“ ကျွန်တော်တို့က ထောင်သားတွေလည်း မဟုတ်ဘူး”
အထက်ပါစကားကို ဆိုလာသူမှာ ဒဂုံတောင်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရိုးမရိပ်သာ Quarantine စင်တာ၌ ရောက်ရှိနေသည့် COVID-19 Case- 2095 ဖြစ်သည်။
Case- 2095 မှာ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သည့် COVID-19 ကူးစက်ခံရခြင်းကြောင့် ရိုးမရိပ်သာတွင် စက်တင်ဘာ ၇ ရက်က စတင်ရောက်ရှိခဲ့သူဖြစ်ပြီး မိသားစုများမှာလည်း ရိုးမရိပ်သာတွင် ရှိသကဲ့သို့ ဖောင်ကြီးဆေးရုံတွင်လည်း ရောက်ရှိနေသည်။
Case- 2095 မှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မိသားစုအချို့မှာ ဖောင်ကြီးဆေးရုံတွင် တက်ရောက်နေပြီး မိခင်ဖြစ်သူမှာ COVID-19 ရောဂါကြောင့် တောင်ဥက္ကလာပဆေးရုံကြီးတွင် တက်ရောက်ကုသစဉ် သေဆုံးခဲ့သည်။
COVID-19 ပိုးတွေ့လူနာနှင့် စောင့်ကြည့်လူနာ များလာသဖြင့် ရန်ကုန်တိုင်းအစိုးရက Quarantine စင်တာများကို တိုးချဲ့ဖွင့်လှစ်ခဲ့သော်လည်း ယင်းစင်တာများမှာ အောက်ခြေတွင် လိုအပ်ချက်များစွာ ရှိနေသည်ဟု ဝေဖန်မှုများရှိနေသည်။
စက်တင်ဘာ ၁၅ ရက်တွင် ရိုးမရိပ်သာစင်တာ၌ ဖြစ်ပွားခဲ့သည့်အခြေအနေမှာ လိုအပ်ချက်များရှိနေကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။
“ မလာနဲ့။ မလာနဲ့။ တစ်ယောက်မှ မလာနဲ့။ သေရင်သေပါစေ” ဆိုသည့် အမျိုးသားတစ်ဦး အော်ဟစ်နေသည့် ရုပ်သံမှာ လူမှုကွန်ရက်စာမျက်နှာများတွင် စက်တင်ဘာ ၁၅ ရက်က စတင်ပျံ့နှ့ံလာခဲ့သည်။
ယင်းရုပ်သံဖိုင်တွင် ရိုးမရိပ်သာ Quarantine စင်တာ၏ အခြေအနေများကို ရိုက်ကူးခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးအချို့၏ အော်ဟစ်နေသံများလည်း ပါဝင်သည်။
အကြောင်းမှာ စက်တင်ဘာ ၁၅ ရက်က ရိုးမရိပ်သာတွင် Quarantine ဝင်နေရသည့် Positive လူနာ အမျိုးသမီးကြီးတစ်ဦးမှာ အသက်ရှူကျပ်လာပြီး အသက်ဆုံးရှုံးခဲ့ရာ ယင်းဖြစ်စဉ်တွင် ကူညီကယ်ဆယ်ပေးမည့် ကျန်းမာရေးဝန်ထမ်းများ မရှိသဖြင့် အနီးတွင်ရှိနေသူများက မကျေမနပ်ဖြင့် အော်ဟစ်ခဲ့ခြင်းဖြစ်သည်။
“ သူတို့ကမိသားစုလိုက်ဗျ။ သူ့အမေက ချက်ချင်း Shock ဖြစ်တာပေါ့။ ဖြစ်တော့ အတင်းမှုတ် ပါးစပ်တွေကိုဖိပြီး မှုတ်ရတာပေါ့။ အော်လည်း အော်တာပေါ့။ ကျွန်တော်တို့လည်း ၀ိုင်းအော်ကြတယ်” ဟု COVID-19 ပိုးတွေ့ရှိသဖြင့် ရိုးမရိပ်သာတွင် နေထိုင်နေရသူ ကိုကျော်ကျော်ဦးက ပြောကြားသည်။
ရိုးမရိပ်သာ၌ သေဆုံးခဲ့သည့် အမျိုးသမီးကြီးမှာ Case- 2645 ဖြစ်ပြီး ၇၃ နှစ်အရွယ်ရှိကာ ကျောက်ကပ်အခံရောဂါရှိဟည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါအမျိုးသမီးကြီးမှာ မိနစ် ၂၀ ခန့်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူများက ဆိုသည်။
