Top News

ခေါင်းမူးတဲ့ သံယောဇဉ်
24htopnews | October 27, 2024 11:12 PM CST

(၁)

အခုတလော မကြာမကြာ ခေါင်းမူးချင်နေသည်။ အနီးအနားမှာ ရှိနေသည့် ဟိုဆေး သည်ဆေးလေးများ သောက်လိုက်လို့ပဲလား၊ ခေါင်းမူးချိန် စေ့သွားလို့ပဲလားတော့ မသိ။ ပြီးတော့လည်း ပြန်ကြည်သွားသည်။ ‘ခေါင်းမူးရင် ဆရာဝန်ဆီ သွားပါလား’ ဟု အကြံပေးလိုသူတို့ ရှိမည်ကို သိပါသည်။ သို့သော် ကိုယ့်ဝေဒနာ၏ ပမာဏအရ သွားလောက်သည့် အတိုင်းအတာအထိ မရောက်သေးဟု ကိုယ့်ဆင်ခြင်တုံဖြင့် ဆင်ခြင်ကာ ထိုကိစ္စကို မစဉ်းစားဘဲ နေလိုက်ခြင်း ဖြစ်သည်။

အဖြစ်က၊ မနှစ်က ဖြစ်ပါသည်။ ခေါင်းတစ်ချက်အမူးမှာ အထူးကုဆေးခန်းကို ရောက်သွားသည်။ ကိုယ်ထင်ထားသည်က နည်းနည်းပါးပါး စမ်းသပ်ပြီး ဆေးလေး ဘာလေးထိုး၊ စားဆေးလေး ဘာလေးပေး၊ လွန်ရော ကျွံရောမှ လေးငါးသောင်းပေါ့ဟု စိတ်တွက်တွက်ပြီး ပိုပိုမိုမို တစ်သိန်းတိတိ ထည့်လာခဲ့သည်။ ကိုယ်က နားမလည်သော်လည်း ဆေးရုံဆေးခန်း မကြာမကြာ ရောက်တတ်သော အဖော်လိုက်လာသည့် ဦးဇင်းက နား လည်ပုံရသည်။ သူက ကိုယ့်ကိုပင် အသိမပေးဘဲ လိုရမယ်ရအနေဖြင့် ငွေနှစ်သိန်းတိတိ ထည့်လာခဲ့သည်။ ဆိုကြပါစို့၊ ဟိုရောက်တော့ ဆရာဝန်ကြီးကို စောင့်ရသည်။ ဆရာဝန်ကြီး ရောက်လာပြီဆိုတော့ သူ့အခန်းရှေ့က တန်းလျားမှာ ထိုင်စောင့်ရသေးသည်။ ကိုယ့်အလှည့်ကား မရောက်သေး။

ဟော .. ခဏကြာတော့ တာဝန်ကျ ဆရာမလေးက ကိုယ့်နာမည်ကို သရဇ္စျာယ်ပါပြီ။ ခေါင်းမူးတာ ဘာညာ ဘေးချိတ်။ ချိုသာသော မျက်နှာဖြင့်ပင် ဖွင့်ထားသော တံခါးမှတစ်ဆင့် အထဲကို ဝင်သွားသည်။ အထဲရောက်တော့ ဆရာဝန်ကြီး မေးသည်ကို ဖြေရသည်။ မမေးသည်ကိုတော့ မဖြေ။ ဆရာဝန်တို့မည်သည် မမေးဘဲဖြေခြင်းကို မကြိုက်တတ်သလို မဆိုင်သူက ဝင်ဖြေသည်ကိုလည်း မကြိုက်တတ်ပါ။ ဒါကိုတော့ အတွေ့အကြုံအရ သိပြီးဖြစ်သည်။ သည်တော့ ဆရာ မငြိုငြင်ရလေအောင် စကားလုံးကိုရွေး၍ ဖြစ်စဉ်ကို ပြောပြလိုက်သည်။ သူက လိုအပ်သည့် စမ်းသပ်ချက်တို့ကို လုပ်ပြီးနောက် စာရွက်ပေါ်မှာ ဘောပင်ဖြင့် တောက်တောက် တောက်တောက် ချရေးသည်။

