ဖြစ်စဉ် (၁)
ရှေ့မှာချထားတဲ့ သားငါးတွေကိုကြည့်ပြီး မမာမာကြည် (အမည်လွှဲ) တစ်ယောက် ရင်မောနေပါတယ်။ စျေးခေါင်းကွဲတဲ့အချိန်အထိ သူ့ရှေ့မှာချထားတဲ့ ငါးတွေနဲ့ ပုစွန်တွေက တစ်ဝက်ကျော်ကျော်လောက် ကျန်နေပါသေးတယ်။ အရင်တုန်းက စျေးဆိုင်ခင်းပြီး သိပ်မကြာခင်မှာပဲ ကုန်သွားပေမဲ့ အခုတော့ စျေးခေါင်းကွဲချိန်လို့ ခေါ်ရမယ့် မနက် ၁၀ နာရီလောက်အထိ သူ့ဆီမှာ ကျန်နေပါသေးတယ်။
“ စျေးကတော်တော်ရောင်းမကောင်းဘူး။ အရင်တုန်းက ဒါတွေက သိပ်မကြာဘူး။ ကျွန်မစျေးရောင်းတဲ့အချိန်က ၉ နာရီဆိုတာ အများဆုံးပဲ” လို့ မမာမာကြည်က ဆိုပါတယ်။
အရင်းပြုတ်ခဲ့တဲ့နေ့တွေ ဆက်တိုက်ဖြစ်လာမယ်ဆိုရင်တော့ မမာမာကြည်တစ်ယောက် ဘယ်လိုဆက်လုပ်ရမလဲဆိုတာ စဉ်းစားနေရပါပြီ။
ဖြစ်စဉ် (၂)
ဗန်းထဲမှာ ကျန်နေတဲ့ ကွမ်းယာတွေကိုကြည့်ပြီး မအေးအေးကျော်တစ်ယောက် စိတ်ပျက်နေပါတယ်။ နွမ်းမှာစိုးလို့ ရေစိုဝတ်နဲ့ အုပ်ထားတဲ့ ကွမ်းရွက်တွေကတော့ တစ်ပိဿာသာ ကျော်ကျော်လောက်ရှိနေပေမဲ့ သူကွမ်းယာ ရောင်းရမယ့်အချိန်က သိပ်မကျန်တော့ပါဘူး။
“ မနက်ကတည်းက ရောင်းနေတာ။ တစ်ပိဿာနီးနီးလောက်တော့ ကုန်သွားပြီ။ ဒါတွေက လက်ကျန်တွေလေ” လို့ မသူဇာက ဆိုပါတယ်။
အရင်ရက်တွေတုန်းက သူ့အတွက် တစ်ရက်ကို ကွမ်းသုံးပိဿာလောက် အနည်းဆုံးကုန်ပေမဲ့ အခုကတော့ တစ်ပိဿာကုန်ဖို့ကို မနည်းရောင်းနေရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ COVID-19 ရောဂါဟာ မြန်မာနိုင်ငံကို မတ် ၂၇ ရက်မှာ စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ရောဂါကူးစက်မှုဟာလည်း ခြောက်လနီးပါးရှိလာပြီ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလမှာ COVID-19 သံသယနဲ့ စောင့်ကြည့်ခံရတဲ့သူတွေရှိပေမဲ့ ရောဂါပိုးကို အမှန်တကယ် တွေ့ခဲ့တာကတော့ ပြည်ပက ပြန်လည်ရောက်ရှိလာတဲ့သူ သုံးယောက်က စတွေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် ရောဂါပိုးတွေ့ရှိခဲ့သူတွေ ရှိခဲ့ပြီးတော့ ဇွန်၊ ဇူလိုင်လတွေမှာတော့ ရောဂါကူးစက်တဲ့သူ အရေအတွက် ကျဆင်းလာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒါပေမဲ့ သြဂုတ်လလယ်ပိုင်းမှာ ရခိုင်ပြည်နယ်ကနေ စဖြစ်ပွားခဲ့တဲ့ ကူးစက်မှုဟာ ပြည်တွင်းကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။
