Top News

အိမ်နီးချင်းတရုတ်နိုင်ငံတွင် အာဖရိကဝက် အပြင်းဖျားရောဂါဖြစ်ပွားမှုကြောင့် ပြည်တွင်းသို့ကူးစက်မှုမရှိစေရန် ရောဂါဖြစ်ပွားသောနိုင်ငံများမှ ဝက်နှင့် ဝက်ထွက်ပစ္စည်းများတင်သွင်းမှု ယာယီပိတ်ပင်
24htopnews | October 26, 2024 2:12 PM CST

အိမ်နီးချင်းတရုတ်နိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပွားမှုကြောင့် ပြည်တွင်းသို့ ကူးစက်မှုမရှိစေရန် ရောဂါဖြစ်ပွားသော နိုင်ငံများမှ ဝက်နှင့် ဝက်ထွက် ပစ္စည်းများ တင်သွင်းမှု ယာယီပိတ်ပင်ထား ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ကျရောက်ဖြစ်ပွားပြီး ဝက်အများအပြား သေဆုံးလျက်ရှိရာ မြန်မာနိုင်ငံသို့ ရောဂါပိုးကူး စက်ဝင်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရန်အတွက် တရုတ်နိုင်ငံနှင့် ရောဂါဖြစ် ပွားနေသောနိုင်ငံများမှ ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း နှင့် အခြားဝက်ထွက်ပစ္စည်းများ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ပေါက်များနှင့် လေဆိပ်/ ရေဆိပ်များမှတစ်ဆင့် သယ်ယူခြင်း၊ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများ မပြုလုပ်ရန် ယာယီတားဆီးပိတ်ပင်ထားကြောင်း မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ဆိုင်ရာပို့ ကုန်သွင်းကုန်စစ်ဆေးထိန်းသိမ်းရေးဌာန စိတ်က ထုတ်ပြန်ကြေညာထားသည်။

အဆိုပါထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားမဝင် အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ သယ်ယူခြင်းနှင့် ရောင်းချခြင်းကိစ္စများ တားဆီးပိတ်ပင်မှုအား ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပူးပေါင်းညှိနှိုင်းဆောင်ရွက် ရေးကော်မတီမှ အသိပေးကြေညာထားသည်။

“ကျွန်တော်တို့ဆီကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ အကြောင်းကြားစာရောက်လာတဲ့အတွက် လေကြောင်းလိုင်းတွေအားလုံးသိရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဒီစာကို ထုတ်ပြန်တာပါ။ လေဆိပ်ကနေ ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေ တင်သွင်းမှုကန့်သတ်တာကို လောလောဆယ်တော့ ယာယီလို့ပဲ သတ်မှတ်ထားပါတယ်။ ဘယ်အချိန်ထိလဲဆိုတာတော့ မသိရသေးဘူး”ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးဘန်ဂျမင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever) ရောဂါကို OIE ကအရေးကြီးရောဂါအဖြစ် သတ်မှတ်၍ ရောဂါကူးစက်မှုဖြစ်ပွားလာပါက သုတ်သင်ရှင်းလင်းမှုပြုလုပ်ရန် မှတ်ချက်ပြုထားကြောင်း၊ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေပြီး မြန်မာနိုင်ငံအတွင်းသို့ အချိန်အခါမရွေး ဝင်ရောက်နိုင်ခြင်းကြောင့် ကူးစက်ပြန့်ပွားမှု မရှိစေရန် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“လက်ရှိ မူဆယ်နယ်စပ်ဂိတ်စခန်းတွေမှာ ဝက်နဲ့ဝက်ထွက်ပစ္စည်း တရားမဝင်ဝင် ရောက်မှုတားဆီးပိတ်ပင်ကန့်သတ်ထားတဲ့ အသိပညာပေးဗွီနိုင်းပိုစတာတွေကို စိုက်ထူတာတွေအပြင် အသိပညာပေးဟောပြောပွဲတွေကိုလည်း ဆောင်ရွက်ထားပါတယ်။ ဦးစီးဌာနအနေနဲ့ ရောဂါနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ Simulation Exercise on Disease Outbreak and Reporting System ကို ဌာနမှာရှိတဲ့ မြို့နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတွေကို  သင်တန်းပို့ချခဲ့ပြီးဖြစ်ပါတယ်” ဟု မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အာဖရိကဝက်အပြင်းဖျားရောဂါ သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိ စပ်လျက်ရှိသည့် တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ် အပါအဝင် တရုတ်နိုင်ငံအရှေ့မြောက်ဒေသ၊ အလယ်ပိုင်းဒေသနှင့် အရှေ့ပိုင်းဒေသတို့ရှိ ပြည်နယ်အချို့ရှိ ဝက်ခြံပေါင်း ၁၀၀ ကျော်တွင် ရောဂါပျံ့နှံ့မှုဖြစ်ပွားခဲ့ပြီး ဝက်ကောင်ရေ ၉၅၀၀၀၀ အား သုတ်သင်ရှင်းလင်းခဲ့ရသောကြောင့် မိမိနိုင်ငံရှိ ဝက်ခြံများကိုလည်း အာဖရိကဝက်အပြင်းဖျား ရောဂါကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် မွေးမြူရေး ခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။

အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊ ဝက်ခြံများနှင့် သားငါးစျေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ အိမ်မွေးဝက်များကို အပူပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်းမရှိသော စားသောက်ဆိုင်များမှ စားကြွင်း၊ စားကျန်ကျွေးခြင်းမပြုလုပ်ရန်၊ အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊ အသက်အရွယ်တူ ဝက်များကိုသာ အတူတူမွေးမြူရန်၊ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရန်၊ ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့် ဝက်များကို မိမိခြံရှိ ဝက်များနှင့်မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊ ပြည်ပမှ တရားမဝင်တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊ တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊ တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေး အဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန် အသိပေးနှိုးဆော်ထားသည်။


READ NEXT
Cancel OK