တစ်နှစ်ထက်တစ်နှစ် ငါးမျိုးပွားနှုန်း လျော့နည်းလာ၍ ငါးရံ့ရှားပါးလာမှုကြောင့် ငါးရံ့ခြောက်ထွက်ကုန်ပါ လျော့နည်းလာသဖြင့် နိုင်ငံခြားသို့ တင်ပို့နေရသော ပဲခူးဒေသထွက် ငါးရံ့ခြောက်မှာ စျေးကွက်ရှိသော်လည်း ပုံမှန်တင်ပို့နိုင်ခြင်း မရှိကြောင်း သိရသည်။
ပဲခူးဒေသထွက် ငါးရံ့ခြောက်များ ပြုလုပ်ရန် ငါးရံ့များကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်များရှိ ရေချိုအင်းအိုင်များမှ အများဆုံးရရှိပြီး ငါးရံ့ငါးများ သားပေါက်ချိန်တွင် စပါးစိုက်ခင်းများမှ ပိုးသတ်ဆေးဒဏ်များကို ခံရခြင်း၊ ဘက်ထရီရှော့တိုက်ပြီး ငါးဖမ်းခြင်း၊ ရေချိုအင်းများ ရှားပါးလာခြင်းတို့ကြောင့် ငါးရံ့မျိုးပွား ရှင်သန်နိုင်မှု လျော့နည်းလာကာ တစ်နှစ်ထက်တစ်နှစ် ငါးရံ့ကောင်ရေ လျော့နည်းလာကြောင်း သိရသည်။
“ငါးရံ့ခြောက်ကိုတော့ ကျွန်တော်တို့ဒေသက သူဌေးစာလို့ခေါ်တယ်။ ဘာကြောင့်လည်းဆိုတော့ စားလို့ကောင်းသလို စျေးလည်းကြီးတယ်။ အနည်းဆုံး တစ်ပိဿာ သုံးသောင်းအထက်မှာရှိတယ်။ စျေးပေါပေါနဲ့ ရောင်းနေရင်လည်း ငါးရံ့ခြောက် မဟုတ်တာ သေချာတယ်။ တစ်ပိဿာ သုံးသောင်းကျော် ဆိုတော့ အထက်အရာရှိတွေကို လက်ဆောင်ပေးတဲ့ အခါတွေ ပိုက်ဆံချမ်းသာတဲ့ သူတွေပဲ ဝယ်တာများတယ်။ ကျွန်တော်တို့ မြန်မာတွေက ငါးခြောက်ဖုတ်ကို ဆီဆမ်းပြီး ထမင်းနဲ့ စားကြတယ်။ နိုင်ငံခြားသားတွေက အရက်တို့ ဘီယာတို့နဲ့ မြည်းကြတယ်။ ရန်ကုန်ကနေပြီးတော့ ကျွန်တော်တို့ ပဲခူးဒေသထွက် ငါးရံ့ခြောက်ကို မှာယူပြီး နိုင်ငံခြားအထိ တင်ပို့နေပါတယ်။ ဒါပေမဲ့ တစ်နှစ်ထက်တစ်နှစ် ကုန်ကြမ်းက လျော့လာတယ်။ ငါးရရှိမှု နည်းလာတယ်။ မြန်မာနိုင်ငံမှာက ငါးရံ့မွေးမြူရေးလုပ်လို့ အဆင်မပြေသေးဘူး။ သဘာဝ အင်းအိုင်တွေက ရတာတွေပဲရှိတယ်။ ငါးရံ့က တစ်ခါမျိုးဥချရင် ဥပေါင်းသိန်းချီပါတယ်။ သူတို့က ရေစီးထဲမှာ ဥတာမဟုတ်ဘူး။ လယ်ကွင်းတွေပေါ် တက်ဥတာများတယ်။ ဥတဲ့အချိန် စပါးစိုက်တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်တယ်။ စပါးပင် ပိုးသတ်ဆေးတို့ ရှော့တိုက်ငါးဖမ်း တာတွေကြောင့် ဥတွေအားလုံးက မျိုးမအောင်ဘဲ တစ်နှစ်ထက် တစ်နှစ် ငါးကောင်ရေ လျော့လာတယ်။ ဒါကြောင့်လည်း လိုသလောက် မပို့နိုင်တော့ဘူး” ဟု ပဲခူးဒေသမှ ငါးရံ့ခြောက် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
“ငါးရံ့လုပ်ကိုင်ပုံကတော့ လာရောင်းတဲ့ ငါးရံ့တွေကို ဝယ်ယူပြီးတဲ့အခါ အလုပ်သမားတွေနဲ့ အကြေးခွံချွတ် (အကြေးထိုး) မယ်။ ခေါင်းဖြတ်ပြီး ဗိုက်ခွဲပြီး ရေစင်အောင် လေးကြိမ်လောက် ဆေးရပါတယ်။ ရေဆေးပြီး သင့်တော်တဲ့ ဆားပမမာဏထည့်ပြီး ဆားနယ်ပါတယ်။ တစ်ညအိပ်ထားပြီး ဆားတွေကို ရေဆေးပြီး နေလှန်းရပါတယ်။ ဆောင်းတွင်းနေဆို လေးနေလောက် လှန်းရပါတယ်။ နွေဆိုရင် နှစ်ရက်လောက်နဲ့ ခြောက်ပါတယ်။ ငါးရံ့ကို ခြောက်အောင်လှန်းဖို့ပဲ လိုတယ်။ ခြောက်ရင် ယင်ကြီး မဥတော့ဘူး။ ဘာယမ်းစိမ်းမှလည်း သုံးစရာ မလိုဘူး။ ပါကင်ပိတ်ပြီးထားရင် အကြာကြီး အထားခံပါတယ်” ဟု အဆိုပါ ငါးခြောက်လုပ်ငန်းရှင်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အင်းအိုင်များမှရရှိသော ငါးရံ့များကို ငါးရံ့ခြောက် ပြုလုပ်ပြီး ဖြန့်ဖြူးရောင်းချရာတွင် ပဲခူးဒေသထွက် ငါးရံ့ခြောက်များကို လူကြိုက်များ၍ ဘုရားဖူး ခရီးသွားများကို အဓိက ရောင်းချရပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချရန်လည်း မှာယူလေ့ရှိကာ စျေးကောင်းရလေ့ရှိကြောင်း သိရသည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်