“ အခုလို အဖြစ်အပျက်ကြီး မြင်လိုက်ရတော့ တော်တော်ကြီး စိတ်ဆင်းရဲရတယ်ခင်ဗျ။ ကယ်ဆယ်ရေးတွေ ဘာတွေမရှိဘူး။ နောက်ပြီးတော့ အခုလို Shock ဖြစ်တဲ့အချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ လာပြီးတော့ ပြုစုပေးလို့မရဘူး။ ကျွန်တော်တို့လည်းသွားပြီး ပြုစုပေးလို့မရဘူး ဖြစ်နေတယ်။ အဆောက်အအုံက ခြားနေတဲ့အခါကျတော့။ မိနစ်ပိုင်းအတွင်းပဲ ဆုံးသွားတယ်” ဟု ကိုကျော်ကျော်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာလမှစ၍ COVID-19 ရောဂါပိုးတွေ့ရှိသူ တဖြည်းဖြည်း များလာပြီးနောက် အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုနေသူအရေအတွက်မှာ စက်တင်ဘာလလယ်အထိ လူဦးရေ ခုနစ်ထောင်အထက်ရှိနေပြီး တိုးလာသည့် အရေအတွက်ကြောင့် စင်တာခုနစ်ခုကို ထပ်မံဖွင့်လှစ်ထားသည်ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားထားသည်။
Quarantine ထားရှိရာတွင် Home Quarantine ၊ Facilities Quarantine နှင့် Hotel Quarantine ဟူ၍ သုံးမျိုးရှိပြီး Facilities Quarantine တွင် စားသောက်ရေးအတွက် အစိုးရက တစ်ဦးလျှင် ငါးထောင်ကျပ်နှုန်းဖြင့် ကျွေးမွေးနေသည်ဟု ဦးနိုင်ငံလင်းက ပြောကြားထားသည်။
လက်ရှိတွင် လှိုင် Quarantine စင်တာ၊ ဖောင်ကြီး Quarantine စင်တာ အစရှိသည့်နေရာများအပြင် ရိုးမရိပ်သာကဲ့သို့ တန်ဖိုးနည်းအိမ်ရာများကို Quarantine စင်တာများအဖြစ် ပြောင်းလဲအသုံးပြုနေခြင်း ဖြစ်သည်။
အဆိုပါရိုးမရိပ်သာ Quarantine စင်တာတွင် လူ ၁၄၀၀ အထိ လက်ခံထားသည်။
ယင်းသို့ စီစဉ်ရာတွင် တက်သုတ်ရိုက်စီစဉ်ခဲ့ပြီး မည်သည့်အခြေအနေမျှ အပြီးသတ်မရောက်သေးမီတွင် ထားရှိခြင်းကြောင့် ယင်းစင်တာတွင် နေထိုင်ရန်ညွှန်ကြားခံရသူများအတွက် အခက်အခဲများစွာဖြစ်နေကြောင်း သိရသည်။
“ အဓိက အခက်အခဲက ရေပဲ။ သုံးဖို့ရေဆိုတာ မရှိဘူး။ သောက်ဖို့အတွက်ကတော့ သူတို့က လာလာပို့ပေးတော့ အဆင်ပြေတယ်။ တချို့ဆို အိမ်သာတက်ဖို့တောင် ရေမရှိဘူး” ဟု Case- 2095 က ပြောကြားသည်။
ရိုးမရိပ်သာ Quarantine စင်တာတွင် နေထိုင်သူများအတွက် အဓိကအခက်အခဲမှာ သုံးရေဖြစ်ပြီး အခန်းအများစုမှာ ရေမရခြင်းများကို ကြုံတွေ့နေရသည်။
“ ရေမရတော့ တချို့အခန်းမှာ နေတဲ့သူတွေက တစ်ကိုယ်ရေသန့်ရှင်းဖို့ ရေချိုးဖို့လည်း မရှိဘူး။ ဒီရောဂါက ကျန်းမာရေးဝန်ကြီးဌာနက ပြောထားတာလည်း ရှိတယ်။ သန့်ရှင်းအောင် နေရမယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တချို့အခန်းတွေကျတော့ ဟိုဘက်ခန်းက ရေရရင် အဲဒီဘက်ကို သွားချိုးလိုက်ကြနဲ့ အဆင်ပြေအောင် နေနေရတယ်” ဟု Case- 2095 က ပြောကြားသည်။
ယင်းအပြင်အစားအသောက်များမှာလည်း အဆင်မပြေကြောင်း၊ အချို့နေ့ရက်များတွင် ထမင်းသိုးခြင်း၊ ဟင်းသိုးခြင်းများကိုပါ ကြုံတွေ့ရကြောင်း နေထိုင်သူများက ဆိုသည်။