လိုအပ်ချက်များ ပြီးချိန်မှာတော့ ဆရာမလေးလက်ကို စာရွက်အပ်သည်။ ဆရာမလေးက စာရွက်ကို ကိုယ့်လက်သို့အပ်ရင်း ဟိုအခန်းကို သွားပါ၊ သူတို့က ဆက်ပြီးညွှန်ကြားပါလိမ့်မည် ဆိုသည်။ ဟုတ်ကဲ့ပါပေါ့။ သို့ဖြင့် ဟိုအခန်းရောက်တော့ သူတို့ကလည်း ဟိုအခန်းကိုသွားဖို့ ဆက်လက်ညွှန်ကြားသည်။ ဆေးတစ်လုံး ထိုးပေးသည်။

ပြီးတော့ ဟိုဘက်က နောက်တစ်ခန်း။ ဘာတွေလုပ်ခဲ့ရသလဲဆိုတော့ တီဗီဓာတ်မှန် ရိုက်ရသည်။ အာထရာဆောင်း ရိုက်ရသည်။ သွေးစစ်ရသည်။ သွေးစစ်သည့်ကိစ္စကို သူတို့ဌာနမှာ နှစ်ကြိမ်တိတိ လုပ်ပြီးနောက် အပြင်ဆေးခန်းမှာ တစ်ကြိမ်လုပ်ရသေးသည်။ ထိုဆေးခန်းက ပြန်လာတော့ ဆရာဝန်ကြီး အခန်းကို တစ်ခေါက် ထပ်ရောက်ရသည်။

ပြီးပြီဆိုတော့ စောစောက ရောက်ခဲ့ရသည့် အခန်းကို တစ်ခေါက်ပြန်သွားရသည်။ ငွေရှင်းဖို့။ စိတ်ထဲမှာ စောစောကတည်းက ငါ့ငွေနှင့် မလောက်ဘူးဆိုတာတော့ သိနေပါသည်။ အတူပါလာသည့် ဦးဇင်းကို ခပ်တိုးတိုး ပြောလိုက်တော့ သူ့မှာ နှစ်သိန်းပါလာပါသည် ဆိုသည်မို့ အတန်အသင့် စိတ်အေးသွားရသည်။ ပြေစာစာရွက်လေး လက်ထဲရောက်လာတော့ ‘ဘုရားဘုရား’  စိတ်က ပွားရသည်။ ကုသိုလ်တော့ ဖြစ်ခဲ့မည်မထင်ပါ။ ငွေမလောက်သည်မို့ ကားဆရာဆီက ငါးသောင်း ချေးရသေးသည်။ အေးလေ၊ ကျန်းမာရေး အတွက်ကိုး။ အသက်ထက် ဘာကများ အရေးကြီးရဦးမှာလဲ။ ကုန်သင့်ကုန်ရမှာပဲပေါ့။ ဟုတ်ဘူးလား။

ပြောချင်တာက ဆေးရုံဆေးခန်းကိစ္စ မဟုတ်ပါ။ အခုတလော ခေါင်းမူးမူးနေတတ်သည်ကိုသာ ပြောလိုရင်း ဖြစ်သည်။ သို့သော် အတွေးက စပ်မိစပ်ရာ ပေါ်လာရသည်မို့ အတော်လေးတော့ လေကြောရှည်သွားပုံရသည်။ ထားပါတော့။ ပြောခဲ့သလို အခုတလော မူးတူးတူး ဖြစ်နေလေတော့ ကိုယ်တာဝန်ယူထားရသည့် စာအုပ်ကြီးဘက်ကို အတော်နှင့် ပြန်မလှည့်နိုင်ဖြစ်နေသည်။ ခေါင်းမူလျက်တန်းလန်းကြီးနဲ့တော့ စာမကြည့်နိုင်သေးပါ။ ထိုမျှအထိတော့ အတင့် မရဲရဲ။ မနေ့ညကတော့ အတန်အသင့် သက်သာပြီမို့ မေးလ်ပို့ထားသော စာများကို ဖိုင်ပြန်သွင်းရင်း စာအနည်းငယ်ဖတ် ဖြစ်သွားသည်။