မတ်လကနေ ဇူလိုင်လကုန်အထိကို မြန်မာနိုင်ငံရဲ့ COVID ပထမလှိုင်းလို့ ပညာရှင်တွေက သတ်မှတ်ထားပြီးတော့ သြဂုတ်လလယ်နောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ COVID လှိုင်းကိုတော့ ဒုတိယလှိုင်းလို့ သတ်မှတ်ထားခဲ့ကြပါတယ်။
ပထမလှိုင်းမှာ ကူးစက်ခံရတဲ့သူတွေကို ကြည့်မယ်ဆိုရင် ပြည်ပပြန်အတော်များများထံမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီးတော့ ဒုတိယလှိုင်းမှာ ဆိုရင်တော့ ကူးစက်ခံရသူအများစုက ဘယ်ကမှန်းမသိ ကူးစက်ခံရတဲ့ သူတော်တော်များများ ဖြစ်ပါတယ်။ ဒုတိယလှိုင်းရဲ့ ကူးစက်မှုကတော့ ပြည်တွင်းကူးစက်မှုတွေ ဖြစ်ပြီးတော့ သေဆုံးနှုန်းဟာလည်း တော်တော်များလာတာကို တွေ့ရမှာဖြစ်ပါတယ်။
ကူးစက်မှုအမြင့်ဆုံးလို့ဆိုနိုင်တဲ့ စက်တင်ဘာလအတွင်းမှာပဲ ရောဂါကူးစက်မှုနှုန်းက တစ်ရှိန်ထိုး မြင့်တက်လာခဲ့သလို သေဆုံးနှုန်းကလည်း ကူးစက်ခံရသူအရေအတွက်ရဲ့ တစ်ရာခိုင်နှုန်းကျော်ကျော်အထိ ရှိနေပါတယ်။
စက်တင်ဘာ ၇ ရက်မှာ ကူးစက်ခံရသူ ၁၅၈၁ ဦးသာရှိခဲ့ပေမဲ့ စက်တင်ဘာ ၁၉ ရက် ညနေအထိ စာရင်းအရဆိုရင် ကူးစက်ခံရသူ ၄၆၂၁ ဦးအထိ ရှိလာပါတယ်။ ၁၇ ရက်တာကာလအတွင်းမှာ ၃၀၄၀ အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ သေဆုံးနှုန်းကို ကြည့်မယ်ဆိုရင်လည်း စက်တင်ဘာ ၇ ရက်အထိ သေဆုံးတဲ့သူ ရှစ်ဦးပဲရှိပေမဲ့ စက်တင်ဘာ ၁၉ ရက် ညနေထုတ်ပြန်ချက်အရ သေဆုံးသူ ၈၁ ယောက်အထိ ရှိလာတဲ့အတွက်ကြောင့် ၁၇ ရက်တာကာလအတွင်းမှာ သေဆုံးသူဦးရေ ၇၃ ဦးရှိတာဖြစ်ပါတယ်။
ဒုတိယလှိုင်းဟာ ရခိုင်ပြည်နယ်က အစပြုခဲ့တယ်လို့ဆိုရပေမဲ့ လက်ရှိအချိန်မှာတော့ ရန်ကုန်တိုင်းက ဖြစ်ပွားသူအများဆုံးစာရင်းမှာ ဦးဆောင်နေပြီဖြစ်ပါတယ်။
