Top News

မြန်မာခံစစ်ကျောက်ဆောင်မှူးကြီးရဲ့ မြက်ခင်းစိမ်းများအလွန်
24htopnews | October 27, 2024 11:12 PM CST

“ဝမ်းနည်းစရာကောင်းတာက ကျွန်တော် ဘောလုံးသာ နားသွားတယ်။ နိုင်ငံ့အတွက် ဆီးဂိမ်းရွှေတံဆိပ်ဆု မယူပေးခဲ့နိုင်ဘဲနဲ့ ဘောလုံးသမားဘဝ နားခဲ့ရတာပဲ” ဟု ဆိုလာသူကတော့ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဟောင်း မစန်းစန်းမော် ဖြစ်ပါတယ်။

အရပ် ငါးပေကျော်ရှိပြီး ဆံပင်တိုတိုညှပ်ထားတဲ့ မစန်းစန်းမော်ရဲ့ ပုံသဏ္ဌာန်က အမှတ်တမဲ့ ကြည့်မိပါက အမျိုးသားတစ်ဦးလို့ ထင်ရမှာပါ။

ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့ ဇာတိဖြစ်တဲ့ မစန်းစန်းမော်ဟာ သူမအသက် ၁၂ နှစ်အရွယ်ကတည်းက ဘောလုံးကစားခဲ့တာ ဖြစ်ပါတယ်။

“စန်းစန်းမော်ကြီးက ခေါင်းတိုက်ကောင်းတယ်ဆိုရင် လူကမြောက်နေပြီ။ ဘောလုံးဖြစ်ဖြစ် ဘာဖြစ်ဖြစ် မစဉ်းစားဘူး။ တိုက်ပစ်လိုက်တာပဲ” လို့ မစန်းစန်းမော်က ပြောပါတယ်။

မစန်းစန်းမော် ဘောလုံးကစားစဉ် အချိန်က အမျိုးသမီးတွေ ဘောလုံးကစားခွင့်ဆိုတာ တော်ရုံဇွဲနဲ့ မရပါဘူး။ မြန်မာ့ယဉ်ကျေးမှုအရ ဘောလုံးကစားတယ်ဆိုတာ အမျိုးသားတွေပဲ ကစားရတဲ့ အားကစားနည်း တစ်ခုလို့ မြင်ကြပါတယ်။

တောသူတောင်သား မိသားစုက ပေါက်ဖွားလာတာ ဖြစ်တဲ့အတွက် မစန်းစန်းမော်ရဲ့ ဘောလုံးသမားဘဝ အစကတော့ မချောမွေ့ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီဒုက္ခတွေ ဆိုတာက သူဝါသနာပါတဲ့ ဘောလုံးကစားခြင်းကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ ကလေးဘဝကတည်းက ဘောလုံးကစားရမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လုပ်နိုင်ခဲ့တယ်လို့ မစန်းစန်းမော်က ဆိုပါတယ်။

“အမေကို တော်တော်ချစ်တယ်။ ခရီးထွက်ရမယ်ဆိုရင် အမေမပါဘဲနဲ့ မသွားဘူး။ မခွဲနိုင်ဘူး။ ဒါပေမဲ့ ဘောလုံးကစားရမယ်ဆိုတော့ အမေ့ကို ခွဲနိုင်ခဲ့တယ်” လို့ မစန်းစန်းမော်က ဆိုပါတယ်။

၁၉၉၆ ခုနှစ်မှာတော့ မြန်မာအမျိုးသမီး လက်ရွေးစင်အဖြစ်ကို ရောက်ရှိခဲ့တဲ့ မစန်းစန်းမော်ဟာ အဲဒီအချိန်တုန်းက အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။