(၂)

စာတစ်ပုဒ်ကို ဖတ်မိတော့ လူသားနှင့် တိရစ္ဆာန်တို့အကြားက သံယောဇဉ်ဇာတ်လမ်းကို လာတွေ့သည်။ သူ့စာမှာ သူတင်ပြချင်သည်က သံယောဇဉ်ကိစ္စတော့ မဟုတ်။ သူငယ်စဉ်က သူ၏ မသိနိုးနားအပြုအမူကြောင့် တိရစ္ဆာန်လေးများကို ကူညီခဲ့ခြင်းက ကူညီရာမရောက်ဘဲ ဘေးတွေ့အောင် လုပ်လိုက်သကဲ့သို့ ဖြစ်ခဲ့ရခြင်းများ အကြောင်းကို ရေးထားခြင်း ဖြစ်သည်။ သူ့ကူညီမှုကြောင့် ဘေးသင့်ခဲ့ရသည့် တိရစ္ဆာန်များက ကြောင်နှင့်ကြွက်တဲ့။ ဆန်းတော့ ခပ်ဆန်းဆန်းထဲကပါပဲ။ ချစ်ခင်စိတ်ဖြင့် ကြောင်ကို ကူညီခြင်းက မဆန်းလှသော်လည်း ကြွက်ပေါက်စလေးများအပေါ် သနားစိတ်ဖြင့် ကူညီခဲ့ပုံဇာတ်လမ်းက ကိုယ့်အတွက်တော့ ဆန်းပြားနေခဲ့သည်။ သူ့စာမှာ သံယောဇဉ်ဟု မပါသော်လည်း သံယောဇဉ်ကိုတော့ အထင်းသား မြင်နေရပါသည်။

သူ့စာကို ဖတ်ရင်း ကိုယ်တိုင်ကြုံဆုံခဲ့ရဖူးသော အိမ်မွေးတိရစ္ဆာန်လေးများအကြောင်းကို စိတ်က ပြန်သတိရမိသွားသည်။ ငယ်ငယ်ကအဖြစ်ပဲဆိုပါတော့။ ဇာတိရွာမှ စစ်ကိုင်းတောင်ရိုးကို ရွှေ့ရတော့မည် ဆိုတော့ အစ်ကိုများက တောင်ရိုးကို လှည်းဖြင့်လိုက်ပို့သည်။ ထိုမနက်ခင်းက အိမ်မှာပဲ ထမင်းဆီဆမ်းကို ပဲပြုတ်ဘယာကြော်တို့ဖြင့် စားသောက်ပြီးနောက် လှည်းပေါ်တက်မည် အလုပ် ‘ လိမ်လိမ်မာမာနေဖို့၊ စာတတ်အောင် သင်ဖို့’  စသော ထုံးတမ်းစဉ်လာ စကားများကို ခေါင်းတညိတ်ညိတ်လုပ်နေစဉ် အောင်နက်က ဒူးခေါင်းကို နှုတ်သီးဖြင့် လာထိုးသည်။ အဖေအမေတွေနှင့် ပထမဆုံးခွဲရမည်မို့ မအီမလည်ကြီး ဖြစ်နေချိန်မှာ အောင်နက်က လာနှုတ်ဆက်တော့ စိတ်ထဲ အနေရအထိုင်ရ ပိုခက်သွားရသည်။

