မြိတ်မြို့နယ် တောထွက်ကြီးကျေးရွာတွင် အမေရိကန်ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည့် စက်မှုဇုန်ကြီး တစ်ခုကို စီမံကိန်းကာလ ၁၅ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု အတွင်းရှိ တောထွက်ကြီး ကျေးရွာတွင် စက်မှုဇုန်ကြီး တစ်ခုကို Golden Myeik Development ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းတွင် ငါးသိုလှောင်ရေးစခန်း၊ ငှက်သိုက်မွေးမြူရေး၊ စက်မှုလက်မှု လုပ်ငန်းများ၊ လူနေအဆောက်အဦးများနှင့် ရေ၊ မီးပေးဝေရေး လုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“မြိတ်ဒေသမှာရှိတဲ့ နေရာမှာ ဧက ၁၉၁၈ ဧရိယာမြေပေါ်မှာ မြို့သစ်စီမံကိန်းလိုမျိုးတစ်ခု ပြုလုပ်မှာပါ။ အဲဒီဧရိယာ အတွင်းမှာ ငါးလှေတွေ ဝင်ထွက်ဆိုက်ကပ်ပြီး အတင်အချလုပ်မယ့်နေရာ စီစဉ်ထားတယ်။ ငှက်သိုက်လုပ်ဖို့ စီစဉ်ထားပါတယ်။ ရေနဲ့ လျှပ်စစ်ဖြန့်ဝေဖို့ စီစဉ်ထားတယ်။ စက်မှုဇုန်တစ်ခု လုပ်မယ်။ အဲဒါကို တခြားစီးပွားရေး သမားတွေနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဒေသကို တိုးတက်အောင် လုပ်ပါ့မယ်။ အခုကျွန်တော်တို့ တရုတ်ပြည်က လုပ်ငန်းတစ်ခုနှင့် MoU ထိုးထားပါတယ်။ နောက်ထပ် MoU ထိုးဖို့ အစီအစဉ်ဆွဲနေတာက ထိုင်းနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နှင့် တရုတ်တို့ပါမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကနေ မြေကိုတောင်းဆိုပါတယ်။ ဒီမြေပေါ်မှာနေတဲ့သူတွေ ဆီကလည်း သဘောတူညီချက် ရထားပြီးပြီဆိုတော့ သူတို့ကို နေအိမ်တွေ စီစဉ်ပေးပါ့မယ်။ ဒီစီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာသန်း ၁၀၀ လောက် မှန်းထားပါတယ်။ ဒီစီမံကိန်းကို လာမယ့် ၂၀၂၀ ပြည့်နှစ်က စပြီးတော့ ၁၅ နှစ်စာချုပ် ချုပ်ထားပါတယ်။ နိုင်ငံတော်ကလည်း ယုံကြည်မှုကို လိုချင်ပါတယ်။ လုပ်ငန်းရှင်တွေ ဆီကလည်း ယုံကြည်မှုကို လိုချင်ပါတယ်” ဟု Golden Myeik Development Co.,Ltd မှ ဒါရိုက်တာ ကိုကောင်းမြတ်က ပြောကြားသည်။
လက်ရှိအနေထားတွင် တိုင်းဒေသကြီး အစိုးရနှင့် သဘောတူညီချက် ယူထားပြီး ပြည်ထောင်စုအဆင့်သို့ တင်ပြရန် ရှိသည်များကို ဆောင်ရွက်နေသလို ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သော တနင်္သာရီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင်လည်း တရုတ်ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ထားခဲ့ကြောင်း သိရသည်။
“တိုင်းဒေသကြီး အစိုးရနှင့် ကျွန်တော်တို့ အခုအကြမ်းဖျင်း သဘောတူညီချက်တော့ ရထားပြီးပါပြီ။ နောက်တစ်ဖက်လည်း MIC ကို တင်တဲ့ စာရွက်စာတမ်းပိုင်း ဆိုင်ရာတွေလည်း လုပ်ဆောင်နေပါပြီ။ ဒီစီမံကိန်းကို အတည်ပြုဖို့ဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ သဘောထား ထောက်ခံချက်တွေ လိုအပ်ပါတယ်ခင်ဗျာ။ အဲဒါကိုလည်းလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အဓိက ခေါင်းစဉ်က ငါးခုရှိတယ်။ ငှက်သိုက်မွေးမြူရေးဇုန်၊ အအေးခန်း၊ ရေခဲစက်၊ ငါးအသားလွှာတန်ဖိုးမြှင့် ထုတ်ကုန်တွေကို