ကစားဖော် အချင်းချင်းက ကောင်လေးလို့ ချစ်စနိုးခေါ်ခဲ့တဲ့ မစန်းစန်းမော်ဟာ ကစားသမားဘဝမှာ စည်းကမ်းတကျ နေထိုင်ပြီး ကြိုးစားလိုစိတ်အပြည့် ရှိတယ်လို့ အဲဒီအချိန်တုန်းက လက်ရွေးစင်အသင်း အုပ်ချုပ်သူ တစ်ဦးဖြစ်တဲ့ ဒေါ်မြရီက ပြောပါတယ်။

“သူ့ကို ငယ်ငယ်လေးကတည်းက သိတယ်။ ကစားတာကောင်းတယ်။ ၁၉၉၅ ခုနှစ်မှာသူ့ကို ငယ်သေးလို့ နုသေးလို့ ထားခဲ့တာ။ နောင်လည်း ကောင်းလာဦးမယ်ဆိုတာ သိတယ်။ သူ့လိုမျိုး ၂၂ နှစ်ကစားခဲ့တဲ့သူဆိုတာ မရှိဘူး။ ကစားခဲ့တဲ့သမိုင်းမှာ ဒီကောင်လေးက တော်တော်ကောင်းပါတယ်။ ယဉ်ကျေးသိမ်မွေ့ပြီး စိတ်ဓာတ်လည်းကောင်းတယ်။ မိဘကို အရမ်းချစ်တတ်တယ်” လို့ တပည့်ဟောင်း မစန်းစန်းမော်အပေါ် ဒေါ်မြရီက သုံးသပ်ပါတယ်။

အသက် ၆၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်မြရီကလည်း မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့သူဖြစ်ပြီး ထိုစဉ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ကောင်လေးလို့ ချစ်စနိုး အမည်ပြောင်ရထားတဲ့ မစန်းစန်းမော်ဟာ မြန်မာအမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းမှာ နောက်တန်းခံစစ်မှူးအဖြစ် ဆယ်စုနှစ်နှစ်ခုကျော် ၂၂ နှစ်ကြာ ကစားခဲ့တာဖြစ်ပြီး သူ့ရဲ့မာဂုဏ်မြင့် စွမ်းရည်ကြောင့် နာမည်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ ကိုယ့်အသင်းသား ထိသွားပြီဆိုရင် ကွင်းလယ်ဒိုင်တွေကို စောဒကတက်တဲ့ မြင်ကွင်းတွေနဲ့ အကျႌလက်ကို အပေါ်အထိ ဆွဲတင်ပြီး တွန်းတွန်းတိုက်တိုက် ကစားဟန်တွေက မစန်းစန်းမော်ရဲ့ သင်္ကေတလို့ ပြောလို့ပါတယ်။

မစန်းစန်းမော်ဟာ ဘောလုံးအားကစားသမားသက်တမ်း ၂၂ နှစ်အတွင်း မြန်မာအမျိုးသမီးအသင်းကို ခေါင်းဆောင်ပြီး ၂၀၀၄ နဲ့ ၂၀၀၇ ခုနှစ်တို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနှစ်ကြိမ် ရရှိခဲ့ပါတယ်။

ဒါ့အပြင် နှစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မှာတော့ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုများစွာ ရရှိဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူခဲ့ပေမဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုမှု၊ မျိုးဆက်သစ် အားကစားသမား ရှားပါးမှုတို့ရယ် ကိုယ်တိုင်လည်း ကစားနိုင်သေးတာကြောင့် ပြန်လည် ကစားခဲ့ပါတယ်။

“ဒီဘောလုံးကြောင့်ပဲ တောရွာက လူတစ်ယောက် နိုင်ငံခြားကို ရောက်ခဲ့တယ်။ ရွာပေါ်ကိုဖြတ်ပျံခဲ့တဲ့ လေယာဉ်တွေကို လိုက်ငေးနေရတဲ့ဘဝကနေ အဲဒီလေယာဉ်တွေကို စီးခွင့်ရခဲ့တယ်။ အဲဒါတွေ အကုန်လုံးက ဘောလုံးသမား ဖြစ်ခဲ့လို့ပဲ” လို့ မစန်းစန်းမော်က ပြောပါတယ်။