ကိုယ်က အောင်နက်ဂုတ်ကို ကိုင်ပြီး တစ်ချက်နှစ်ချက်လောက် ပွတ်သပ်ပေးလိုက်တော့ သူကလည်း တအီအီဖြင့် ခွန်းတုံ့ပြန်သည်။ ‘ တောင်ရိုးကို ငါသွားတော့မယ်ဆိုတာ သူလည်း သိနေတယ်ထင်ပါရဲ့၊ စကားမပြောတတ်ရှာလို့ ခေါင်းနဲ့တိုက်ပြီး နှုတ်ဆက်တာလားမသိဘူး’ ဟု တွေးမိရင်း စိတ်က အလိုလို ဆွေးသွားရသည်။ အိမ်မွေးတိရစ္ဆာန် တစ်ကောင်အပေါ် အမျှင်တန်းမိသည့် သူငယ်တစ်ယောက်၏ အဦးအစသံယောဇဉ်။

ဘုရားပွဲကျောင်းပွဲရှိ၍ ရွာကိုပြန်ရောက်ပြီဆို အိမ်ထဲကိုမဝင်မီကတည်းက အပြေးကလေး လာကြိုတတ်သူက အောင်နက်ဖြစ်သည်။ ကိုယ်ကလည်း သူ့ခေါင်းကို လက်ဖြင့်ပုတ်၍ နှုတ်ဆက်မြဲ၊ သူကလည်း အမြီးလေး တနှန့်နှန့်ဖြင့် ကြိုဆိုမြဲ။ မှတ်မှတ်ရရ အငယ်တန်းဖြေမည့်နှစ်က ရွာကိုပြန်တော့ အောင်နက်၏ ကြိုဆိုရေးအစီအစဉ် ပျက်ကွက်ခဲ့သည်။ ‘ ဒကာမကြီး၊ အောင်နက်ကြီးကော’ လို့ မေးမိတော့ အမေက စကားတစ်စုံ တစ်ရာမဆိုဘဲ မီးဖိုချောင်ထဲ ဝင်သွားသည်။ ‘ ကိုရင့် အောင်နက်ကြီး ဟိုတစ်လောကပဲ ဆုံးသွားပြီ’ ဟု အဖေကဆိုတော့ စိတ်ထဲ မှုန်မှုန်မှိုင်းမှိုင်းကြီး ဖြစ်ခဲ့ရသည်ကို မမေ့။ ခွဲခွာရချိန်၌ ဝမ်းပန်းတနည်း ဖြစ်ခဲ့ရသည့် ပထမဆုံးသော တိရစ္ဆာန်က ခွေးကလေးတစ်ကောင် ဖြစ်နေခဲ့သည်။

နောက်တစ်ခုကတော့ လွန်ခဲ့သော ၁၀ နှစ်ဝန်းကျင်က အဖြစ်ပါ။ တစ်နေ့သ၌လို့ပဲ ဆိုကြပါစို။ ကိုယ်တို့နေရာဌာနသို့ ကြောင်တစ်ကောင် ရောက်လာခဲ့သည်။ ဘယ်က ဘယ်လိုရောက်လာမှန်းပင်မသိ။ အစပိုင်းကတော့ စားချိန်ရောက်လာပြီး အစာဝလျှင် ပျောက်ပျောက်သွားတတ်သည်။ နောက်တော့ ဒီကျောင်းကို သူ့အိုးသူ့အိမ်လို သဘောထားလာသည် ထင်ပါရဲ့။ မည်မျှ သဘောထားခဲ့သနည်းဆိုလျှင် ကြောင်လေးတွေကို မွေးလာခဲ့သည်အထိ ဖြစ်သည်။ သူမွေးထားသည့် နေရာထက် ပိုမိုလုံခြုံမည်ထင်ရသော နေရာသို့ ကိုယ်တို့က ရွှေ့ပေးသည်ကို သူက လက်မခံ။ သူ့စိတ်ထဲ ပို၍ မလုံမခြုံဖြစ်သွားဟန် တူသည်။ နောက်ထပ်နေရာ အသစ်ကို ပြောင်းသွားသည်။ “ အေးလေ မိခင်စိတ်နဲ့ ဘယ်သူ့ကိုမှ  အယုံအကြည်မရှိဖြစ်တာ ထင်ပါရဲ့။ သူကြိုက်တဲ့နေရာ နေပါစေကွာ” ဟု ကိုရင်တွေကို ပြောထားရသည်။