ဖော်ဆောင်သွားမယ်။ ဒီစီမံကိန်းက ရည်မှန်းချက်ကြီးတဲ့ စီမံကိန်းတစ်ခုပါ။ အဲဒါနှင့်အညီ လိုအပ်ချက်တွေက အများကြီးရှိပါတယ်။ အထူးသဖြင့် ရေ၊ မီး၊ လမ်း၊ တံတား စတဲ့အခြေခံ လိုအပ်ချက်တွေ ရှိပါတယ်။ ကျွန်တော်တို့ နှစ်ရှည်စီမံကိန်း ဖြစ်ပါတယ်။ ကျွန်တော်တို့က ငါးနှစ်စီ ၁၅ နှစ် Plan တွေ ဆွဲထားပါတယ်။ ဒေသခံ လူငယ်လုပ်ငန်းရှင်တွေကို အဓိက ဦးစားပေးပြီး ဖွဲ့စည်းထားပါတယ်။ ရေလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ ပြည်ဖြိုးထွန်းကုမ္ပဏီ၊ လင်းဖြိုးအောင်ကုမ္ပဏီ၊ လင်းစန္ဒာအောင်ကုမ္ပဏီတို့ အနေနဲ့ ရေလုပ်ငန်းကို လုပ်ကိုင်လာတာ နှစ် ၂၀ ကျော်ရှိနေပါပြီ။ ဒီမိသားစုတွေက နေလာတဲ့ သားသမီးတွေက မိဘရဲ့ Guide Line အရ ဒီစီမံကိန်းကို အကောင်ထည်ဖော်ရမှာ ဖြစ်တဲ့အတွက် ဖြစ်အောင် လုပ်ဆောင်သွားမှာပါ” ဟု GMD ကုမ္ပဏီမှ MD ကိုလင်းထွဋ်အောင်က ပြောကြားသည်။
အဆိုပါ စိီမံကိန်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အဆင့်သို့ တင်ပြထားပြီးဖြစ်ကြောင်း အတည်ပြုထားသလို အရေးကြီးသည့် စီမံကိန်း တစ်ခုအဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
“တကယ်လို့ ဒီစီမံကိန်းဖြစ်မယ်ဆိုရင် ဘာစီမံကိန်းပဲလုပ်လုပ် MSPP ဆိုတဲ့မြန်မာ့ ရေရှည်တည်တံ့ ခိုင်မြဲသော စီမံကိန်းနှင့် လုပ်ဆောင်ခြင်းတွေရှိတယ်။ အဲဒီအတိုင်း လုပ်သွားရမယ်။ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေတဲ့ဟာမျိုး မရှိရဘူး။ လုပ်ရမယ့် ဧရိယာ အတွင်းမှာလည်း ပြည်သူလူထု နစ်နာမှု မရှိရအောင် လုပ်ဆောင်သွားရမယ်ဆိုတဲ့ စံချိန်စံညွှန်းတွေရှိတယ်။ စီမံကိန်း တစ်ခုခုကို လုပ်ပြီဆိုရင် PPP လို့ခေါ်တဲ့ Public Private Partnership ဆိုတဲ့ပြည်သူလူထုနှင့် သဟဇာတဖြစ်တဲ့ ခွဲဝေနဲ့ လုပ်ရမယ်ဆိုပြီး ၂၀၁၈ မှာ စီမံချက် ထွက်ပြီးသားပါ။ အဲဒီအတိုင်း လုပ်ဆောင်သွားရမယ်။ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ချပြပေးသွားရမယ်။ ဒီမှာနေတဲ့လူတွေ အတွက်ကလည်း နေဖို့ထိုင်ဖို့ ရပ်ကွက်အပြည့်အစုံအပြင် နောက်လူဦးရေ တိုးလာမယ့် အနေထားအတွက် ပြင်ဆင်ထားရမယ်။ လမ်း၊ တံတားတွေလည်း လုပ်ပေးသွားရမယ်။ ဒီမှာ Project နဲ့ပတ်သက်ပြီး သူတို့တင်လာတာကို ကျွန်မတို့က ပြင်တင်ပေးရမယ်။ မြေစာရင်းကနေ ဗဟိုလယ်/ဆည်ကို ပြန်ချပေးမယ်။ အဲဒီကမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြန်ကျလာမှာပါ အဆင့်တွေက လုပ်ရဦးမှာပါ” ဟု တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက ပြောကြားသည်။
GMD ကုမ္ပဏီတွင် Shwe Myan Aung ကုမ္ပဏီ၊ Lin Phyo Aung ကုမ္ပဏီ၊ Lin Sandar Aung ကုမ္ပဏီ၊One Ship Distribution ကုမ္ပဏီ၊ Pyi Phyo Tun International ကုမ္ပဏီနှင့် Aung Myat Phyo International ကုမ္ပဏီတို့ပါဝင်ပြီး အကျိုးတူ မိတ်ဖက်ကုမ္ပဏီများ အနေဖြင့် Sweety Home Industry ကုမ္ပဏီ၊ Myat Noe Thu Construction ကုမ္ပဏီနှင့် Khin Maung Nyunt Group ကုမ္ပဏီတို့ ပါဝင်ကြောင်း သိရသည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်