သူမရဲ့ ကစားသမား သက်တမ်းမှာ မမေ့နိုင်တဲ့ ဖြစ်ရပ်နှစ်ခု ရှိတယ်လို့ မစန်းစန်းမော်က ဆိုပါတယ်။ တစ်ခုက ဝမ်းသာစရာဖြစ်ပြီး တစ်ခုကတော့ ဝမ်းနည်းစရာပါပဲ။

ဝမ်းနည်းစရာ ဖြစ်ရပ်ကတော့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲပဲ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက မြန်မာအမျိုးသမီး အသင်းကို ပရိသတ်တွေက ရွှေတံဆိပ်ရမယ့် အသင်းလို့ သတ်မှတ်ထားခဲ့တာပါ။

ပွဲမတိုင်ခင် ခြေစမ်းပွဲတွေမှာ ပြသထားတဲ့ အနေအထား၊ ပါဝင်တဲ့ ကစားသမားစာရင်းနဲ့ အိမ်ကွင်း ဖြစ်နေတာကြောင့် ဘောလုံးကနေ ရွှေတံဆိပ်ရမယ်လို့ အားလုံးက မျှော်လင့်နေတဲ့ အချိန်ပါ။ မြန်မာအသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ်လို့ တင်စားနိုင်တဲ့ သန်းသန်းထွေး၊ ဇင်မာဝမ်း၊ ဂိုးသမား မေခင်ယမင်း၊ ခင်မာလာထွန်း၊ ရှေ့တန်းတိုက်စစ်မှူး မာဂရက်မေရီ အစရှိတဲ့သူတွေနဲ့ မြိုင်ဆိုင်ပါတယ်။

ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်လျှောက်မှာလည်း မြန်မာအမျိုးသမီးအသင်းရဲ့ စွမ်းဆောင်ရည်က အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်ပါတယ်။

ဗိုလ်လုပွဲမှာတော့ အိမ်ရှင်မြန်မာအသင်းနဲ့ ဘောလုံးရန်ဘက်လို့ဆိုနိုင်တဲ့ ထိုင်းအသင်းတို့ ရင်ဆိုင်ရပါတယ်။

အရှေ့တောင်အာရှ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အကြိတ်အနယ်အရှိဆုံး ဗိုလ်လုပွဲလို့ဆိုနိုင်မယ့် ထိုင်းအသင်းနဲ့ မြန်မာအသင်းတို့ ရင်ဆိုင်ရာမှာတော့ ပထမပိုင်း၊ ဒုတိယပိုင်း ပွဲချိန်တွေမှာ တစ်ဖက်တစ်ဂိုးစီ သရေကျသလို အချိန်ပိုမိနစ်တွေမှာလည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ဒါပေမဲ့ ပင်နယ်တီကျိန်စာဆိုးကနေ မလွတ်မြောက်ခဲ့တဲ့ မြန်မာအသင်းအတွက်တော့ ထပ်မံကံဆိုးခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ သားကောင်ဖြစ်ခဲ့ရသူကတော့ မစန်းစန်းမော်ပါ။ ဘောလုံးအသင်းတွေမှာ ငါးလုံးမြောက် ပင်နယ်တီ ဆိုတာက အသင်းခေါင်းဆောင် ဒါမှမဟုတ် အသင်းရဲ့ အားထားရာ ကစားသမားက တာဝန်ယူရတာပါ။