မွေးစဉ်က သုံးကောင်ဖြစ်သော်လည်း တစ်ကောင်သာ အဖက်တင်ကျန်ရစ်သည်။ ထိုကြောင်မကြီးက ကိုယ့်ကို မခင်တွယ်သော်လည်း သူမွေးထားသည့် ကြောင်ကလေးက ကိုယ့်ကို အတော်ခင်တွယ်သည်။ ကိုယ်သွားရာနောက်ကို တကောက်ကောက်လိုက်သည်။ မီးပျက်သည့်ညများဆို သူ့ကိုတက်နင်းမိမည်စိုး၍ ခြေလှမ်းကိုပင်ကြွပြီး မလှမ်းရဲ၊ ရှပ်တိုက်ပြီး လှမ်းရသည်။ “ ငါ့အပေါ်သံယောဇဉ်ကြီး ရှာတယ်” ဆိုသည့်အတွေးဖြင့် ကိုယ်ကလည်း သူ့ကို ပုဇွန်ခြောက်လေးဘာလေးဝယ်ပြီး ချချကျွေးသည်။

ညည ကွန်ပျူတာစားပွဲထိုင်ချိန်မျိုး၌ သင်္ကန်းစအခြေကို ကုတ်ခြစ်ပြီး လည်ကုတ်ပေါ်အထိ တက်လာသည်။ ကွန်ပျူတာစာစီနေသည်ကို ကိုယ့်ပခုံးထက်မှ ငေးသည်။ ခဏကြာတော့ ကီးဘုတ်ပေါ် ခုန်ချသည်။ လက်ကွက်တွေပေါ် သူ့ခြေလေးချောင်း ကျလာချိန်၌ စာလုံးတွေက သူထင်ချင်ရာ ထင်ကုန်တော့သည်။ ကိုယ်က သူ့ကိုဆွဲပြီး ပခုံးပေါ် ပြန်တင်ပေးသည်။ ခဏကြာတော့ စောစောကလိုပဲ ခုန်ချပြန်သည်။ ကြာတော့ အလုပ်က မတွင်တော့။ ကွန်ပျူတာကို ပိတ်လိုက်ရတော့သည်။ သူ့ကို အပြင်ခန်းထုတ်၊ တဘက်အိုလေးဖြင့် ပတ်သိပ်ပြီးကာမှ ကွန်ပျူတာကို ပြန်ဖွင့်လို့ရသည်။ မယ်မယ်ရရ အကြောင်းမရှိပါဘဲ ရုတ်တရက် သူပျောက်သွားတော့ သူ့ကို သတိတရ ဖြစ်နေမိသည်ကိုက အကြာကြီး။

နောက်တစ်ခုကတော့ ဆွမ်းခံဇာတ်လမ်းတစ်ပုဒ်ပါ။ ဆွမ်းခံထွက်သည့် တစ်မနက်ခင်းက ၃၄ လမ်းပေါ် လျှောက်နေတုန်း ‘ အရှင်ဘုရား၊ အိမ်ထဲကြွပါဦးဘုရား’ ဟု ဒကာမကြီးတစ်ယောက်က လာပင့်သည်မို့ ကိုယ်လည်း သပိတ်ကြီးတစ်ဖက်ဖြင့် လိုက်သွားရသည်။ အိမ်က ကုန်စုံဆိုင်မို့ ပစ္စည်းမျိုးစုံဖြင့် ပြည့်နေသည်။ သူက ကုလားထိုင်ပေါ် တဘက် တစ်ထည် ခင်းပေးသည်။ ကုလားထိုင်ပေါ် ထိုင်မိချိန်၌ ရေစက်ခွက်တစ်ခွက်ကို ကိုယ့်ရှေ့လာချသည်။