“ ဒီနေ့မနက်က (စက်တင်ဘာ ၁၇ ရက်) က လာပို့သွားတာဆိုရင် ပဲပြုတ်နဲ့ နံပြားရယ်၊ လက်ဖက်ရည် လိုလို ကော်ဖီလိုလို လာပို့တယ်။ အဲဒါကို သောက်ကြည့်တော့ ဘာအရသာမှန်းကို မသိဘူး။ ကျွန်တော် ပြောချင်တာက ပဲပြုတ်နဲ့ နံပြားလာပေးရင်လည်း ဘာမှမဖြစ်ဘူး။ အခုက သောက်လို့လည်း မရတော့ အစိုးရအတွက်လည်း ပိုက်ဆံကုန်တယ်။ ကျွန်တော်တို့အတွက်လည်း အကျိုးမရှိဘူး” ဟု Case-2095 က ပြောကြားသည်။
စင်တာတွင် လာရောက်နေထိုင်ရသူများမှာ ရောဂါပိုးသံသယရှိသူများနှင့် ရောဂါပိုးရှိသူများဖြစ်ပြီး အစားအသောက် အဆင်မပြေမှုများကြောင့် အခက်တွေ့ခဲ့ရပြီး ရောဂါပိုးရှိသူများအနေဖြင့်လည်း အာဟာရဖြစ်စေမည့် အခြေအနေမဟုတ်ကြောင်း ယင်းစင်တာတွင် နေထိုင်သူများက ပြောကြားသည်။
“ကျွန်တော်တို့အတွက်က အိမ်ကပါလာတာနဲ့ စားရတာအဆင်ပြေပေမဲ့ ကလေးတွေ၊ လူကြီးတွေအတွက်ကျတော့ အဆင်မပြေဘူး။ အဆင်ပြေတဲ့သူတွေအတွက်ကတော့ Q ဝင်ရတာကောင်းတယ်လို့ ဘာညာပြောမှာပဲ။ အဆင်မပြေရင်တော့ ပြောကြမှာပဲ။ ကျွန်တော်တို့ကျတော့ အသက်ငယ်လို့ ဘာပဲဖြစ်ဖြစ် စားလို့ရပေမဲ့ ကလေးတွေ၊ အသက်ကြီးတဲ့သူတွေအတွက်ကျတော့ ဘယ်လိုလုပ်အဆင်ပြေမှာလဲ” ဟု Case- 2095 က ပြောကြားသည်။
COVID-19 ရောဂါပိုး ပျောက်ကင်းစေရန် လူတစ်ယောက်၏ ကိုယ်ခံအားကောင်းမွန်မှသာ တိုက်ထုတ်နိုင်မည် ဖြစ်သော်လည်း အချို့နေ့ရက်များတွင် ထမင်းသိုးများပင် လာရောက်ပေးပို့ခြင်းများ ရှိနေသည်ဟု ရိုးမရိပ်သာ Quarantine တွင် နေထိုင်သူများက ပြောကြားသည်။
အစားအသောက်များတွင်သာမက နေရာထိုင်ခင်းအခက်အခဲများလည်း ရှိနေသည်။ ရိုးမရိပ်သာ Quarantine စင်တာတွင် Positive ဖြစ်သူများနှင့် ရောဂါပိုးမတွေ့ရှိသော်လည်း စောင့်ကြည့်သူများကို တစ်ခန်းတည်း အတူထားသည့်အခြေအနေမှာ မေးခွန်းထုတ်ရမည့်အခြေအနေဖြစ်သည်။
ကိုသိန်းသန်းထိုက်မှာ စက်တင်ဘာ ၇ ရက်တွင် ရိုးမရိပ်သာသို့ ရောက်ရှိလာခဲ့ပြီး ၎င်းနှင့်အတူ ခုနစ်နှစ်အရွယ် ကလေးငယ်လည်း ပါလာခဲ့သည်။ ရိုးမရိပ်သာသို့ရောက်ရှိချိန်တွင် ကိုသိန်းသန်းထိုက်နှင့် အခန်းဖော်မှာ ကိုကျော်ကျော်ဦးဖြစ်သည်။ ကိုကျော်ကျော်ဦးတွင်လည်း ခုနစ်နှစ်အရွယ် ကလေးငယ် ပါလာခဲ့သည်။
ဆေးစစ်ချက်ရလဒ်များအရ ကိုကျော်ကျော်ဦးနှင့် ကလေးငယ်တွင် COVID-19 ပိုးရှိခဲ့ပြီး ကိုသိန်းသန်းထိုက်တို့ သားအဖတွင်မူ ရောဂါပိုးမတွေ့ရှိခဲ့ပေ။ သို့သော် ရောဂါပိုးတွေ့ရှိသူများကိုမူ အခန်းပြောင်းပေးခဲ့ခြင်း မရှိခဲ့ပေ။
“ အဲဒီတုန်းက သူတို့ကိုလည်း တော်တော်အားနာတယ်။ ခုတင်က နှစ်လုံးပဲရှိတယ်။ ဟိုဘက်က ခုတင်မှာက သူတို့နေတယ်။ ဒီဘက်မှာက ကိုယ်တွေသားအဖ။ ကလေးကို အပြင်လည်း မထုတ်ရဲ။ သူတို့ကလည်း ကိုယ့်ကိုအားနာ။ အခန်းကလည်း ကိုယ့်သဘောနဲ့ကိုယ် ရွှေ့လို့လည်း မရ” ဟု ကိုသိန်းသန်းထိုက်က ပြောကြားသည်။
တစ်ခန်းတည်း အတူနေရပြီး ကလေးငယ်များရှိသဖြင့် အခန်းပြောင်းပေးရန် စင်တာတွင် တာဝန်ရှိသူများကို ပြောကြားခဲ့သော်လည်း အရာမထင်ခဲ့ပေ။ ယင်းကြောင့် ကိုသိန်းသန်းထိုက်အတွက် ထုတ်ဖော်ပြောစရာဆိုသည်မှာ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခြင်းသာဖြစ်သည်။