မစန်းစန်းမော်က မြန်မာအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့အတွက်ကြောင့် ငါးလုံးမြောက် ပင်နယ်တီကန်ဖို့က သူ့တာဝန်ပါပဲ။ ဖိအားတွေ၊ အရှိန်တွေရဲ့အောက်မှာ မစန်းစန်းမော်ကန်ခဲ့တဲ့ ပင်နယ်တီက ဂိုးအဖြစ် မပြောင်းလဲခဲ့ပါဘူး။ ဂိုးအဖြစ်မပြောင်းလဲခဲ့တဲ့ ပင်နယ်တီကြောင့် မြန်မာအသင်းရဲ့ ရွှေရောင် မျှော်လင့်ချက်ကတော့ ပျက်သုဉ်းခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်ဟောင်း မစန်းစန်းမော်အား ၎င်း၏အကြော်ဆိုင်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပင်နယ်တီလွဲချော်မှုက အားကစားသမားဘဝက အနားယူခဲ့သည့်တိုင်အောင် လုံးဝမမေ့နိုင်ဘူးလို့ မစန်းစန်းမော် (ခေါ်) ကောင်လေးက ပြောပါတယ်။

“သန်း ၆၀ သော ပရိသတ်တွေရဲ့ နှလုံးသားကို ခွဲလိုက်သလို ဖြစ်သွားတာ။ အဲဒီပင်နယ်တီလွဲသွားလို့ အခု နားသာ နားသွားလိုက်ရတယ်။ ဘာမှတန်ဖိုးမရှိသလို ခံစားရတယ်” လို့ မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝဲနေတဲ့ မစန်းစန်းမော်က ပြောပါတယ်။

ဘောလုံးသမားဘဝမှာ မေ့မရတဲ့ ပျော်ရွှင်စရာ တစ်ခုကတော့ လက်ရွေးစင်အသင်းက အနားယူဖို့ ဆုံးဖြတ်ပြီးတဲ့အချိန် နောက်ဆုံးကန်ခဲ့ရတဲ့ ဘောလုံးပွဲဖြစ်တယ်လို့ သူမက ဆိုပါတယ်။

အဲဒီပွဲမှာ လက်ရွေးစင်နည်းပြ ရော်ဂျာက အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ကစားစေကာ ဂုဏ်ပြုပေးခဲ့ပါတယ်။

“ဘောလုံးနားတော့မယ် အချိန်မှာ ကိုယ်သည် ကပ္ပတိန် မဟုတ်တော့ဘူး။ ခင်မာလာထွန်း ကပ္ပတိန် လုပ်နေတယ်။ သို့သော် ကိုယ့်ရဲ့ အဆုံးသတ်ကို သူက (ရော်ဂျာ) ကပ္ပတိန်နဲ့ပဲ အဆုံးသတ်စေချင်တယ်ဆိုပြီး ကျွန်တော့်ကို နောက်ဆုံးပွဲလေးမှာ ကပ္ပတိန်လက်ပတ်လေး စွပ်ပြီးတော့ ဝင်ကစားစေခဲ့တယ်။ ဒါဟာ ကျွန်တော့်ဘဝအတွက် မှတ်မှတ်ရရ ကျွန်တော့်ကို ပေးအပ်လိုက်တဲ့ လက်ရွေးစင် ကစားသမား တစ်ယောက်ရဲ့ တန်ဖိုးရှိတဲ့အရာ တစ်ခုကို ရော်ဂျာကြီးက ကျွန်တော့်ကို ပေးလိုက်တာပါ” လို့ မစန်းစန်းမော်က ပြောပါတယ်။

အဲဒီပွဲပြီးတဲ့ အချိန်မှာလည်း အမှတ်တရအနေနဲ့ မစန်းစန်းမော်ရဲ့ ဆီးဂိမ်းအကျႌပေါ်မှာ နည်းပြရော်ဂျာနဲ့ အသင်းဖော်များက လက်မှတ်တွေ ရေးထိုးပေးအပ်ခဲ့ကြပါတယ်။

ဘောလုံးကစားသမားဘဝကနေ အနားယူပြီးတဲ့ အချိန်မှာတော့ မစန်းစန်းမော်ရဲ့ဘဝက ခက်ခဲကြမ်းတမ်း လာပါပြီ။