စက်တင်ဘာ ၁၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့စာရင်းတွေအရဆိုရင် ရန်ကုန်တိုင်းမှာ ရောဂါပိုးရှိသူ အရေအတွက်က ၂၉၆၀ အထိရှိပြီးတော့ ရခိုင်ပြည်နယ်မှာဆိုရင် ၉၃၃ ဦးရှိပါတယ်။ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်ထဲမှာဆိုရင် မန္တလေးတိုင်းက တတိယအများဆုံးအနေနဲ့ ၁၄၈ ဦးအထိ ရှိလာပါတယ်။ သူ့နောက်မှာ လိုက်နေတဲ့ ပြည်နယ်နဲ့တိုင်းတွေကတော့ မွန်ပြည်နယ်က ၁၂၇ ဦး၊ ဧရာဝတီတိုင်းက ၁ဝဝနဲ့ ပဲခူးတိုင်းကတော့ ၁၄၆ ဦးရှိပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ လူဦးရေ ဆယ်ဂဏန်းပဲရှိပြီးတော့ ပိုးမတွေ့သေးတဲ့ တစ်ခုတည်းသော ဒေသကတော့ ကယားပြည်နယ်ပဲ ဖြစ်ပါတယ်။
COVID-19 ပထမလှိုင်းကို အစိုးရက အမြစ်ဖြတ်ဖို့ ကြိုးစားတဲ့ အချိန်တုန်းကတော့ သင်္ကြန်ကာလ ရုံးပိတ်ရက်တွေနဲ့ တိုက်ဆိုင်ခဲ့တာ တွေရှိခဲ့တဲ့အတွက်ကြောင့် သင်္ကြန်ပွဲတော်ကို ရွှေ့ဆိုင်းပြီး Stay at Home အစီအစဉ်တွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အစိုးရက ရိက္ခာငါးမျိုးထောက်ပံ့ခြင်းဆိုတာနဲ့ ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းကတော့ ရိက္ခာငါးမျိုးထောက်ပံ့တာရခဲ့တယ်လို့ သားငါးရောင်းချသူ မမာမာကြည်က ဆိုပါတယ်။
သူစျေးရောင်းခဲ့တဲ့သက်တမ်းအရ သင်္ကြန်ကာလတွေမှာ အရောင်းပါးခဲ့တာတွေဖြစ်တာက နှစ်စဉ်လိုလိုဖြစ်နေပြီး သိပ်ထူးခြားတဲ့အနေအထားတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ သင်္ကြန်နီးရင်အရောင်းပါးတယ်ဆိုတာက ဖြစ်တတ်တာတွေချည်းပဲ။ အဲဒီတုန်းက ရောဂါဖြစ်တဲ့ အချိန်လည်းဖြစ်နေတော့ ရောင်းဖို့အတွက် ချိန်လို့ရတယ်” လို့ သူက ဆက်ပြောပါတယ်။
သင်္ကြန်ကာလပြီးတာနဲ့ ပုံမှန်ပြန်ဖြစ်လာတဲ့အတွက်ကြောင့် သူ့တို့အတွက်က သိပ်ထူးဆန်းတဲ့အခြေအနေလည်း မဟုတ်ပါဘူး။
ဒါပေမဲ့ COVID-19 ဒုတိယလှိုင်း ဖြစ်ပွားတဲ့အချိန်မှာတော့ မမာမာကြည်အတွက် အဆင်မပြေတော့ပါဘူး။ လူတွေက သိပ်မဝယ်နိုင်ကြတာဖြစ်မယ်လို့ သူက ပြောပါတယ်။
COVID-19 ဒုတိယလှိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ် ၂၈ မြို့နယ်ကို Stay at Home အစီအစဉ်အဖြစ် အစိုးရက သတ်မှတ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး စျေးဝယ်သူရောင်းသူနဲ့ စည်ကားခဲ့တဲ့ ဆင်ခြေဖုံး မြို့နယ်ကစျေးတွေမှာ အရင်ကထက် စျေးဝယ်တဲ့သူတွေ နည်းလာတယ်လို့ ဆင်ခြေဖုံးမြို့နယ်တွေမှာရှိတဲ့ စျေးရောင်းချသူအချို့က ပြောပါတယ်။
“ အရင်ကဆို ၁၀ နာရီလောက်မှ စျေးကွဲတယ်ဆိုရင် အခုက ၉ နာရီလောက်မှာတင် စျေးထဲမှာ လူသိပ်မရှိတော့ဘူး” လို့ သာကေတမြို့နယ် အမှတ် (၁) စျေးမှာ ကုန်စုံရောင်းချသူတစ်ဦးက ပြောပါတယ်။
စျေးလာသူနည်းပါးလာတဲ့အလျှောက် စျေးရောင်းချသူတွေအနေနဲ့လည်း အရောင်းအဝယ် မကောင်းကြတော့ပါဘူး။ အရင်တုန်းက သုံးသောင်းဖိုးရောင်းရတဲ့့နေရာမှာ အခုဆို တစ်သောင်းကျော်အောင် မနည်းရောင်းနေရတယ်လို့ စျေးသည်တွေက ဆိုပါတယ်။
“ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။ ဥပမာ ကျွန်တော်က အရင်တုန်းက သစ်သီးရောင်းရင် တစ်ရက်ကို ငါးသောင်းကျော်ဆိုတာက ပြေးမလွတ်ဘူး။ အခုကျတော့ အရင်းပြန်ရအောင် မနည်းလုပ်ရတယ်။ တစ်ခါတလေ တစ်သောင်းဖိုးတောင် ဖျစ်ဖျစ်မြည်အောင် ရောင်းရတယ်” လို့ ဆင်ခြေဖုံးမြို့နယ်တစ်ခုမှာ သစ်သီးရောင်းချသူတစ်ဦးက ပြောပါတယ်။
စျေးတွေမှာ အရောင်းအဝယ် မကောင်းတော့တဲ့အတွက် စျေးသည်တွေရဲ့ ရောင်းချမှုပုံစံပြောင်းလာခဲ့ပါတယ်။ အဲဒါကတော့ မိုဘိုင်းစျေးရောင်းခြင်းပါပဲ။ အရင်တုန်းက ပလာတာတို့ဘာတို့ ရောင်းခဲ့တဲ့ စျေးလှည်းလေးတွေပေါ်မှာ ကုန်စိမ်းတွေကို တွေ့လာရပါတယ်။
“ ဒီလှည်းလုပ်တုန်းက နှစ်သိန်းလောက်ကုန်တယ်။ ဒါတောင် သံအကောင်းတွေ သိပ်သုံးထားတာ မဟုတ်ဘူး” လို့ အရှည်ငါးပေခန့်သာသာရှိတဲ့ လှည်းလေးကို လက်ညှိုးညွှန်ရင်း ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောပါတယ်။
သူ့လှည်းပေါ်မှာ ရာသီပေါ်သီးနှံတွေတင်ထားပြီးတော့ ဆင်ခြေဖုံးမြို့နယ်တွေက ရပ်ကွက်တွေကို လှည့်လည်ရောင်းချတာပဲ ဖြစ်ပါတယ်။
အဲဒီလိုပုံစံ ပြောင်းရောင်းချခဲ့ပေမဲ့ လက်လုပ်လက်စားစျေးဝယ်သူတွေအတွက် အခက်အခဲတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ Stay at Home လို့ ကြေညာလိုက်တဲ့အချိန်မှာ ရပ်ကွက်အချို့က လမ်းတွေကို ပိတ်လိုက်တာပဲဖြစ်ပါတယ်။
“ ကျွန်တော်တို့ အဲဒီတုန်းက တိုင်ပတ်တယ်။ ဘယ်လမ်းမှ ဝင်မရဘူး။ ကုန်စိမ်းတွေ ပုပ်ကုန်တာတွေရှိတယ်။ အရင်းခဏခဏပြုတ်သွားတာတွေ အများကြီးပဲ” လို့ ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောပါတယ်။