အဖြစ်အပျက်ကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားပြီးနောက်တွင် မီဒီယာအချို့က ဆက်သွယ်မေးမြန်းမှုများ ရှိလာပြီးနောက် ကိုသိန်းသန်းထိုက်တို့အား အခန်းပြောင်းပေးရန် တာဝန်ရှိသူများက စီစဉ်ခဲ့ကြတော့သည်။
“ အဲဒီလိုပြောပြီးမှပဲ တစ်ရက်ကျော်လောက်ကျတော့ အခန်းရွှေ့မယ်ဆိုပြီး ဖြစ်လာတာ” ဟု ကိုသိန်းသန်းထိုက်က ပြောကြားသည်။
သို့သော် အချို့အခန်းများတွင် ပိုးတွေ့လူနာနှင့် ပိုးမတွေ့သေးသော်လည်း စောင့်ကြည့်ရမည့်ရက် မကုန်ဆုံးသေးသဖြင့် ဆက်လက်နေထိုင်ရသူများကို တစ်ခန်းတည်းအတူထားခြင်းများ ရှိနေကြောင်း သတင်းစာဆရာတစ်ဦးဖြစ်သည့် ကိုကျော်မျိုးထွန်းက ပြောကြားသည်။
“ ကျွန်တော်တို့ အခန်းထဲမှာတော့ တို့ဖတ်ကို မနေ့ကမှ (စက်တင်ဘာ ၁၇ ရက်) လာယူသွားတာဆိုတော့ အဖြေမသိရသေးဘူးပေါ့။ အခန်းဖော်တစ်ယောက်ရဲ့ ဇနီးနဲ့ အဲဒီအမျိုးသမီးရဲ့သူငယ်ချင်းက Positive ပါ။ သူတို့ရဲ့အခန်းဖော် ကောင်မလေးတစ်ယောက်က Negative ။ သူတို့သုံးယောက်ကို တစ်ခန်းတည်းမှာ တူတူထားတာတော့ သိလိုက်တယ်” ဟု ကိုကျော်မျိုးထွန်းက ပြောကြားသည်။
ယင်းသို့ ထားရှိခြင်းကြောင့် နေထိုင်သူများမှာ စိုးရိမ်မှုများရှိနေပြီး ပြင်ပတွင် နေသော်လည်း ရောဂါကူးစက်ခံရခြင်းမရှိခဲ့ဘဲ Quarantine စင်တာရောက်မှ ကူးစက်ခံရမည်ကို စိုးရိမ်မှုများရှိနေကြောင်း အဆိုပါနေရာတွင် ရောက်ရှိနေသူများက ပြောကြားသည်။
“ နေရထိုင်ရတာ အရမ်းအဆိုးရွားကြီးမဟုတ်ပေမဲ့ လူနာတွေအချင်းချင်း နီးနီးကပ်ကပ်နေနေရတော့ စိတ်မလုံခြုံမှု ဖြစ်ရတာပေါ့။ အပြန်အလှန်ပေါ့လေ” ဟု ကိုကျော်မျိုးထွန်းက ပြောကြားသည်။
ယင်းအပြင် အခန်းအတွင်း ဖွဲ့စည်းထားသည့်အခြေအနေမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်လည်း ကိုက်ညီမှုမရှိဟု ကိုကျော်မျိုးထွန်းက ထောက်ပြသည်။
“ လက်ရှိနေရတဲ့အခန်းက ပေ ၂၀ ၊ ပေ ၂၅ လောက်ပဲကျယ်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်အပါ လူနာအမျိုးသား ငါးယောက်ထားပါတယ်။ ကျွန်တော်နဲ့ ဘေးကတစ်ယောက်ဆို ခုတင်ချင်း သုံးပေလောက်ပဲကွာတယ်။ ပြောချင်တာက ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေအကွာနေရမယ့်အချက်တောင် လုပ်မပေးထားဘူး” ဟု ကိုကျော်မျိုးထွန်းက ဆိုသည်။
အခန်းဖွဲ့စည်းပုံအရ အချို့အခန်းများတွင် လူလေးဦးမှ ငါးဦးအထိ ထားခြင်းကြောင့် အခန်းအကျယ်အဝန်းကြောင့် မည်သို့မျှ Social Distancing မဖြစ်ပေ။
ယင်းထက်ပိုဆိုးသည်မှာ ကျန်းမာရေးဝန်ထမ်းမရှိခြင်းများလည်း ရှိသည်ဟု စင်တာတွင်နေထိုင်သူများက ပြောကြားသည်။
