Top News

ရုရှားလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများကို ဆက်လက်ပိတ်ပင်ထားရန် FIFA နှင့် UEFA တို့ဆုံးဖြတ်ခဲ့ခြင်းကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရုရှားမပါဝင်
24htopnews | November 20, 2024 2:12 PM CST

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) တို့သည် ရုရှားလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများကို နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ခွင့် ဆက်လက်ပိတ်ပင်ထားရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ရုရှားလက်ရွေးစင်အသင်းအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပါဝင်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

FIFA နှင့် UEFA သည် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့ခြင်းကြောင့် ရုရှားလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများအား ၂၀၂၂ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရုရှားလက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်နေဆဲကာလမှာပင် နုတ်ထွက်ခဲ့ရသည်။ 

ယင်းကဲ့သို့ ပိတ်ပင်ထားသည့်အတွက် ရုရှားအသင်းသည် ယခုနောက်ပိုင်းတွင် ခြေစမ်းပွဲများ နှင့် ဖိတ်ခေါ်ပြိုင်ပွဲအချို့သာ ယှဉ်ပြိုင်ကစားနေရကြောင်း သိရသည်။ ယခုအခါ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန်၏ ခြေစစ်ပွဲများ စတင်ယှဉ်ပြိုင်ရန် နီးကပ်လာသည့်အတွက် FIFA နှင့် UEFA တို့က ရုရှားအသင်းနှင့်ပတ်သက်၍ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန်ခြေစစ်ပွဲကို ၂၀၂၅ မတ်လတွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရုရှားမပါဝင်သည့်အတွက် စုစုပေါင်း(၅၄)သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ (၄)သင်း သို့မဟုတ် (၅)သင်းပါဝင်သည့် အုပ်စု(၁၂)ခု ခွဲခြား ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုပထမရရှိသည့် (၁၂)သင်း တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ 

အုပ်စုဒုတိယ(၁၂)သင်းမှာမူ Nations League မှ ရောက်ရှိလာမည့် (၄)သင်း နှင့် Play-offs အဆင့်ပွဲစဉ်များ ထပ်မံယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး (၄)သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ အဆိုပါ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မဲခွဲပွဲကို လာမည့် ဒီဇင်ဘာ(၁၃)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ရုရှားအသင်းအား ဆက်လက်ပိတ်ပင်ခြင်းပြု၊ မပြုကို FIFA နှင့် UEFA တို့က ထပ်မံအတည်ပြုခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK