Top News

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်လာသော ငွေကြေးဖောင်းပွမှုနှုန်း၊ ပြန်လည်ကျရိပ်ပြလာသည့် ကုန်ပစ္စည်းနှင့် စရိတ်စကစျေးနှုန်းများ
24htopnews | October 26, 2024 1:12 AM CST

ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကိုအကဲဖြတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက်သင့်သော ငွေကြေးဖောင်းပွမှုရှိရန် လိုအပ်သကဲ့သို့ လွန်ကဲသော ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံများ ကာလကြာရှည် မတည်မငြိမ်ဖြစ်စေနိုင်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာမှု အမျိုးမျိုးရှိပြီး ယေဘုယျအားဖြင့် အထွေထွေစျေးနှုန်းများ ကာလကြာရှည်မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်ဝန်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။ ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ကျော်လွန်ပါက ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ဆိုးရွားစွာ ထိခိုက်စေသည်။ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ တဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ရာ ဇူလိုင်လတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း အနိမ့်ဆုံးအဖြစ် ၇ ဒသမ ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းလာခြင်းဖြစ်သည်။

နှစ်လဆက်တိုက် ရှစ်ရာခိုင်နှုန်းအောက် ကျဆင်းခဲ့သော ငွေကြေးဖောင်းပွမှုနှုန်း

၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း နှစ်လဆက်တိုက် ရှစ်ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ် မေလအထိ ၁၂ လဆက်တိုက် ငွေကြေးဖောင်းပွမှုနှုန်း ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး၂၀၂၀ ပြည့်နှစ် ဇွန်လ၏ ငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၉၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်ဆက်လက်ကျဆင်းလာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်နှင့် ဇူလိုင်တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်အထိ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁ ဒသမ ၇၀ ရာခိုင်နှုန်း ရှိသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့တွင် ၁၁ ဒသမ ၃၃ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ခဲ့ကာ နေပြည်တော်တွင် ၈ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၇ ဒသမ ၀၈ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်တွင် အနုတ် ၄ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

ယခင်က ၂၀၀၆ ခုနှစ်ကို အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ် စစ်တမ်းအပေါ် အခြေခံ၍ အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်အထိ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ် ဇွန်အထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၉၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၇၇ ရာခိုင်နှုန်း ကျဆင်းလာကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေလမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေလတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါ ရီလတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည်။

ယခင်နှစ်ကာလတူထက် ၁ ဒသမ ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သော စားသုံးသူစျေးဆနှုန်း (CPI)

၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၁၄ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ၁၇၃ ဒသမ ၅၇ ဖြစ်ပြီး ယခင်လ ဇွန်လအခြေအနေ ၁၆၀ ဒသမ ၉၈ နှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် အစားအစာမဟုတ်သောအုပ်စု၏ စျေးဆနှုန်းမှာ ၁၄၃ ဒသမ ၆၆ ဖြစ်သဖြင့် ယခင်လ ဇွန်လ အခြေအနေ ၁၄၁ ဒသမ ၃၄ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၃ ဒသမ ၅၇၊ အစားအစာမဟုတ်သောအုပ်စုအတွက် ၁၄၃ ဒသမ ၆၆ နှင့် အုပ်စုအားလုံးအတွက် ၁၆၁ ဒသမ ၁၄ ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၇၀ ရာခိုင်နှုန်း မြင့်တက်သည်။

ယခင်နှစ်ကာလတူထက် စားသုံးသူစျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် မတ်လတွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှစ၍ အစားအစာအုပ်စုစျေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ဇွန်လတွင် ၁၆၀ ဒသမ ၉၈ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ယခု ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ၁၆၁ ဒသမ ၁၄ ဖြစ်ပေါ်ခဲ့သဖြင့် ယခင်လနှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပြန်လည်မြင့်တက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၁ ဒသမ ၁၄ ဖြစ်ရာ ယခင်နှစ်အလားတူလ၏ စားသုံးသူစျေးဆနှုန်း ၁၅၈ ဒသမ ၄၄ နှင့်နှိုင်းယှဉ်ပါ က ၁ ဒသမ ၇၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ဆက်သွယ်ရေးအုပ်စုနှင့် ပြင်ပအစားအသောက်အုပ်စု၏ စျေးနှုန်းများ ကျဆင်းလာခဲ့သော်လည်း ကျန်အုပ်စုအားလုံးတွင်ပါဝင်သော ကုန်ပစ္စည်းစျေးနှုန်းများမှာ ပြီးခဲ့သည့် ဇွန်လနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့တို့တွင် ကျဆင်းလျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် မြင့်တက်မှုရှိနေသည်ကို တွေ့ရှိရသည်။ လအလိုက် ပြောင်းလဲမှု ရာခိုင်နှုန်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် အများဆုံးပြောင်းလဲမှု ဖြစ်ပေါ်နေပြီး ကယားပြည်နယ်တွင် အနုတ် သုည ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် အနည်းဆုံး ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်း နှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် ဇူလိုင်လကထက် အစားအစာအုပ်စု ၁ ဒသမ ၀၇ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၄ ဒသမ ၁၃ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၂ ဒသမ ၈၇ ရာခိုင်နှုန်း၊ အိမ်လခ နှင့် အိမ်ပြင်ခအုပ်စု ၃ ဒသမ ၉၆ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင်စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ် အုပ်စု ၄ ဒသမ ၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေးအုပ်စု ၅ ဒသမ ၈၄ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၁ ဒသ မ ၉၂ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၁ ဒသမ ၂၁ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက်အုပ်စု ၈ ဒသမ ၆၄ ရာခိုင်နှုန်း၊ အထွေထွေကုန်ပစ္စည်းအုပ်စု ၇ ဒသမ ၁၂ ရာခိုင်နှုန်း၊ အစားအစာမဟုတ်သောအုပ်စု ၂ ဒသမ ၈၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ငွေကြေးဖောင်းပွမှုနှုန်း ကာလကြာရှည် မြင့်မားနေခြင်းသည် ငွေကြေးဆိုင်ရာမူ ၀ါဒမှားယွင်းမှု၊ ငွေကြေးရိုက်ထုတ်မှုများပြားမှု၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှု၊ နိုင်ငံ့ငွေတန်ဖိုးကျဆင်းမှု၊ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား အဆမတန်မြင့်တက်မှု၊ အနိမ့်ဆုံးလုပ်ခလစာနှုန်း၊ စားနပ်ရိက္ခာ စျေးနှုန်းများ မြင့်တက်မှု၊ ရေနံစျေး၊ လျှပ်စစ်ဓာတ်အားခကဲ့သို့ အခြေခံစျေးနှုန်းများ မြင့်တက်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ အရင်းအနှီးစျေးကွက်၊ စတော့စျေးကွက်များ ကမောက်ကမဖြစ်ပေါ်မှု၊ ဘဏ်တိုးနှုန်း ပြောင်းလဲမှု၊ အစိုးရအသုံးစရိတ်များပြားမှု၊ ကောလာဟလသတင်းများဖြစ်ပေါ်မှု၊ ပြည်သူများ၏ နိုင်ငံ့စီးပွားရေးအပေါ် ယုံကြည်စိတ်ပျောက်ဆုံးမှု စသည့်အကြောင်းအရာများနှင့် သက်ဆိုင်နေသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ယခင်အစိုးရလက်ထက်ကကဲ့သို့ ဂဏန်းနှစ်လုံးသို့ မရောက်သေးသော်လည်း ကိုးရာခိုင်နှုန်းကျော်အထိ ရောက်ခဲ့ခြင်းကြောင့် ဂဏန်းနှစ်လုံးနှုန်းဖြစ်ရန် နီးကပ်နေပြီဖြစ်ရာ အစိုးရအနေဖြင့် ထိန်းကျောင်းနိုင်ရန် ပြင်ဆင်ထားရမည်ဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချရန်ရည်ရွယ်သည့် မူဝါဒသည် ငွေကြေးဖောင်းပွမှုဖြစ်ပွားရသည့် အကြောင်းရင်းအပေါ် မူတည်ခြင်းကြောင့် အနာနှင့် ဆေးတည့်ရန် လိုအပ်သည်။ လက်ရှိငွေကြေးဖောင်းပွမှုနှုန်း လျော့ကျလာသော်လည်း ယင်းနှုန်းသည်ပင် ဘဏ်တိုးနှုန်းထက် ကျော်လွန်နေသေးရာ ငွေကြေးစျေးကွက်၊ အရင်းအနှီးစျေးကွက်နှင့် နိုင်ငံ့စီးပွားရေး တည်ငြိမ်ရေးအတွက် ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွနှုန်းတစ်ရပ် ဖြစ်အောင် အစိုးရနှင့် ဗဟိုဘဏ်တို့ ထိန်းကျောင်းရဦးမည်ဖြစ်သည်။


READ NEXT
Cancel OK