“ အစောင့်အရှောက်ကတော့ မရှိဘူး။ အခုက နေစရာပေးထားတယ်။ ပြီးတော့ ထမင်းကျွေးထားတယ်ပေါ့။ ဒါပါပဲ။ ကျွန်တော်သိရသလောက်ကတော့ ဒီမှာ တာဝန်ခံတောင် မရှိလောက်ဘူး။ Volunteer တွေပဲ ရှိလောက်တယ်။ အမှန်တကယ်ဆို ကျွန်တော် ပြောချင်တာကတော့ ဒီလို Quarantine စင်တာဖွင့်ပြီဆိုရင် ကျန်းမာရေးတာဝန်ခံလောက်တော့ ရှိသင့်တယ်။ နောက်ပြီး ဒီစင်တာထဲမှာ အဆုံးအဖြတ်ပေးနိုင်တဲ့သူ ဒီစင်တာထဲမှာ လုပ်ခွင့် မလုပ်ခွင့် အဆုံးအဖြတ်ပေးနိုင်တဲ့သူပေါ့။ အဲဒီလို နှစ်ယောက်လောက်တော့ ရှိသင့်တယ်လို့ ထင်ပါတယ်” ဟု ရိုးမရိပ်သာတွင် Quarantine ဝင်နေရသူ ကိုသိန်းသန်းထိုက်က ပြောကြားသည်။
စတင်ရောက်ရှိစဉ်အခါက ဆေးဝါးမရှိသဖြင့် သားဖြစ်သူကို ဆေးမတိုက်နိုင်သည့်အခြေအနေများလည်းရှိပြီး စက်တင်ဘာ ၁၅ ရက် ဖြစ်စဉ်ဖြစ်ပွားအပြီးတွင် ဆေးဝါးပေးခြင်းများရှိလာသည်ဟု ကိုကျော်ကျော်ဦးက ပြောကြားသည်။
“ အခုတော့ ဆေးတွေဘာတွေ လာပို့တယ်။ လူကြီးရောကလေးရောအတွက်ရောပေါ့။ အရင်ကအဲဒီလို မရတော့ လူက ဒေါသတော်တော်ထွက်တယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းမရဘူးခင်ဗျ။ အဲဒီလိုဖြစ်တယ်။ သားလေးရဲ့ ကျန်းမာရေးကတော့ ဆေးလာမပေးခင်တုန်းက အရင်နေခဲ့တဲ့ အဆောက်အအုံက အန်တီကြီးတစ်ယောက်က ဆေးလှမ်းပစ်ပေးလို့ အဲဒီဆေးတိုက်လိုက်တော့ နည်းနည်း အဆင်ပြေသွားတယ်။ ချောင်းဆိုးတာတွေ ဘာတွေ နည်းနည်းငြိမ်သွားတယ်။ အဲဒီ အန်တီကြီးဆီကဆေးနဲ့။ ကလေးက နည်းနည်းလန်းလာတာပေါ့။ အခုကျန်းမာရေးဘက်ကတော့ ချောင်းဆိုးပျောက်ဆေး လာပို့သွားတယ်။ လူကြီးအတွက်ရော ကလေးအတွက်ရောပေါ့” ဟု ကိုကျော်ကျော်ဦးက ပြောကြားသည်။
အလားတူ ကိုကျော်မျိုးထွန်းကလည်း “ ကျွန်တော်တို့က အိမ်ကနေ သူနာပြုကားနဲ့ လိုက်လာပြီး ဒီရောက်တာနဲ့ လက်ရှိနေတဲ့အခန်းထဲမှာ နေရတာ။ သူတို့ဆေးဝန်ထမ်းတွေ ဘယ်လောက်ရှိလဲဆိုတာတော့ မသိဘူး။ ကျွန်တော်နေတဲ့ အခန်းပတ်ဝန်းကျင်မှာတော့ လူနာတွေကို ဆေးဝါး လာပေးတာ၊ ဆေးကုသမှုပေးတာ တွေတော့ မတွေ့မိပါဘူး” ဟု ပြောကြားသည်။
ယင်းသို့သောအခြေအနေများတွင် Quarantine ဝင်နေသူများနှင့် Volunteer လုပ်ကိုင်နေသူများအကြား ပွတ်တိုက်မှုများ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရသည်။ ယင်းစင်တာတွင် လူ ၁၄၀၀ ခန့်ကို Volunteer ၄၁ ဦးဖြင့်သာ ကူညီနေရခြင်းဖြစ်သဖြင့် လူနာ ၃၄ ဦးခန့်အား Volunteer တစ်ဦးနှုန်းဖြစ်သည်။
ရိုးမရိပ်သာစင်တာတွင် ယင်းသို့ အခက်အခဲများရှိနေခြင်းအပေါ် Volunteer အဖွဲ့များအနေဖြင့် သတင်းပေးပို့ခြင်းများသာ ပြုလုပ်နိုင်ပြီး လိုအပ်ချက်များမှာ သက်ဆိုင်ရာဌာနများ၏ စီမံပိုင်ခွင့်တွင်သာ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက စက်တင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် လူငယ်ရေးရာကော်မတီအနေဖြင့် လုပ်ဆောင်ပေးနိုင်သည့်အခြေအနေများကိုပါ ဖော်ပြထားပြီး စင်တာတွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များလည်း ပါဝင်သည်ကို တွေ့ရသည်။
