COVID-19 ကပ်ရောဂါ ကာလအတွင်း အနောက်နိုင်ငံများမှ အထည်အော်ဒါမှာယူမှုများ ထိုးကျသွားခြင်းကြောင့် ပြိုလဲလုနီးအခြေအနေနှင့် ရင်ဆိုင်နေရသော ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံ အများအပြားသည် ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ၊ လက်အိတ်များ၊ ဝတ်ရုံများချုပ်လုပ်၍ ပြည်ပအော်ဒါများ ရရှိခြင်းနှင့်အတူ လုပ်ငန်း မပြိုလဲစေရေးအတွက် တစ်ခုတည်းသောနည်းလမ်းကို တွေ့ရှိခဲ့ကြသည်။
အနောက်တိုင်းစျေးကွက်များတွင် စီးပွားရေးလုပ်ငန်းအချို့ ပြန်လည်နာလန်ထူလာပြီး အထည်မှာယူမှုသစ်များ ရှိနေသော်လည်း ဘင်္ဂလားဒေ့ရှ်တွင် ပြည်ပသို့အထည် တင်ပို့သည့် အထည်ချုပ်စက်ရုံများ၌ ကာလရှည်ကြာလုပ်ကိုင်ခဲ့ကြသည့် သိန်းနှင့်ချီသော အထည်ချုပ်လုပ်သားများမှာ အလုပ်လက်မဲ့ဖြစ်နေဆဲ ဖြစ်သည်။
ဒါကာမြို့ မြောက်ဘက်ယွန်းယွန်း၏ စက်မှုလက်မှုထွန်းကားရာ ဆာဗာမြို့ရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်သမား ထောင်ပေါင်းများစွာသည် လက်ရှိ၌ တစ်ပတ်လျှင် ခြောက်ရက်၊ တစ်ရက်လျှင် ရှစ်နာရီ အလှည့်ကျဂျူတီဖြင့် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) များကို ချုပ်လုပ်နေကြသည်။
အထည်ချုပ်လုပ်သား ရာပေါင်းများစွာသည် အထည်ချုပ်စက်ရုံ၏ အပ်ချုပ်စက်များဖြင့် PPE ဝတ်စုံများ ချုပ်လုပ်နေကြပြီး အပ်ချုပ်စက်ဘေးတွင် ချုပ်လုပ်ပြီးသော အဖြူနှင့် အပြာနုရောင် PPE ဝတ်စုံများကို စီစီရီရီ ခေါက်တင်ထားသည်။
“ ဒီအခွင့်အလမ်းကို ဖေဖော်ဝါရီလမှာ စတွေ့ခဲ့တာပါ။ အဲ့တော့ ချက်ချင်းပဲ ကျွန်တော်တို့ PPE ဝတ်စုံချုပ်လုပ်တဲ့လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့ အလုပ်သမား ၄၀၀၀၀ ရဲ့ ၆၀ ရာခိုင်နှုန်းခန့်က PPE ဝတ်စုံတွေ ချုပ်နေကြပါတယ်။ ကျွန်တော်တို့ဆီမှာ ကမ္ဘာ့အဆင့်မီ အထည်ချုပ်စက်ရုံတွေ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်က PPE ဝတ်စုံအဓိက ထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာဖို့ နေရာကောင်းရနေပါပြီ” ဟု Zara ၊ Calvin Klein ၊ Tommy Hilfiger စသော နာမည်ကျော် အမှတ်တံဆိပ်များအတွက် ချုပ်လုပ်သည့် ကုမ္ပဏီကြီး Beximco မှ အလုပ်အမှုဆောင် ဆိုင်အတ်နာဗတ်ဟူစိန်က ဆိုသည်။
Beximco သည် ပြီးခဲ့သည့်လတွင် အမေရိကန်ကုန်အမှတ်တံဆိပ် Hanes ထံ ရောဂါကာကွယ်ရေး ဝတ်စုံ ၆.၅ သန်း တင်ပို့ခဲ့ပြီး ယခုနှစ်အတွင်း ဒေါ်လာ သန်း ၂၅၀ တန်ဖိုးရှိ ရောဂါကာကွယ်ရေးပစ္စည်းများ တင်ပို့နိုင်ရန် ခန့်မှန်းထားသည်။
ကပ်ရောဂါကာလအတွင်း အလုပ်အကိုင်များဆုံးရှုံးခဲ့ကြသည့် အထည်ချုပ်အလုပ်သမ ဆူမိုင်ယာ အက်တာနှင့် ရူဘယ်မိုင်ယာတို့သည် လက်ရှိတွင် Beximco ကုမ္ပဏီ၌ ချုပ်လုပ်ပြီး PPE များကို အချောသတ် စစ်ဆေးရသည့် အလုပ်ကို လုပ်ကိုင်ကြသူများတွင် ပါဝင်ခဲ့သည်။
“ အခြားသူတွေ အလုပ်အကိုင် ဆုံးရှုံးနေကြပြီး စားဝတ်နေရေး အခက်တွေ့နေကြချိန်မှာ ဒီအလုပ်ကို ရတဲ့အတွက် ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ ထင်မိပါတယ်။ အနည်းဆုံးတော့ ကျွန်မမိသားစုနဲ့ မိဘတွေကို ကျွေးနိုင်တာပေါ့” ဟု အသက် ၃၄ နှစ်အရွယ် အိမ်ထောင်ရှင်မတစ်ဦးဖြစ်သည့် အက်တာက ဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် Primark နှင့် H & M ကဲ့သို့သော နာမည်ကြီး အမှတ်တံဆိပ်များအတွက် အထည်များ ချုပ်လုပ်တင်ပို့ခြင်းဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ကမ္ဘာတွင် အသင့်ချုပ်ပြီး အဝတ်အထည် အများဆုံးတင်ပို့သည့် နိုင်ငံများတွင် တရုတ်ပြီးလျှင် ဒုတိယမြောက်အများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။
ကပ်ရောဂါ မဖြစ်ပွားမီအချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နှစ်စဉ် အဝတ်အထည်တင်ပို့မှုတန်ဖိုး ဒေါ်လာဘီလျံ ၄၀ ၏ ၈၀ ရာခိုင်နှုန်း ဝန်းကျင်ကို Beximco ကုမ္ပဏီက တင်ပို့ခြင်းဖြစ်သည်။ ယင်းကုမ္ပဏီတွင် ဝန်ထမ်း လေးသန်းကျော်ရှိနေပြီး ဝန်ထမ်းအများစုမှာ ဆင်းရဲသော ကျေးလက်ဒေသများမှ လာရောက်လုပ်ကိုင်ကြသည့် အမျိုးသမီးများ ဖြစ်ကြသည်။
သို့သော် COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံအများအပြား၌ Lockdown ချမှတ်ခဲ့ချိန်တွင် ဘင်္ဂလားဒေ့ရှ်ရှိ အထည်ချုပ်လုပ်ငန်းကုမ္ပဏီ ၄၅၀၀ ၏ အထည်တင်ပို့မှုပမာဏသည် ဧပြီတွင် ၈၄ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။
ဒေါ်လာ ၃.၂ သန်းခန့် တန်ဖိုးရှိသော အထည်အော်ဒါများမှာ ဖျက်သိမ်း သို့မဟုတ် ဆိုင်းငံ့ခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအဖွဲ့ (BGMEA) က ထုတ်ပြန်ခဲ့သည်။
စာချုပ်ဖျက်သိမ်းမှုများနှင့် နိုင်ငံ၏ Lockdown ချမှုကြောင့် လုပ်ငန်းအရှုံးပေါ်နေသည့်အတွက် အထည်ချုပ်စက်ရုံအများစုက ပိတ်သိမ်းကုန်ကြပြီး စက်ရုံအချို့တွင် ဝန်ထမ်းများကို ထုတ်ပယ်ခြင်း၊ ခွင့်ရက်ရှည်ပေးခြင်းများကြောင့် ဆန္ဒပြမှုအများအပြား ဖြစ်ပွားခဲ့သည်။