ဘာကြောင့်ပါလဲ။ သူ့အတွက် တစ်ချိန်တုန်းက မြက်ခင်းစိမ်းတွေက အဖော်ဖြစ်နေခဲ့ပေမဲ့ အခုချိန်မှာ အကြော်ကြော်တဲ့ ဒယ်အိုးက သူ့အတွက် အဖော်လို့ ဆိုရမှာပါ။

အမျိုးသမီး လက်ရွေးစင်အသင်းမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဂုဏ်ယူစွာ ဝတ်ဆင်ပြီး သူအောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်ဖူးတဲ့ သုဝဏ္ဏဘောလုံးကွင်း ပရိဝုဏ်ထဲမှာ မြေစိုက်တဲလေး ဆောက်ပြီး အကြော်နဲ့ အအေးရောင်းချရင်း တစ်ဖက်တစ်လမ်းကလည်း ဝင်ငွေရှာဖွေနေရတာပဲ ဖြစ်ပါတယ်။

မစန်းစန်းမော်က ဘောလုံးသမားဘဝကနေ အနားယူပြီးတဲ့ အချိန်မှာ မြန်မာအမျိုးသမီး ယူ- ၁၉ အသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သလို ဌာနဆိုင်ရာ တစ်ခုမှာ ရာထူးတစ်ခု ရယူထားတဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ထုတ်ဖော်ပြောဖို့မရဲတဲ့ အခက်အခဲတွေ ရှိနေတဲ့ အတွက်ကြောင့် ရရှိတဲ့လစာနဲ့ မလောက်ငလို့ အခုလိုထွက်ပြီး အပိုဝင်ငွေ ရှာဖွေနေရတာပဲ ဖြစ်ပါတယ်။

“အမှန်ပြောရရင် ရှက်လည်း ရှက်ပါတယ်။ လက်ရွေးစင် ကစားသမား တစ်ယောက်ဖြစ်ပြီး အခုလိုမျိုးဆိုတော့ ဘောလုံးအဖွဲ့ချုပ် အတွက်လည်း မကောင်းဘူးလေ။ အဲဒီလိုမျိုး အဖွဲ့ချုပ် ထိခိုက်မှာလည်း ကျွန်တော်စိုးတယ်။ ကျွန်တော့်ဘာသာ အဆင်မပြေလို့သာ အခုလိုမျိုး လုပ်စားတာလေ။ အကြော်ကြော်တယ် ဆိုတာလည်း လူတိုင်းရဲ့ အကောင်းပြောတဲ့ အထဲမှာ မပါဘူး” လို့ ပါးပေါ်ကို ကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်း မစန်းစန်းမော်က ပြောလိုက်ပါတယ်။

သူအရင်ရောင်းခဲ့တဲ့ အကြော်ဆိုင်နေရာက သုဝဏ္ဏကွင်းထဲမှာ မဟုတ်ပါဘူး။ လေးထောင့်ကန်လမ်းပေါ်က ကားမှတ်တိုင်တစ်ခု နားမှာပါ။

အဲဒီမှာ ရောင်းချနေရင်း စည်ပင်က ခဏခဏ ဖမ်းတဲ့အတွက်ကြောင့် ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိတဲ့ သူတွေကို အကူအညီတောင်းပြီး သုဝဏ္ဏကွင်းထဲမှာ ရောင်းချခွင့် ရရှိခဲ့တာပါ။

“စည်ပင်က လာဖမ်းလိုက်။ ပြန်ဖွင့်လိုက်နဲ့။ အခု ဒီထဲမှာ ရောင်းနေတာ သိပ်မကြာသေးဘူး” လို့ မစန်းစန်းမော်က ဆိုပါတယ်။

အမျိုးသား လက်ရွေးစင်ဟောင်း တစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှာ တင်လိုက်တဲ့ ဓာတ်ပုံတစ်ပုံကြောင့် မီဒီယာတွေက သိရှိသွားတဲ့ အချိန်မှာတော့ သူ့ရဲ့နည်းပြဘဝကို ပြန်စဉ်းစားရတော့မယ်လို့ မစန်းစန်းမော်က ပြောပါတယ်။