အစားအသောက်နှင့်ပတ်သက်ပြီး ရိုးမရိပ်သာ Facility Quarantine Center တွင် Quarantine ခံယူနေသူများအား ကျွေးမွေးသော အစားအသောက်များ သိုးခြင်း၊ ထမင်းဘူးရောက်ရှိချိန် နောက်ကျခြင်းကိစ္စရပ်များသည် သက်ဆိုင်ရာမြို့နယ် COVID ကော်မတီမှတစ်ဆင့် တိုင်း COVID ကော်မတီက တိုက်ရိုက်စီမံခန့်ခွဲကြောင်း၊ မှာယူပြီး Quarantine Center သို့ လာရောက်ပို့ဆောင်ချိန်မှသာ Quarantine ခံယူနေသူ ၁၄၀၀ ခန့်ထံသို့ စေတနာ့ဝန်ထမ်းများက သွားရောက်ပို့ဆောင်ခြင်းကိုသာ လုပ်ဆောင်ရကြောင်း၊ သို့သော် အချို့ Quarantine ခံယူနေသူများ ထင်မြင်သည်မှာ ထမင်းဘူးပို့ နောက်ကျခြင်း၊ ထမင်းဘူးသိုးခြင်းနှင့် ကုန်ကျစရိတ်များ စီမံခန့်ခွဲခြင်းကို စေတနာ့ဝန်ထမ်းများမှ တာဝန်ယူဆောင်ရွက်နေသည်ဟု ယူဆလျက်ရှိကြောင်း၊ တစ်ခါတစ်ရံ Quarantine Center သို့ ထမင်းဘူးလာရောက် ပို့ဆောင်ချိန် နောက်ကျလျှင် စေတနာ့ဝန်ထမ်းများက Quarantine ခံယူသူများထံသို့ ထမင်းဘူး ပြန်လည်ပို့ဆောင်ချိန် နောက်ကျကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စေတနာ့ဝန်ထမ်းများမှာ ရိုးမရိပ်သာ Facility Quarantine Center သို့ Quarantine ခံယူမည့် သူများရောက်ရှိချိန်တွင် နေရာချထားပေးခြင်း၊ စာရင်းပြုလုပ်ပေးခြင်း၊ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ကူးစက်လူနာရှိပါက Quarantine မှ ဆေးရုံသို့ ရွှေ့ပြောင်းရာတွင် ကူညီပေးခြင်း၊ Swab Test စစ်မည့် ပစ္စည်းများ ရောက်ရှိချိန်တွင် Quarantine ခံယူနေသူအရေအတွက်ပေါ် မူတည်၍ VTM tube များပေါ်တွင် Label တပ်ခြင်းလုပ်ငန်းစဉ်များကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ရခြင်း၊ ထိတွေ့လူနာအသစ်များအား Center သို့ ပို့ဆောင်ရခြင်း၊ လုပ်ငန်းစဉ်များကို တာဝန်ခွဲဝေ၍ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့လုပ်ငန်းတာဝန်များကို လုပ်ဆောင်လျက်ရှိခြင်းကြောင့် Quarantine ခံယူနေသူများကို ကျွေးမွေးသော အစားအသောက်များ ချက်ပြုတ်ရောင်းချခြင်းဟူသော ပြောဆိုရေးသားချက်များသည် မြေပြင်အခြေအနေကို အမှန်တကယ် မသိသော ပြောဆိုရေးသားချက်များသာ ဖြစ်သည်ဟု လူငယ်ရေးရာကော်မတီက ထုတ်ပြန်သည်။
ထို့ပြင် Swab Test စစ်ဆေးပြီးသည့်အချိန်တွင် ကူးစက်အတည်ပြုလူနာများကို ဆေးရုံသို့ မပို့ဆောင်သေးဘဲ Negative ရလဒ်ထွက်သည့် Quarantine ခံယူသူများနှင့် ရက်ကာလအတန်ကြာထားရှိခြင်းများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဆိုပါကိစ္စရပ်များကို တိုက်ရိုက်စီမံခန့်ခွဲသည်မှာ ကျန်းမာရေးဦးစီးဌာနဖြစ်ကာ Quarantine ခံယူနေသူများ၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်နိုင်ခွင့်ရှိသူမှာ ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများသာဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများသည် ကူးစက်လူနာများအားဆေးရုံသို့ ပို့ဆောင်ရန် ကျန်းမာရေးဦးစီးဌာန၏ အတည်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ခွင့်ရှိကြောင်း လူငယ်ရေးရာကော်မတီက ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်တွင် ထူးခြားမှုတစ်ခုမှာ Quarantine ဝင်နေရသူများအပေါ် အပြုအမူအဆက်အဆံများ မှားယွင်းခဲ့ပါက တောင်းပန်ကြောင်း ရေးသားဖော်ပြထားခြင်းဖြစ်သည်။
လူငယ်ရေးရာကော်မတီမှာ ထုတ်ပြန်ချက်သာမက မြေပြင်တွင်လည်း Quarantine ဝင်နေရသူများကို တောင်းပန်ကြောင်း လိုက်လံပြောကြားခြင်းများရှိသည်ဟု ရိုးမရိပ်သာတွင် Quarantine ဝင်နေသူအချို့က ပြောကြားသည်။
“ ကျွန်တော်တို့က Volunteer တွေကို အပြစ်မမြင်ပါဘူး။ တကယ်လည်း ဘာတစ်ပြားတစ်ချပ်မှမရဘဲ လုပ်ကိုင်ပေးနေတာကို တွေ့နေရတယ်။ ဒါပေမဲ့ အဆင်သင့်မဖြစ်ဘူး လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကိုတော့ ပြောရမှာပဲ။ သူတို့ကို ပြောတာမဟုတ်ဘူး။ လွဲနေတဲ့အခြေအနေ လိုအပ်နေတဲ့အခြေအနေတွေကိုတော့ ပြောရမှာပါ” ဟု ကိုကျော်မျိုးထွန်းက ပြောကြားသည်။
COVID-19 ဒုတိယလှိုင်း စတင်ဖြစ်ပွားသည့်အချိန်တွင် Quarantine စင်တာများကို တိုးချဲ့ဖွင့်လှစ်ခဲ့သော်လည်း လက်တလောတွင် ထားရှိရန်မလုံလောက်သည့်အခြေအနေများ ဖြစ်လာသဖြင့် မြို့နယ်အချို့တွင် Quarantine စင်တာများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။
ပိုးတွေ့လူနာအများဆုံးမြို့နယ်ဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပနှင့် မရမ်းကုန်း၊ တာမွေ အစရှိသည့်မြို့နယ်များတွင် မြို့နယ်နေသူများကို ထားရှိနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားထားသည်။
ရောဂါပိုးတွေ့ရှိသူများလာပြီး စောင့်ကြည့်လူနာများလည်း များလာသဖြင့် တောင်ဒဂုံမြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာကို လူဦးရေ ၂၀၀၀ အထိလက်ခံနိုင်သည့် Quarantine စင်တာအဖြစ် ဖွင့်လှစ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်နေသည်။
ယင်းအောင်မြင့်မိုရ်အိမ်ရာတွင် တိုက်အဆောက်အအုံ ၄၄ လုံးရှိ အခန်းပေါင်း ၁၀၅၆ ခန်းကို Quarantine ထားမည့်သူများအတွက် စီစဉ်နေခြင်းဖြစ်ပြီး အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။
အလားတူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ရန်ကုန်တိုင်းအတွင်း Quarantine စင်တာ ၃၁ ခုနှင့် ဟိုတယ် ၄၁ ခုတွင် Quarantine ထားရှိနိုင်ရန် စီစဉ်ထားကြောင်းနှင့် လက်ရှိလက်ခံထားရှိသည့် အရေအတွက်နှင့် ပိုမိုထားရှိနိုင်သည့်နေရာကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားထားသည်။
