Top News

ဗြိတိန်တွင် COVID-19 ကြောင့် သေဆုံးသူအရေအတွက်သည် ကမ္ဘာတွင် ဒုတိယအများဆုံးဖြစ်လာ
24htopnews | October 19, 2024 3:12 AM CST

COVID-19 ကြောင့် ဗြိတိန်တွင် သေဆုံးသူအရေအတွက်သည် မေ ၅ တွင် နောက်ဆုံးရရှိထားသော တရားဝင်တွက်ချက်ထားမှုများအရ ၃၂၀၀၀ ကျော်ကို ရောက်ရှိခဲ့သောကြောင့် ကမ္ဘာတွင် COVID-19 ကြောင့် သေဆုံးသူအများဆုံး အမေရိကန်ပြီးလျှင် ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

နိုင်ငံအဆင့် စာရင်းအင်းရုံး (ONS) နှင့် ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့များထံမှ ရရှိထားသော ထိုကိန်းဂဏန်းသည် အစိုးရ၏ နေ့စဉ်ထုတ်ပြန်မှုနှင့် မပေါင်းစပ်ရသေးပေ။ အစိုးရ၏ နောက်ဆုံးထုတ်ပြန်ထားမှုအရ သေဆုံးသူအရေအတွက် ၂၉၄၂၇ ဦး ရှိသည်။

ထိုအရေအတွက်သည်လည်း မေ ၅ အထိ COVID-19 ကြောင့် သေဆုံးသူစုစုပေါင်း ၂၉၃၁၆ ဦးရှိသည့် အီတလီထက် များပြားနေဆဲဖြစ်သည်။ အမေရိကန်တွင်မူ မေ ၅ အထိ သေဆုံးသူအရေအတွက်သည် ၆၉၀၀၀ နီးပါးရှိသည်။

သို့သော် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရက်ဘ်က သေဆုံးသူအား ရေတွက်မှုတွင် နည်းလမ်းများ ကွဲပြားနေကြောင်း၊ မိမိတို့သည် ယခုအခါ အခြေအနေအားလုံးတွင် သေဆုံးမှုအားလုံးကို ပါဝင်သည့် အချက်အလက်များကို ထုတ်ပြန်နေကြောင်း၊ နိုင်ငံအားလုံးက ယင်းသို့လုပ်ဆောင်နေခြင်းမရှိကြောင်း ဒေါင်းနင်းလမ်း၏ နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုသေဆုံးမှုများသည် ဧရာမကြေကွဲ ဝမ်းနည်းစရာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ယင်းကဲ့သို့ ပမာဏနှင့် ထိုအနေအထားဖြင့် သေဆုံးမှုများကို မကြုံခဲ့ဖူးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မေ ၅ ရက် နောက်ဆုံးအချက်အလက်များအရ ဗြိတိန်တွင် သေဆုံးသူစုစုပေါင်း ၃၂၃၁၃ ဦးရှိခဲ့သောကြောင့် ဥရောပတွင် တရားဝင်သေဆုံးသူအရေအတွက် အမြင့်ဆုံး ဖြစ်နိုင်ခြေရှိသည်။

သေဆုံးသူအားလုံးကို ရေတွက်သော ONS က နောက်ဆုံးကိန်းဂဏန်းများကို ပုံမှန် ထုတ်ပြန်ပေးနေစဉ် ဖြစ်စဉ်အများအပြားတွင် သေဆုံးသူအရေအတွက် အလွန်အမင်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထိုအေဂျင်စီသည် ကိန်းဂဏန်းများအား အပတ်စဉ်ထုတ်ပြန်ပေးပြီး စောင့်ရှောက်ရေး ဂေဟာများနှင့် လူနေရပ်ကွက်များတွင် သေဆုံးသူများကိုပါ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောလနှောင်းပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာနက COVID-19 Positive ရလဒ်ထွက်ပြီးနောက် ဆေးရုံတွင် သေဆုံးခဲ့သူများကိုသာ နေ့စဉ်ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအားလုံးကို သေစာရင်းများထဲတွင် စတင်ထည့်သွင်းခဲ့လျှင်ပင် သေဆုံးသူစုစုပေါင်း အရေအတွက်သည် ONS ၏ နောက်ပိုင်းရေတွက်သော စုစုပေါင်းအရေအတွက်ထက် နည်းပါးနေခဲ့သည်။

စောင့်ရှောက်ရေးဂေဟာများအား ကပ်ရောဂါက သက်ရောက်စဉ် သေဆုံးသူအရေအတွက် အလွန်အမင်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်တစ်ခုတည်းတွင်ပင် စောင့်ရှောက်ရေးဂေဟာများ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၄၀၀ နီးပါးရှိနေခဲ့ပြီး ကူးစက်ပျံ့နှံ့မှုနှေးကွေးလာလျှင်ပင် သေဆုံးသူအရေအတွက် မြင့်တက်နေဆဲဖြစ်သည်။

ဗြိတိန်သည် ကူးစက်ပျံ့နှံ့မှု အထွတ်အထိပ်ကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည့် ဧပြီနောက်ဆုံးပတ်တွင် သေဆုံးသူ ၂၀၀၀ ကျော် ရှိခဲ့သည်။

စီးပွားရေးအရ အလွန်အမင်း ထိခိုက်စေသော Lockdown ချမှု သီတင်းပတ် ၇ ပတ်ရှိလာခဲ့ပြီဖြစ်သည့် ဗြိတိန်သည် ထိုစီမံချက်များအား ဖြေလျှော့ပေးနိုင်ရန် ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုရှိသူများအား ခြေရာခံသည့် မဟာဗျူဟာသစ်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေသည်။

ဂျွန်ဆင်သည် တင်းကျပ်သော လူအချင်းချင်း ခွာခွာကင်းကင်းနေရန် မူဝါဒအား ဖယ်ရှားမည့်အစီအစဉ်ကို မေ ၁၀ တွင် ကြေညာမည်ဟု မျှော်လင့်ရကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။


READ NEXT
Cancel OK