သူကလက်ရှိမှာလည်း ယူ- ၁၉ အမျိုးသမီး လက်ရွေးစင်အသင်းရဲ့ နည်းပြတစ်ယောက် ဖြစ်နေတဲ့ အတွက်ကြောင့် ဘောလုံးအသင်း Camp ပြန်ဝင်မယ်ဆိုရင် သူပညာဖြန့်ဝေနေတဲ့ ကလေးတွေ ဂုဏ်ငယ်မှာကို သူစိုးရိမ်နေပါတယ်။

“ကျွန်တော့်မှာ အခုအခက်အခဲတစ်ခုက Camp ပြန်ဖွင့်ရင်စမှာ။ ကလေးတွေကို ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရမလဲ ဆိုတာပဲ။ သူတို့ကို နည်းပြတဲ့သူက လမ်းဘေးမှာအ ကြော်ရောင်းနေတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တယ်လို့ ခံစားရတယ်” လို့ မစန်းစန်းမော်က ဆိုပါတယ်။

ဘောလုံးသမား ဘဝကနေ အနားယူခဲ့ရပေမဲ့ မစန်းစန်းမော်ရဲ့ စိတ်ထဲမှာ မေ့လို့မရပါဘူး။ အားကစားကို အသွေးအသားထဲကချစ်တဲ့ စိတ်ကြောင့်လည်း အိမ်သဖွယ်ဖြစ်ခဲ့တဲ့ မြက်ခင်းစိမ်းတွေကို ကျောမခိုင်းရက်ဘဲ လက်ထောက်နည်းပြ ဘဝကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

သူသင်ကြားပြသရတဲ့ ယူ-၁၉ အမျိုးသမီး ဘောလုံးအားကစားသမား တွေကလည်း တစ်ချိန်နိုင်ငံ လက်ရွေးစင် အသင်းကြီးမှာ ပါဝင်လာရမှာမို့ သူပြောပြဆုံးမတဲ့ စကားတစ်ခွန်း ရှိပါတယ်။

အဲဒါက “လက်ရွေးစင်ကစားသမားတစ်ယောက် ဖြစ်ရတာ ဘာနဲ့မှမတူဘူး” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

အခက်အခဲတွေ တွေ့နေတဲ့ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း မစန်းစန်းမော်ရဲ့ အခက်အခဲကို တတ်နိုင်သလောက် ဖြေရှင်းပေးမယ်လို့ MFF ရဲ့ အမျိုးသမီး ဘောလုံးကိုယ်စားလှယ် ဒေါ်မြတ်မြတ်ဦးက ပြောပါတယ်။

“သူ့ဆီက ပိုက်ဆံရစရာရှိတဲ့ သူတွေကို ပြောချင်ပါတယ်။ စန်းစန်းမော်ယူထားတဲ့ ပိုက်ဆံတွေကို အထောက်အထားတွေယူပြီး လာခဲ့ပါ။ သူ့ကိစ္စကို အကောင်းဆုံး ညှိနှိုင်းပြီး ဖြေရှင်းပေးမှာပါ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေနဲ့လည်း စန်းစန်းမော်ကို အမြဲကူညီ ပေးခဲ့ပါတယ်။ ဦးဇော်ဆိုရင်လည်း တတ်နိုင်သလောက် ပံ့ပိုးပေးခဲ့ပါတယ်။ သူက ဝီရိယရှိတယ်၊ ရိုးသားတယ်၊ ကြိုးစားတယ်။ ဒါပေမဲ့ စီးပွားရေးအမြင် အားနည်းတယ်။ ပြီးခဲ့တဲ့ သွေးချင်းပွဲတော်မှာ ဆိုင်ငှားခ တစ်ရက်တစ်သိန်းနဲ့ စျေးသွားရောင်းတယ်။ အမြတ်က အရမ်းနည်းပြီး ခုနစ်သိန်း ဝန်းကျင်လောက် ရှုံးသွားတယ်။ ဒါမျိုးတွေ အများကြီး ရှိပါတယ်။ သူ့ကိုကူညီခဲ့တဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကလေးကို ငဲ့ညှာပြီး အတိုးတွေ အရမ်းမယူဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ဒေါ်မြတ်မြတ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်လောက်ကလည်း အလားတူဖြစ်စဉ်မျိုး ကြုံခဲ့ဖူးပြီးတော့ ဘောလုံးအဖွဲ့ချုပ်က ဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။