သူတို့အနေနဲ့ ကျန်းမာရေးညွှန်ကြားချက်တွေဖြစ်တဲ့ လက်အိတ်တွေစွပ်၊ နှာခေါင်းစည်းတွေတပ်ပြီး ရောင်းပေမဲ့ ဘယ်လမ်းကမှ အဝင်မခံတော့ ရောင်းတာချတာ အခက်တွေ့သွားခဲ့တာပါ။
“ ကျွန်တော်တို့လည်း မကူးချင်ဘူး။ လက်အိတ်လည်း စွပ်ထားတယ်။ နှာခေါင်းစည်းလည်း တပ်ထားတယ်။ အဲဒါကို အဝင်မခံတာ” လို့ သူက ဆက်ပြောပါတယ်။
အဲဒီရက်ပိုင်းတုန်းက သူတို့အတွက် အခက်အခဲတော်တော်ဖြစ်ခဲ့ပြီးတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ လမ်းတွေပိတ်တဲ့အကြောင်း ဝေဖန်တာတွေ ရှိလာတော့မှ ရန်ကုန်တိုင်းအစိုးရက အောက်ခြေကို ညွှန်ကြားခဲ့တာပါ။ လမ်းပိတ်တဲ့ဖြစ်စဉ်တွေက တစ်ပတ်ကျော်လောက်ကြာခဲ့ပြီးတော့ အခုတော့ လမ်းတွေပြန်ပွင့်သွားပါပြီ။
ဒါပေမဲ့ ခေါင်းရွက်ဗျပ်ထိုး စျေးသည်တွေအတွက် အရောင်းအဝယ် မကောင်းပါဘူး။ တစ်လမ်းဝင် တစ်လမ်းထွက် ရောင်းတဲ့သူတွေအပြင် စျေးထဲမှာဆိုင်ဖွင့်ထားတဲ့သူတွေလည်း အရောင်းအဝယ် မကောင်းပါဘူး။
“ ကိုဗစ်ဖြစ်နေတော့ အရောင်းအဝယ်က ဘယ်လိုလုပ်ကောင်းတော့မှာလဲ” လို့ သားငါးရောင်းချတဲ့ မမာမာကြည်က ဆိုပါတယ်။
အရောင်းအဝယ်မကောင်းတော့တဲ့ စျေးသည်တွေအတွက်က နောက်ဆက်တွဲပြဿနာတွေ လာပါတော့တယ်။ အဲဒါကတော့ အသေးစားချေးငွေလုပ်ငန်းတွေက ချေးယူထားတဲ့ အကြွေးတွေပါပဲ။ အဲဒီအကြွေးတွေက သူတို့အတွက် နေ့စဉ်ရက်ဆက်လိုလို နှိပ်စက်နေတဲ့အပူပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ ခေါင်းရွက်ဗျပ်ထိုးစျေးသည်အများစုဆီမှာ အကြွေးမရှိတဲ့သူ ခပ်ရှားရှားပါ။
“ အရောင်းအဝယ်မကောင်းတဲ့နေ့ဆိုရင် အရင်းထဲကပါတယ်။ အဲဒါဆို ဒီချေးငွေထဲကပြန်ရင်းရတယ်။ အခုကျတော့ ပိုဆိုးလာတယ်။ စားဖို့သောက်ဖို့အပြင်ကို ဒီအကြွေးအတွက် ထပ်ပူနေရတယ်” လို့ ကွမ်းယာရောင်းချသူ မသူဇာက ပြောပါတယ်။
COVID-19 ကြောင့် အရောင်းအဝယ်မကောင်းကြတဲ့အထဲမှာ အများဆုံးဒဏ်ခံရတာကတော့ အခြေခံ ခေါင်းရွက်ဗျပ်ထိုးစျေးသည်တွေပဲ ဖြစ်ပါတယ်။
သူတို့အတွက် ဒီနေ့ရောင်းချလို့ရတဲ့ ပိုက်ဆံက စားဖို့နဲ့ နောက်ထပ်အရင်းတစ်ခုပဲ ဖြစ်ပါတယ်။
COVID-19 ပထမလှိုင်းမှာတုန်းက ယဲ့တဲ့တဲ့ဖြစ်နေတဲ့သူတို့ရဲ့ အခြေအနေတွေက ဒုတိယလှိုင်းမှာတော့ အခြေအနေ မကောင်းတော့ပါဘူး။
