Top News

COVID- 19 ကာကွယ်ဆေး သုတေသနအတွက်‌ ရန်ပုံငွေ ဒေါ်လာဘီလျံများစွာရရှိနိုင်ရန် နိုင်ငံခေါင်းဆောင်များက မျှော်မှန်း
24htopnews | October 19, 2024 3:12 AM CST

COVID- 19 ကာကွယ်ဆေးအတွက် သုတေသနပြုလုပ်ရန်အပြင် ကုထုံးသစ်များနှင့် ပိုမိုထိရောက်သော စမ်းသပ်စစ်ဆေးမှုများအတွက် ရန်ပုံငွေ ဒေါ်လာဘီလျံများစွာ ရရှိနိုင်ရေး မျှော်မှန်းလျက် ကမ္ဘာ့ခေါင်းဆောင်များပါဝင်သည့် မဟာမိတ်အဖွဲ့က မေ ၄ နှောင်းပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် အစည်းအဝေး ပြုလုပ်ကြမည်ဖြစ်သည်။

လတ်‌တလောတွင် COVID- 19 ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၂၄၇၀၀၀ ကျော်နှင့် ကူးစက်ခံရသူ ၃.၅ သန်း ရှိနေကြောင်း အစိုးရများက ထုတ်ပြန်ထားသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပြုစုတွက်ချက်မှုအရ သိရသည်။

သို့သော် ကူးစက်ပျံ့နှံ့မှုများအား ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခြင်း၊ ရောဂါစစ်ဆေးနိုင်မှု အားနည်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအား အလွန်အမင်း ဝန်ပိနေခြင်းတို့က ကပ်ရောဂါ၏ အမှန်တကယ် သက်ရောက်မှုသည် ပိုမိုကြီးမားနိုင်သည့်သဘောဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားမှ အထူးသဖြင့် ဥရောပမှ ပြည်သူအများအပြားသည် ယခုသီတင်းပတ်အတွင်း လုပ်ငန်းခွင်များသို့ သတိဖြင့် ပြန်လည်ဝင်ရောက်နေကြချိန်တွင် ကူးစက်မှုဒုတိယလှိုင်းကို သတိထားနေကြရသည်။

ဗိုင်းရပ်စ်ကာကွယ်ဆေးကသာ ပုံမှန်ဘဝကဲ့သို့ အနေအထားများသို့ ပြန်သွားနိုင်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်စရာဖြစ်နေသည်။

ခေါင်းဆောင်များ၏ ထိုဗီဒီယိုကွန်ဖရင့်က ကာကွယ်ဆေးသုတေသနအတွက် ယူရိုလေးဘီလျံ (ဒေါ်လာ ၄.၃၇ ဘီလျံ) ခန့်၊ ကုသမှုနည်းလမ်းများအတွက် ယူရို ၂ ဘီလျံ ခန့်နှင့် ရောဂါစစ်ဆေးမှု တိုးတက်စေရေးအတွက် ယူရို ၁.၅ ဘီလျံခန့် ရရှိနိုင်ရန် ရည်မှန်းထားကြသည်။

ထိုပမာဏသည် ကနဦးအဆင့်သာ ရှိသေးပြီး လာမည့်လများအတွင်း ထုတ်လုပ်မှုနှင့် ဖြန့်ချိမှုတို့ကို အရှိန်မြှင့်ရန်အတွက် ယင်းထက်ပိုမို၍ လိုအပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ထိုရရှိမည့် ရန်ပုံငွေများ၏ အများစုအား အများအသိအမှတ်ပြု ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းများမှတစ်ဆင့် လွှဲပေးသွားမည်ဖြစ်ကြောင်း ဗီဒီယိုကွန်ဖရင့် မစတင်မီ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေနှင့် ဥရောပသမဂ္ဂထိပ်တန်းတာဝန်ရှိသူများ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထိုရန်ပုံငွေများအား ကိုင်တွယ်စီမံရန်အတွက် မည်သည့်အဖွဲ့သစ်မျှ ထူထောင်မည်မဟုတ်ဟုလည်း ဖော်ပြခဲ့သည်။

ကာကွယ်ဆေးကိုသာ မိမိတို့ ဖန်တီးထုတ်လုပ်နိုင်ပါက ယင်းသည် ၂၁ ရာစုတွင် တစ်ကမ္ဘာလုံး၏ အများပြည်သူကျန်းမာရေးဆိုင်ရာ အကောင်းဆုံးအရာတစ်ခုဖြစ်လာ မည်ဖြစ်ကြောင်း၊ မိတ်ဖက်များနှင့် လက်တွဲလျက် မိမိတို့သည် အားလုံးက ရရှိနိုင်သော၊ လက်လှမ်းမီသော၊ တတ်နိုင်သော ကာကွယ်ဆေးထုတ်နိုင်ရန် ကတိပြုကြောင်း ထိုခေါင်းဆောင်များ၏ ကြေညာချက်၌ ဖော်ပြခဲ့သည်။

COVID- 19 ကြောင့် ကမ္ဘာတွင် ကူးစက်သူနှင့် သေဆုံးသူအများဆုံးနိုင်ငံဖြစ်သော အမေရိကန်က ထိုအစီအစဉ်တွင် ပူးပေါင်းပါဝင်လာရန် မျှော်လင့်သော်လည်း ၀ါရှင်တန်သည် ကာကွယ်ဆေးအလှူရှင် ညီလာခံတွင် မည်သည့်ကဏ္ဍမှ ပါဝင်မည်ကို တိတိကျကျမသိရသေးကြောင်း ဥရောပသမဂ္ဂ၏ အမှုဆောင်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

မေ ၄ တွင်သာမဟုတ်ဘဲ ဇန်နဝါရီ နှောင်းပိုင်းကတည်းက ပြုလုပ်ခဲ့သော ကာကွယ်ဆေး သုတေသနအတွက် မေတ္တာရပ်ခံမှုများကို ယခုညီလာခံတွင် လှူဒါန်းမှုအဖြစ် တွက်ချက်မည်ဟု ဥရောပသမဂ္ဂတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။              

 

 


READ NEXT
Cancel OK