Top News

ရှမ်းပြည်နယ် မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်နှင့် ပန်ဆန်းမြို့နယ်တို့တွင် အာဖရိကဝက် အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီးနောက် ရောဂါကင်းရှင်းမှုအခြေအနေသိရှိနိုင်ရန် စောင့်ကြည့်စစ်ဆေးခြင်းများ ဆက်လက်လုပ်ဆောင်နေ
24htopnews | October 28, 2024 9:12 AM CST

၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်များနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ပန်ဆန်းမြို့နယ်များတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီးနောက် ရောဂါကင်းရှင်းမှုအခြေအနေကို သိရှိနိုင်ရန် ရောဂါစောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားအထူးဒေသ (၄) တွင် အာဖရိကဝက်အပြင်းဖျား ရောဂါဖြစ်ပွားတွေ့ရှိမှုကြောင့် ရောဂါထိန်းချုပ်ရေးအတွက် ဝက်ကောင်ရေ ၄၀၀၀ ကျော် သုတ်သင်ခဲ့ရကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့နယ်အတွင်း ဝက်သေဆုံးမှု ဖြစ်စဉ်များသည် အာဖရိကဝက်အပြင်းဖျား ရောဂါကြောင့်ဖြစ်ကြောင်း သြဂုတ် ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သတင်းထုတ် ပြန်ကြေညာခဲ့သည်။

ယင်း သတင်းထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ အထူးဒေသ (၄) ၊ မိုင်းလားမြို့နယ်၊ ပုန်ဆန်ကျေးရွာစု၊ ဝမ်နွဲ့ကျေးရွာတွင် ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှ ၆ ရက်အထိ သံသယဖြစ်ဖွယ်ဝက်ရောဂါဖြင့် ဝက် ၁၂ ကောင်သေဆုံးမှုနှင့် ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် သြဂုတ် ၉ ရက်၌ သေဆုံးဝက်များမှ နမူနာပစ္စည်းများ ရယူပြီး ရန်ကုန်နှင့် မန္တလေးတိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်းများတွင် မော်လီကျူလာနည်းပညာဖြင့် စစ်ဆေးခဲ့ရာ အာဖရိကဝက်အပြင်းဖျား ရောဂါဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ကြောင်း  ဖော်ပြထားသည်။

“ မိုင်းလားအထူးဒေသမှာ ဝက်တွေ ရောဂါဖြစ်နေတယ်လို့ သိရှိရတဲ့အတွက် စစ်ဆေးဖို့ ကျွန်တော်တို့ဌာနကနေ အထူးအဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။ ဒီအဖွဲ့တွေက မိုင်းလားဒေသထဲက ဝက်ခြံတွေမှာ နမူနာတွေ ရယူစစ်ဆေး လုပ်ဆောင်ခဲ့ပါတယ်။ နမူနာတွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးချက်အရ အာဖရိကဝက်အပြင်းဖျား ရောဂါဗိုင်းရပ်စ် ပိုးစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရောဂါထိန်းချုပ်ရေးအတွက် ဝက်ကောင်ရေ  ၄၀၀၀ ကျော်ကို သုတ်သင် ရှင်းလင်းခဲ့ရပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်က ပြောကြားသည်။

မြန်မာအပါအဝင် နိုင်ငံအချို့တွင် ဖြစ်ပွားလျက်ရှိသော အာဖရိကဝက်အပြင်းဖျား ရောဂါသည် အစားအစာဘေးကင်းလုံခြုံရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးတို့အတွက် အဟန့်အတား ဖြစ်စေရုံမျှမက ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းနှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး လုပ်ငန်းများကိုပါ ထိခိုက်စေနိုင်သည့် တိရစ္ဆာန် ကူးစက်ရောဂါတစ်မျိုးအဖြစ် ခြိမ်းခြောက်လာနေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ 

အာဖရိကဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး အိမ်မွေးဝက်၊ တောဝက်များတွင် သေဆုံးမှုမြင့်မားသော ရောဂါတစ်မျိုးဖြစ်ပြီး ကာကွယ်ဆေး၊ ကုသဆေးမရှိကြောင်းနှင့် ရောဂါကူးစက် ဖြစ်ပွားကြောင်း အတည်ပြုပြီးပါက ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရောဂါဖြစ်ပွားကြောင်း အတည်ပြုပြီးသည့် ခြံအားသုတ်သင် ရှင်းလင်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ရောဂါဖြစ်ဒေသမှဝက်နှင့် ဝက်ထွက်ပစ္စည်းများတင်သွင်းမှုကို ကန့်သတ်တားဆီးပိတ်ပင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ကြရကြောင်း သိရသည်။

အာဖရိကဝက်အပြင်းဖျား ရောဂါဖြစ်ပွားလျက်ရှိသည့် တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားသည့် ၂၀၁၉ ခုနှစ် သြဂုတ် ၃ ရက်မှစ ၍ ဝက်ကောင်ရေ ၁၁၆၀၀၀၀ ကျော်ကို လည်းကောင်း၊ မွန်ဂိုလီးယားနိုင်ငံတွင် ရောဂါဖြစ်ပွားသည့် ဇန်နဝါရီ ၁၅ ရက်မှစ၍ ဝက်ကောင်ရေ ၃၁၁၅ ကျော်ကိုလည်းကောင်း၊ ဗီယက်နမ်နိုင်ငံတွင် ရောဂါဖြစ်ပွားသည့် ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ ဝက်ကောင်ရေ ၃၇၀၀၀၀၀ ကျော်ကိုလည်းကောင်း သုတ်သင်ရှင်းလင်းခဲ့ရသဖြင့် ဝက်မွေးမြူရေးလုပ်ငန်းအတွက် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုများသည့် ဝက်ရောဂါတစ်မျိုးဖြစ်ကြောင်းနှင့် သို့သော် လူသို့ ကူးစက်တတ်သည့် ရောဂါပိုး အမျိုးအစားမဟုတ်ကြောင်း သိရသည်။

                            

 


READ NEXT
Cancel OK