“ အထည်အော်ဒါအချို့ ပြန်တက်လာတာတော့ ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကရခဲ့တဲ့ အော်ဒါ ပမာဏနဲ့ယှဉ်ရင် အလွန်နည်းပါတယ်” ဟု BGMEA ၏ ပြောခွင့်ရပုဂ္ဂိုလ် ရှုဗိုက ပြောကြားခဲ့သည်။
လုပ်ငန်းသဘောသဘာဝအရ စက်ရုံများတွင် လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းကို တိတိကျကျ လိုက်နာကျင့်သုံးရန်မှာ မဖြစ်နိုင်ကြောင်း စက်ရုံပိုင်ရှင်တစ်ဦးက ဝန်ခံပြောကြားခဲ့သည်။
ရောဂါကာကွယ်ရေးဝတ်စုံ ချုပ်လုပ်သည့်ကဏ္ဍကို တစိုက်မတ်မတ် ဦးတည်နေကြသည့် လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းရှင်အများစုမှာ နောက်တစ်ကြိမ် မျှော်လင့်ချက်ထားလာကြကြောင်း၊ ကပ်ရောဂါ စတင်ချိန်ကတည်းက အထည်ချုပ်စက်ရုံ ၃၀ ထက်မနည်းသည် PPE များကို စတင်ချုပ်လုပ်ခဲ့ကြခြင်းဖြစ်ကာ PPE ဝတ်စုံချုပ်လုပ်သည့် စက်ရုံအရေအတွက် များပြားလာနေကြောင်း ရှုဗိုက ပြောကြားခဲ့သည်။
အခြားသောကုမ္ပဏီများသည် PPE များကို အရေအတွက် အကန့်အသတ်ဖြင့် ကြိုတင်ချုပ်လုပ်နေရာမှ အနောက်နိုင်ငံများမှ ဖောက်သည်များက PPE မှာယူချိန်တွင် ၎င်းတို့၏ဝယ်လိုအား ပြည့်မီစေရန်အတွက် PPE ဝတ်စုံများထုတ်လုပ်မှုကို အလျင်အမြန်ချဲ့ထွင်ခဲ့ကြသည်။
“ ပြီးခဲ့တဲ့သုံးရက်ကပဲ ခွဲစိတ်ခန်းသုံး ဝတ်ရုံ သန်း ၂၀ ကို တင်ပို့ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အထည်ချုပ် စက်ရုံအားလုံးမှာ ဒီတစ်နှစ်လုံးစာအတွက် PPE ဝတ်စုံအော်ဒါတွေ ရထားပါတယ်” ဟု Fakir Apparels ကုမ္ပဏီမှ ညွှန်ကြားရေးမှူး မာရှီအာရာမန်ရှိုမိုက ပြောကြားခဲ့သည်။
Fakir ကုမ္ပဏီသည် ၎င်း၏ အထည်ချုပ်စက်ရုံငါးခုကို PPE ချုပ်လုပ်သည့် စက်ရုံအဖြစ် ပြောင်းလဲခဲ့ပြီး နောက်ထပ် အလုပ်သမား ၄၀၀ ကို ခန့်အပ်ခဲ့သည်။ ယခုနှစ်အတွင်း PPE ဝတ်စုံ ဒေါ်လာသန်း ၂၀၀ ဖိုးအထိ တင်ပို့နိုင်မည်ဟု ကုမ္ပဏီက ခန့်မှန်းထားသည်။
ကုန်ထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်း လျှော့ချလည်ပတ်နေသည့် စက်မှုလုပ်ငန်းများက PPE ဝတ်စုံ ထုတ်လုပ်ရေးဘက်သို့ ပြောင်းလဲခြင်းသည် စိတ်သက်သာရမှုအချို့ကိုပေးလိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အလုပ်အမှုဆောင်အရာရှိဟောင်း အာရှန်မန်ဆော်က ပြောကြားခဲ့သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်