မိသားစုမှာ အငယ်ဆုံးဆိုပေမဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တဲ့ မစန်းစန်းမော်တစ်ယောက် ပေးစရာရှိတဲ့ အကြွေးတွေကို ပြန်ပေးဖို့ လုပ်နေခဲ့တာပါ။ လှေလှော်ရင်း နစ်ခဲ့တဲ့လူလို ဘဝအတွက် ဖြေရှင်းရင်း အကြွေးတွေနဲ့ လက်လွန်ခဲ့တာလို့ သိရပါတယ်။

အခုချိန်မှာတော့ သုဝဏ္ဏကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ အကြော်တဲလေးထဲမှာ တစ်ချိန်က မြန်မာအမျိုးသမီး အသင်းရဲ့ ခံစစ်ကျောက်ဆောင်ကြီး မစန်းစန်းမော်တစ်ယောက် အကြော်ရောင်းနေပါတယ်။

သစ်ပင်အရိပ်အောက်မှာ ဖွင့်ထားတဲ့ အကြော်ဆိုင်လေးထဲမှာ လူလေးငါးယောက် ထိုင်နေပါတယ်။ အကြော်စုံအပြင် အသုပ်မျိုးစုံကိုပါ ရောင်းချနေတဲ့အတွက် ကျောမှာလွယ်ထားတဲ့အိတ်ကို စလွယ်သိုင်းရင်း မစန်းစန်းမော်တစ်ယောက် လက်ဖက်သုပ်တစ်ပွဲကို သုပ်နေပါတယ်။

သုဝဏ္ဏကွင်းကို ဖြတ်သန်းလာတဲ့ လေအေးလေးတွေကြောင့် မတ်လရဲ့ ပူပြင်းတဲ့ အပူချိန်အတွက် သက်သာရာ ရစေခဲ့ပေမဲ့ ဘဝအတွက် ရင်ဆိုင်ရမယ့် အခက်အခဲတွေကြောင့် မစန်းစန်းမော်တစ်ယောက် အေးမြမှုကို မခံစားနိုင်သေးပါဘူး။ ဒါပေမဲ့ သူတစ်ချိန်က ကျင်လည်ခဲ့ရတဲ့ မြက်ခင်းစိမ်းတွေ အကြောင်းကို ပြောရမယ် ဆိုရင်တော့ လက်ရှိ အခက်အခဲတွေကို မေ့နေတတ်ပါတယ်။

သူ့ဘဝရဲ့ ငယ်ချစ်ဦးလို့ ဆိုရမယ့် ဘောလုံးအားကစားနဲ့ ပတ်သက်လို့ အခုချိန်မှာ ဘောလုံးပွဲတွေ ကြည့်မိရင် အားမလိုအားမရ ဖြစ်တာတွေ ရှိနေတုန်းပဲလို့ သူကဆိုပါတယ်။

“သူ့နေရာမှာ ကိုယ်သာဆိုရင် ဆိုတဲ့ မရိုးမရွစိတ်မျိုး ဖြစ်မိတယ်။ အဲဒီလိုမျိုး ဘောလုံးသမားဘဝ ကစားခဲ့တာကို ပြန်တမ်းတမိတယ်” လို့ မစန်းစန်းမော်က ပြောပါတယ်။

 

 


READ NEXT
Cancel OK