ယင်းသို့ ဆောင်ရွက်ထားသည်ဟု ဆိုသော်လည်း ဖွင့်လှစ်ထားသည့် Quarantine စင်တာအချို့တွင် လိုအပ်ချက်များ ရှိနေသည်မှာလည်း ငြင်းမရသည့်အခြေအနေ ဖြစ်နေသည်။
Quarantine ဝင်သူများအတွက် မပြည့်စုံမှုများရှိနေခြင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှု မရှိခြင်းများလည်း ရှိနေသည်။
ရိုးမရိပ်သာ Quarantine စင်တာတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က “အဲဒီနေ့မှာတော့ အဘွားကြီးတစ်ယောက် ၇၃ နှစ်က မူးလဲတယ်။ မူးလဲတဲ့အခါမှာတော့ အသက်ပါ ဆုံးရှုံးသွားတယ်။ အဲဒီလို ဆုံးရှုံးသွားပြီးတဲ့ နောက်ပိုင်းမှာတော့ ရုတ်ရုတ်ဖြစ်တယ်။ ဘာဖြစ်လဲဆိုပြီး သိချင်တာပေါ့။ ဒါပေမဲ့လို့တော့ အစ်မတို့က ဆိုလိုချင်တာက အဲဒီနေရာမှာ ပြည်သူတွေရဲ့ ပေါင်းစပ်အားကို လိုချင်ပါတယ်ဆိုတာ အဲဒါကိုပြောတာပါ။ အစ်မတို့ရဲ့ လိုအပ်ချက်တွေကို လိုအပ်ချက်မရှိဘူးလို့ မဆိုလိုပါဘူး” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
သို့သော် ရိုးမရိပ်သာတွင် ဖြစ်ပွားခဲ့သည့်အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့သည့်ဖြစ်စဉ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်သင့် မရှိခဲ့ပေ။
Quarantine စင်တာများတွင် ပိုးတွေ့လူနာနှင့် သီးခြားထားရှိခြင်းမရှိဘဲ ရောနှောထားခြင်း၊ အစားအသောက်များ အဆင်မပြေဖြစ်ခြင်းနှင့် အခြားလိုအပ်ချက်များရှိနေသဖြင့် စီမံခန့်ခွဲမှုများကို ပြန်လည်သုံးသပ်ရန်လိုအပ်သည်ဟု သတင်းစာဆရာ ကိုကျော်မျိုးထွန်းက ပြောကြားသည်။
“ Positive လူနာနဲ့ ထိတွေ့သူတိုင်းကို တခြားလူတွေနဲ့ ခွဲထားသင့်ပါတယ်။ ဒါပေမဲ့ Q စင်တာကို အားလုံးပို့နေရင်တော့ ဒီထက်လူနာများလာရင် အဆင်မပြေနိုင်ဘူးလို့ ထင်တယ်။ ပြောချင်တာက Positive လူနာနဲ့တွေ့တဲ့သူက ကျန်းမာရေးအခြေအနေ ကောင်းနေတယ်။ သူ့ကိုအိမ်မှာပဲ အခန်းတစ်ခန်းမှာ သတ်သတ်ထားလို့ ရနိုင်မယ်ဆိုရင် Stay at Home ပဲ ထားသင့်ပါတယ်။ လူနာက လက္ခဏာပြလာမယ်။ တစ်ခုခု အခြေအနေဆိုးလာလားဆိုတာ စောင့်ကြည့်ပြီးမှ ပို့သင့်ပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် အစိုးရဘက်ကလည်း ငွေကုန်ကြေးကျသက်သာမယ်။ ဆရာဝန်တွေ သူနာပြုတွေ စေတနာ့ဝန်ထမ်းတွေ မလုံလောက်တဲ့ပြဿနာကို ဖြေရှင်းပြီးသားဖြစ်မယ်။ လူနာဘက်ကလည် သက်သောင့်သက်သာနေရမယ်” ဟု ကိုကျော်မျိုးထွန်းက ဆိုသည်။
COVID ပိုးတွေ့လူနာများ လာသည်နှင့်အမျှ ၎င်းတို့နှင့်ထိတွေ့ဆက်ဆံခဲ့သူများကို Quarantine စင်တာများတွင် ထားရှိလာရမည်လည်းဖြစ်ရာ ယခုထက်ပိုများလာမည်ဆိုပါက လိုအပ်ချက်များကို အစိုးရအနေဖြင့် ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုသည်မှာ မေးခွန်းထုတ်ရတော့မည်ဖြစ်သည်။
“ အခုဒီမှာက အင်းစိန်ထဲကို ရောက်နေသလိုပဲ။ ကျွန်တော်တို့အတွက်က အဆင်မပြေဘူး” ဟု Case- 2095 က ပြောကြားသည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်