“ မွေးနေ့မို့ တိုတိုကျဉ်းကျဉ်း ကုသိုလ်ပြုချင်ဟန်တူပါရဲ့” ဟု တွေးမိသော်လည်း ဒကာမကြီးမျက်နှာက မရွှင်ပျလှ။ “ မနေ့ညက တပည့်တော်မအိမ်က ကြောင်ကလေးကား တိုက်ခံရလို့ ဆုံးသွားတယ်ဘုရား။ အခုဟာက သူ့ကိုရည်စူးပြီး အမျှအတန်း ပေးဝေချင်လို့ပါ” ဟု ဆိုသည်။ “ ဤကုသိုလ်၏ အဖို့ဘာဂကို ကြောင်ကလေးကို အစထား၍ ၃၁ ဘုံ ကျင်လည်ကုန်သော” စသည်ဖြင့် ရေစက်သွန်းချ အမျှပေးဝေခဲ့ရဖူးသည်။

ထိုအဖြစ်နှင့် ဆင်ဆင်တူသောအဖြစ်မျိုးကို မေမြို့မှာနေစဉ်က တစ်ကြိမ်ကြုံခဲ့ဖူးသည်။ ထိုစဉ်ကတော့ ခွေးကလေး။ တစ်နေ့၊ ဒကာမကြီး သားအမိနှစ်ယောက် ဆွမ်းချိုင့် လာပို့သည်။ နာယကဘုန်းကြီးက မန္တလေး ဆင်းသွားလေသည်မို့ ကိုယ်ကပဲ ဆွမ်းချိုင့်ကို အကပ်ခံကာ “ ဘာအတွက် လာကပ်တာလဲ ဒကာမကြီး” ဟု မေးမိတော့ “ အိမ်ကခွေးကလေး သေသွားတာ တစ်လပြည့်မို့ ဆွမ်းချိုင့် လာပို့တာပါဘုရား” ဟု ပြောပြောဆိုဆို သမီးဖြစ်သူက ခေါင်းကိုငုံ့၍ တအိအိ ငိုသည်။ ကိုယ်ကလည်း ခွေးကလေးနာမည်ကို အသေအချာမေး၍ နာမည်တပ်ပြီး ကုသိုလ်အမျှဝေငှ ပေးလိုက်ရဖူးသည်။

(၃)

‘ ခေါင်းမူတဲ့သံယောဇဉ်’ ဆိုသည့်ခေါင်းစီးက ရာသီနွေဦး ဆန်နေမည်လားတော့ မဆိုနိုင်။ ရာသီက နွေဦးဆို လူ့စိတ်က ဝေ့လည်ဝေ့လည် ဖြစ်ချင်သည်။ သည်တော့လည်း ပေးမိသည့် ခေါင်းစဉ်က ခေါင်းမူးတဲ့ သံယောဇဉ် ဖြစ်သွားသည်ပဲ ထင်ပါရဲ့။ တကယ်ဆို ခေါင်းမူးခြင်းနှင့် သံယောဇဉ်က သိပ်တော့ မဆိုင်လှပါ။ တစ်ခုတော့ရှိသည်။ ခေါင်းမူးခြင်းကြောင့် သံယောဇဉ်ဖြစ်လာစရာ မရှိသော်ငြား သံယောဇဉ်ကြောင့်တော့ဖြင့် ခေါင်းမူကောင်း မူးသွားနိုင်ပါသည်။

 


READ NEXT
Cancel OK