Top News

ဂါဇာဒေသရှိ အမျိုးသမီးများနှင့် ကလေး ၁၀၀၀ ခန့်ကို ဆေးဝါးကုသပေးရန် ဥရောပသို့ ရွှေ့ပြောင်းပေးမည်ဟု WHO ပြောကြား
24htopnews | October 22, 2024 8:12 PM CST

ဂါဇာကမ်းမြောင်ဒေသတွင် အရေးပေါ် ဆေးဝါးကုသရန်လိုအပ်နေသည့် အမျိုးသမီးများနှင့် ကလေး ၁၀၀၀ ခန့်ကို ဥရောပသို့ ရွှေ့ပြောင်းပေးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဥရောပဌာနက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ဂါဇာဒေသို့ ပိတ်ဆို့ထားသည့် အစ္စရေးက ဂါဇာရှိ ပါလက်စတိုင်း ၁၀၀၀ ကို လာမည့် လအတွင်း ဥရောပသမဂ္ဂသို့ ရွှေ့ပြောင်းခွင့်ပြုရန် ကတိပေးခဲ့ကြောင်း WHO ၏ ဥရောပဒေသဆိုင်ရာ အကြီးအကဲ ဟန်းစ် ကလူဂါက အေအက်ဖ်ပီသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့သို့ နေရာရွှေ့ပြောင်းမှုကို WHO က တာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်ပြီး ဥရောပနိုင်ငံများလည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစ္စရေးသည် ဂါဇာဒေသရှိ ကျန်းမာရေးအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်နေကြောင်း၊ ထိုလုပ်ရပ်များသည် လူသားမျိုး နွယ်ကိုဆန့်ကျင်သည့် ရာဇဝတ်မှုများဖြစ်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအရာရှိများက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေများရှိ WHO ကိုယ်စားလှယ်ဖြစ်သည့် ရစ်ခ်ပီပါ  ကွန်းကမူ ဂါဇာဒေသတွင် လူပေါင်း ၁၀၀၀၀ ခန့်သည် အရေးပေါ်ဆေးဝါး ကုသမှုခံယူရန် လိုအပ်နေကြောင်း မေလအတွင်းက ပြော ကြားခဲ့သည်။

WHO ဥရောပဌာနသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစပြီး ဂါဇာစစ်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက ဂါဇာဒေသမှ လူပေါင်း ၆၀၀ ကို ဥရောပနိုင်ငံ ခုနစ်နိုင်ငံသို့ ရွှေ့ပြောင်းပြီး ဆေးဝါးကုသပေးခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုကို ဆက်မလုပ်ဘူးဆိုရင် ဒီလိုရွှေ့ပြောင်းမှု အခြေအနေက ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ကလူဂါက ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းတွင်လည်း ထိုသို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“အခုဆိုရင် ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတစ်ခုဖြစ်တဲ့ ဒွန်းဘက်စ်ဒေသမှာ HIV/AIDS လူနာ ၁၅၀၀၀ ဟာ ဆေးဝါးကုသမှု ခံယူနေရပါတယ်”ဟု က လူဂါ(၅၅ နှစ်)က ပြောကြားခဲ့သည်။

“အရေးအကြီးဆုံး ဆေးဝါးကတော့ ငြိမ်းချမ်းရေးဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့ပြီး ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် ကျန်းမာရေးဝန်ထမ်းများကို တာဝန်ထမ်းဆောင်ခွင့်ပြုရန် လိုအပ်သည်ဟု ဆိုသည်။

ယူကရိန်းကို ရုရှားက ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ယူကရိန်းနိုင်ငံအတွင်းရှိ ကျန်းမာရေးစင်တာ ၂၀၀၀ ခန့် တိုက်ခိုက်ခံခဲ့ရသည်။

“ကျန်းမာရေး အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာဟာ လက်မခံနိုင်စရာ အခြေအနေဖြစ်ပြီး ဒီလိုဖြစ်စဉ်မျိုးတွေကို အပြင်းထန်ဆုံး ဆက်လက်ရှုတ်ချသွားမှာပါ”ဟု ကလူဂါက ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းစစ်ပွဲသည် တတိယမြောက် ဆောင်းရာသီအတွင်းကို ဝင်ရောက်တော့မည်ဖြစ်သဖြင့် ထိုအခြေအနေအတွက် စိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

“ယူကရိန်းရဲ့ အရပ်ဘက် စွမ်းအင် ဓာတ်အားလိုင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာဆိုရင် ခွဲစိတ်ဆရာဝန်တွေဟာ သူတို့ရဲ့နဖူးမှာ မီးတွေကိုတပ်ပြီး ခွဲစိတ်နေရတာပါ။ လာမယ့်ဆောင်းရာသီဟာ အရမ်းကို ခက်ခဲပါလိမ့်မယ်”ဟု ကလူဂါက ပြောကြားခဲ့သည်။

ဥရောပ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်များသည် ဝန်ပိနေသည့်တိုင် ဗဟိုအာရှ နိုင်ငံများပါဝင်သည့် WHO ဥရောပဒေသ၏ ၅၃ နိုင်ငံသည် အနာဂတ်တွင် ဖြစ်ပွားလာမည့် ကပ်ရောဂါများအတွက် ပြင်ဆင်ရန် အတူတကွ ဆောင်ရွက်နိုင်စွမ်းရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref:AFP

                                              


READ NEXT
Cancel OK