“ အခုက အကြွေးကိုလည်း ဘယ်လိုဆပ်ရမလဲဆိုတာကို ညည အိပ်မပျော်ဘူး။ စျေးရောင်းကောင်းနေလို့ကတော့ ဒီအကြွေးလောက်က ပူကိုမပူတာ” လို့ မမာမာကြည်က ဆိုပါတယ်။
COVID-19 ပထမလှိုင်းကာလတွင် အစိုးရက အသေးစားငွေချေး ကုမ္ပဏီများအနေဖြင့် ချေးငှားထားတဲ့ ငွေကြေးများကို အတင်းအကျပ် ပြန်လည်ကောက်ခံခြင်းမပြုရန် ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ အဲဒီညွှန်ကြားချက်ကို ဧပြီ ၆ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ အသေးစားငွေရေးကြေးရေး ကုမ္ပဏီတွေအနေနဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့နဲ့ ညွှန်ကြားချက်တစ်စုံတစ်ရာ ထပ်မရမချင်း ဒီညွန်ကြားချက်က အတည်ပဲဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ကပ်ရောဂါကာလအတွင်းမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနဲ့ စီးပွားရေးလည်ပတ်မှုတွေ ကျဆင်းနိုင်တဲ့အခြေအနေတွေကြောင့် ကာလအတွင်းမှာ ချေးငွေနဲ့ အတိုးတွေကို အတင်းအကျပ် ပြန်လည်ကောက်ခံခြင်းမပြုဘဲ ပေးဆပ်ရမယ့်အချိန်ကို အသင်းသားများနဲ့ ညှိနှိုင်းကောက်ခံကြဖို့ ညွန်ကြားထားတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း ၁၉၃ ဖွဲ့ ရှိပြီးတော့ မြို့နယ်ပေါင်း ၂၅၂ မြို့နယ်၊ ရပ်ကွက် ၂၄၅၉ ခု၊ ကျေးရွာ ၃၀၁၁၆ ခုမှာ အသင်းသားဦးရေ ၄ ဒသမ ၆ သန်းခန့်ကို ငွေရေးကြေးရေး ဝန်ဆောင်မှု ပေးနေပါတယ်။
အစိုးရက အဲဒီလိုထုတ်ပြန်ထားပေမဲ့ မြေပြင်မှာတော့ အဲဒီညွှန်ကြားချက်ကို အခြေခံလူတန်းစား အတော်များများ မသိကြပါဘူး။
“ အဲဒါရှိလို့လား။ ကျွန်မတို့က အဲဒီလိုစာမျိုးကိုမျှော်နေတာ။ အခုကတော့ တောက်လျှောက်ကို လာကောက်နေတော့တာပဲ။ ပေးစရာကလည်း မရှိ” လို့ မသူဇာက ပြောပါတယ်။
အကြွေးကို ပြန်မပေးနိုင်တဲ့အတွက်ကြောင့် ငွေလာကောက်သူနဲ့ စျေးရောင်းသူတွေကြားမှာ အချေအတင် ဖြစ်တာတွေလည်း ရှိပါတယ်။
