအနေများအရ ကြီးပွားချမ်းသာ ကြွယ်ဝရေး ရရှိနိုင်စေရန်မှာ အထက်တွင် ဖော်ပြထားသကဲ့သို့ နေ့ချင်းညချင်း ဖြစ်ထွန်းပေါ်ပေါက် ရရှိနိုင်စေသည့် အခွင့်အလမ်းများ တည်ရှိနေပါသဖြင့် တက်ကျမ်းစာပေများ ဖြစ်ထွန်းပေါ်ပေါက်လာစေမှုမှာ အများဆုံးနယ်ပယ်ဖြစ်နိုင်သည့် အခြေအနေဖြစ်မည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ယနေ့အချိန် စာရေးသူတို့၏တိုင်းပြည်နိုင်ငံတွင် တက်ကျမ်းစာပေများမှာ နယ်ပယ်များစွာ၌ နေရာယူလျက် ရှိနေခြင်းသည် လူငယ်များအား စိတ်ဓာတ်တက်ကြွစေရန်၊ စိတ်လုံခြုံစေရန်၊ စိတ်သက်သာစေရန်နှင့် မျှော်လင့်ထင်စားမိစေရန် သက်သက်အတွက်ဆိုပါက ကောင်းကျိုးများ ဖြစ်ထွန်းပေါ်ပေါက်နိုင်စေမည်ဟု ဆိုနိုင်ပါသော်လည်း တိုင်းပြည်ကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊ နိုင်ငံတော်ကိုတည်ဆောက်ရာတွင်သော်လည်းကောင်း၊ တိုင်းသူပြည်သားနိုင်ငံသားများ၏အကျိုးကို တည်ဆောက်ရာတွင်သော်လည်းကောင်း အန္တရာယ်အတားအဆီးများအဖြစ် တည်ရှိဖြစ်ပေါ်စေနိုင်သည်များကို သတိပြုနိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference: ၁။ မြန်မာစာအဖွဲ့ (၂၀၁၁)၊ “မြန်မာ ဆိုရိုးစကား” ၂၀၁၁ ခုနှစ်၊ မတ်လ၊ တတိယအကြိမ်။


READ NEXT
Cancel OK