ကိုရိုနာဗိုင်းရပ်စ်သစ်သည် တရုတ်နိုင်ငံ၏ဓာတ်ခွဲခန်းတစ်ခုမှ စတင်ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အခိုင်အမာပြောကြားမှုများကို ထောက်ပံ့ပေးမည့် မည်သည့် အထောက်အထားကိုမျှ ၀ါရှင်တန်က မပေးသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မေ ၄ တွင် ထုတ်ပြန်ခဲ့သည်။
ထိုဗိုင်းရပ်စ်၏ ဇာစ်မြစ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရထံမှ မည်သည့်အချက်အလက်များ သို့မဟုတ် အထူးပြု အထောက်အထားများကို မိမိတို့ မရရှိသေးကြောင်း၊ ယင်းအတွက်ကြောင့် လတ်တလောအထိ မိမိတို့၏ ရှုထောင့်အရဆိုလျှင် ယင်းသည် စိတ်မှန်းဖြင့် ပြောဆိုနေမှုဟု ယူဆရမည်ဖြစ်ကြောင်း WHO ၏ အရေးပေါ်အခြေအနေတုံ့ပြန်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က ပြောကြားခဲ့သည်။
အထောက်အထားအခြေပြုသော အဖွဲ့အစည်းများကဲ့သို့ပင် မိမိတို့သည်လည်း ထိုဗိုင်းရပ်စ်၏ ဇာစ်မြစ်နှင့် ပတ်သက်သော မည်သည့်သတင်းအချက်အလက်ကိုမဆို ရရှိရန် ဆန္ဒရှိကြောင်း ရိုင်ယန်က ပြောကြားခဲ့သည်။
ယင်းသည် အနာဂတ်ထိန်းချုပ်မှုအတွက် အများပြည်သူဆိုင်ရာ ကျန်းမာရေး၏ အလွန်အရေးပါသော သတင်းအချက်အလက်ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။
ထိုအချက်အလက်နှင့် အထောက်အထားများ ရရှိထားလျှင် အမေရိကန်အစိုးရက မျှဝေခြင်း ပြု၊ မပြုနှင့် မည်သည့်အချိန်တွင် မျှဝေရမည်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ သို့သော် ထိုကိစ္စနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် လစ်ဟာနေမှုတွင် လုပ်ကိုင်ရန် WHO အတွက် ခက်ခဲကြောင်းလည်း ရိုင်ယန်က ပြောကြားခဲ့သည်။
တရုတ်အား ကာကွယ်ပေးရန်အတွက် ဗိုင်းရပ်စ်၏ ဆိုးရွားပြင်းထန်မှုအား ကနဦးတွင် မှိန်ချခဲ့သည်ဟု အမေရိကန်သမ္မတ ထရန့်၏ စွပ်စွဲမှုကို ကြုံခဲ့ရသော WHO က ယင်းဗိုင်းရပ်စ်သည် တိရစ္ဆာန်ရင်းမြစ်တစ် ခုခုမှနေ၍ သဘာဝအတိုင်း ဖြစ်တည်လာ ဖွယ်ရှိမှုသည် သိသာနေကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သည်။
WHO ၏ ကျွမ်းကျင်ပညာရှင် Maria Van Kerkhove က ရရှိနိုင်သမျှ နိုဗယ်ကို ရိုနာဗိုင်းရပ်စ်၏ Genome အစီအစဉ် ၁၅၀၀၀ ခန့်ရှိပြီး မိမိတို့ရရှိထားသော အထောက်အထားများအားလုံးအရ ယခုဗိုင်းရပ်စ်သည် သဘာဝအတိုင်း ဖြစ်လာခြင်းဖြစ်ကြောင်း မေ ၄ တွင် အကျဉ်းချုပ်အစီရင်ခံမှုအတွင်း ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်၏ဇာစ်မြစ်သည် ပုံမှန်အားဖြင့် လင်းနို့များမှလာသော်လည်း COVID- 19 ဖြစ်စေသော ထိုဗိုင်းရပ်စ်သည် လူသားများထံ မည်သို့ကူးစက်ခဲ့ကြောင်းနှင့် မည်သည့်တိရစ္ဆာန်များက ကြားခံ သယ်ဆောင်သူများဖြစ်ကြောင်းကို ရှာဖွေဖော်ထုတ်နိုင်ရန်မှာ အလွန်အမင်းအရေးကြီးကြောင်းVan Kerkhove နှင့် ရိုင်ယန်တို့က အလေးပေး ပြောကြားခဲ့သည်။
သဘာဝအတိုင်း ဖြစ်လာမှုနှင့်ပတ်သက်၍ အထူးသဖြင့် ကြားခံသယ်ဆောင်သူများ၏ အကြောင်းများကို ပိုမိုနားလည်နိုင်ရန် လိုအပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအခါ လူပေါင်း ၂၅၀၀၀၀ ခန့်ကို သေဆုံးစေခဲ့ပြီဖြစ်သော ကပ်ရောဂါနှင့်ပတ်သက်၍ တိရစ္ဆာန်ဇာစ်မြစ်ကို တရုတ်၏စုံ စမ်းစစ်ဆေးမှု၌ ပါဝင်ခွင့်ရရန် ပေကျင်း၏ဖိတ်ခေါ်မှုကို မျှော်လင့်ကြောင်း WHO က ပြီးခဲ့သော သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။
မိမိတို့သည် တရုတ်သိပ္ပံပညာရှင်များထံမှ လေ့လာနိုင်မည်ဖြစ်ကြောင်း ရိုင်ယန်က မေ ၄ တွင် ပြောကြားခဲ့သည်။
သို့သော် ဗိုင်းရပ်စ်၏ဇာစ်မြစ်အား မေးခွန်းထုတ်မှုများသည် အမှားအယွင်းပြုလုပ်ခဲ့မှုအား တက်တက်ကြွကြွ စုံစမ်းစစ်ဆေးရန် ရည်မှန်းထားလျှင် ယင်းသည် ကိုင်တွယ်ဖြေရှင်းရန် ပိုမိုခက်ခဲလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက သတိပေးခဲ့ပြီး ယင်းသည် နိုင်ငံရေး အကြောင်းအရာတစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
သိပ္ပံပညာကို ဗဟိုထားရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အကယ်၍ မိမိတို့သည် ဗိုင်းရပ်စ်၏ဇာစ်မြစ်နှင့် တစ်ဆင့်ခံ သယ်ဆောင်သူများ၏အကြောင်းအား သိပ္ပံအခြေပြု စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျှင် ကမ္ဘာပေါ်ရှိ လူအားလုံးအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း ရိုင်ယန်က ပြောကြားခဲ့သည်။
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်
-
■ စီးရီးအေ ပွဲစဉ်(၆)၊ ဂျာမန်ဖလား ပထမအဆင့်နှင့် ပြင်သစ်လီဂူး ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်