“ တချို့ကကျတော့ ထွက်ပြေးကြတယ်။ ဘယ်လိုက်လို့လိုက်ရမှန်းလဲ မသိတော့ဘူး။ အကြွေးဆုံးတာက များတယ်” လို့ အသေးစားငွေချေး ကုမ္ပဏီတစ်ခုမှ ဆင်ခြေဖုံးမြို့နယ်များတွင် ငွေကြေး လိုက်လံသိမ်းဆည်းသည့် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အရင်တုန်းက စျေးရောင်းစျေးဝယ်တဲ့သူတွေအနေနဲ့ မတ်တိုး၊ နေ့ပြန်တိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အသေးစားငွေချေးတဲ့ကုမ္ပဏီတွေ ပေါ်ပေါက်လာချိန်မှာတော့ အတိုးနှုန်းနည်းနည်းနဲ့ ချေးငှားနိုင်ခဲ့ပါတယ်။ ငွေချေးတဲ့ကုမ္ပဏီတွေအနေနဲ့လည်း လက်ရှိအလုပ်အကိုင်ကို မူတည်ပြီး ချေးငှားကြတာဖြစ်ပါတယ်။ အချို့ကတော့ ၀ိုင်းကြီးချုပ်စနစ်နဲ့ ချေးငှားကြသလို တစ်ဦးချင်းတစ်ယောက်ချင်းကိုလည်း ချေးငှားကြပါတယ်။
ဒါပေမဲ့အခုချိန်မှာတော့ စျေးသည်တွေအတွက် အရောင်းအဝယ် မကောင်းကြတဲ့အချိန်မှာ အကြွေးတွေကို အရင်ကလို ရက်ချိန်းမှန်မှန်နဲ့ ပြန်မဆပ်နိုင်ကြတော့ပါဘူး။
“ တချို့အကြွေးတောင်းတာ တွေကျတော့ အေးဆေးပြောလို့ရတယ်။ တချို့ကျတော့ အဲဒီလိုမဟုတ်ဘူး။ မပေးနိုင်ရင် လူသတ်တော့မယ့်အတိုင်းပဲ” လို့ စျေးရောင်းချသူတစ်ဦးက ပြောပါတယ်။
အချို့ကုမ္ပဏီတွေက စျေးသည်တွေကို ချေးငှားခြင်းထက် ဝန်ထမ်းတွေကို ချေးငှားကြတာလည်း ရှိပါတယ်။ အလုပ်ဌာနက အထက်လူကြီးတစ်ဦးဦးရဲ့ ထောက်ခံချက်၊ အာမခံပေးမယ့်သူနှစ်ယောက်ရှိတာနဲ့ ချေးယူလို့ရပါတယ်။ အချို့ကုမ္ပဏီတွေဆိုရင် လူကိုယ်တိုင်သွားစရာမလိုဘဲ အွန်လိုင်းကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ လကုန်ပြီဆိုတာနဲ့ ဝန်ထမ်းက ပေးသွင်းရမယ့်ပမာဏကို အကောင့်နံပါတ်ထဲ သွင်းပေးရပါတယ်။
“ အစ်မဆို ငွေလိုသွားတာ။ ပေးရမှာက နှစ်သိန်းသုံးသောင်းကို နှစ်သိန်းပဲ ပေးမိလိုက်တယ်။ အဲဒါကို ကာယကံရှင်ဆီ ဖုန်းမဆက်ဘူး။ အာမခံပေးတဲ့သူဆီကို တစ်ခါတည်း တန်းဆက်တယ်။ ဟိုကဖုန်းဆက်ပေးမှ သိတယ်။ ပြောချင်တာက လိုသွားတယ်ဆိုလည်း အကြောင်းကြားရမှာပေါ့။ မသွင်းနိုင်လို့တော့မဟုတ်ဘူး။ ဒါပေမဲ့ သက်သက်အရှက်ခွဲသလိုဖြစ်တယ်” လို့ ကုမ္ပဏီတစ်ခုမှ ငွေချေးယူသူတစ်ဦးက ပြောပါတယ်။
ငွေကောက်သူဝန်ထမ်းတွေအနေနဲ့လည်း ချေးငွေတွေရအောင ်မကောက်နိုင်ရင် အထက်လူကြီးက အကြိမ်းခံရတဲ့ အခြေအနေမှာလည်း ရှိနေတော့ ချေးငွေကိုမရရအောင် ကောက်ခံနေရတယ်လို့ ငွေကြေးကောက်ခံသူတွေက ဆိုပါတယ်။
“ သူတို့လည်း အဆင်မပြေတာကိုသိပေမဲ့လည်း ကိုယ်ကလည်း ရအောင်ကောက်ပေးရမယ့်တာဝန်ကလည်း ရှိနေတယ်။ အားနာပေမဲ့လည်း ကောက်နေရတာပဲ’ လို့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
အစိုးရက အမိန့်ထုတ်ပြန်ထားတာရှိပေမဲ့ အောက်ခြေမှာတော့ မလိုက်နာတဲ့ကုမ္ပဏီတွေရှိနေတာကြောင့် အစိုးရက အရင်ထုတ်ထားတဲ့အမိန့်ကို ပြန်ထုတ်ပေးဖို့လိုတယ်လို့ စျေးသည်အများစုနဲ့ ငွေချေးယူသူအချို့က ပြောပါတယ်။
“ စျေးရောင်းမကောင်းတဲ့အချိန်ဖြစ်နေတော့ ပေးချင်တာတောင် ပေးလို့မရဘူး။ အတိုးလည်းသက်သာတယ်။ ချေးယူရတာလည်းအဆင်ပြေပေမဲ့ အခုလိုကာလမှာတော့ တစ်ခုခုလုပ်ပေးသင့်တယ်” လို့ စျေးရောင်းချသူတစ်ဦးက ပြောပါတယ်။
စျေးရောင်းချသူတွေအနေနဲ့ ငွေချေးငှားကြတာအကြောင်း နှစ်မျိုးရှိပါတယ်။ စျေးအရောင်းအဝယ် မကောင်းတဲ့အချိန်မှာ ပြန်ရင်းဖို့ငွေကြေးမရှိတဲ့အချိန်နဲ့ အိမ်အသုံးစရိတ်အတွက် လိုအပ်တဲ့အတွက်ကြောင့် ချေးယူကြတာပါ။
“ စျေးရင်းပြုတ်သွားရင် ဒီငွေလေးတွေက တစ်ပတ်တစ်ခါ သွင်းရတာဆိုတော့ သိပ်မသိသာဘူး။ နောက်ပြီး အိမ်အတွက်လိုအပ်တာ ဝယ်ဖို့အတွက်ပေါ့။ အဲဒီလိုချေးကြတယ်။ အခုလို ကိုဗစ်ကတော့ မမျှော်လင့်ထားတဲ့အခြေအနေပဲ” လို့ ချေးငွေရယူထားသူတစ်ဦးက ပြောပါတယ်။
COVID-19 ကာလမှာ အရောင်းအဝယ်မကောင်းတဲ့အတွက်ကြောင့် ငွေချေးယူသူတွေဘက်ကလည်း ပြန်မပေးနိုင်တဲ့အခြေအနေ ဖြစ်လာနေပြီးတော့ ကုမ္ပဏီတွေဘက်ကလည်း ချေးငွေဆုံးမှာကို ပြန်ကြောက်နေကြပါတယ်။
အဲဒီလိုအခြေအနေတွေကြားထဲမှာ အစိုးရအနေနဲ့ ထုတ်ပြန်ထားတဲ့အမိန့်ကို ပြန်လည်အသက်ဝင်အောင် လုပ်ပေးဖို့လည်း လိုအပ်နေပြီဖြစ်ပါတယ်။
စျေးခေါင်းကွဲသွားတဲ့အချိန် ရောက်နေပေမဲ့ သားငါးပုစွန်တွေ ကျန်နေတဲ့အတွက်ကြောင့် ဆိုင်ကို သိမ်းဆည်းလိုက်ပါတယ်။ ပုစွန်တချို့ကို စျေးထဲမှာခေါ်နေကျဖြစ်တဲ့ ၆_၁ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်လိုက်ပါတယ်။
“ ဒါက ရပ်ကွက်ထဲမှာရသလောက်နဲ့ပဲ ပြန်ရောင်းရမှာလေ။ ဒီတစ်အိတ်လုံးမှ ငါးထောင်ဆိုရင်တော့ လူတွေ ဝယ်စားလောက်ပါတယ်” လို့ မမာမာကြည်က ပြောဆိုရင်း သားငါးပုစွန်တွေထည့်ထားတဲ့ အိတ်တွေကို ကိုင်ရင်း ထွက်သွားပါတော့တယ်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်