Top News

ထိုင်းနိုင်ငံက ရွေးကောက်ပွဲ မဲရလဒ် စောင့်ဆိုင်းနေစဉ် စစ်အစိုးရက အာဏာပြန်လည် ရရှိဖွယ်ရှိ
24htopnews | October 18, 2024 7:12 PM CST

ထိုင်းရွေးကောက်ပွဲ ရလဒ်များအား မတ် ၂၅ ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားပြီး အာဏာသိမ်း စစ်အစိုးရကပင် ထိုရွေးကောက်ပွဲ၌ အာဏာကို ဆက်လက် ထိန်းချုပ်နိုင်ဖွယ် ရှိနေသည်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီး ပထမဆုံးအကြိမ်နှင့် စစ်အစိုးရက အရပ်သား အစိုးရဘက်သို့ အသွင်ပြောင်းရန် ရေးဆွဲထားသည့် စည်းမျဉ်းသစ်များဖြင့် ကျင်းပသော မတ် ၂၄ ရက် ရွေးကောက်ပွဲများသည် စစ်အစိုးရအား ဆန္ဒခံယူပွဲအဖြစ် ရှုမြင်ခံထားရသည်။

သို့သော် စစ်အစိုးရအုပ်ချုပ်မှုအား ဒေါသထွက်နေမှုနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နှင့် ဆက်နွှယ်သော ဖြူထိုင်းပါတီတို့အား လူကြိုက်များမှု ဆက်လက် ရှိနေမှုတို့ကြောင့် စစ်အစိုးရနှင့် ဆက်နွှယ်သော ဖာလန်ပရာချာရတ်ပါတီက လူထု ထောက်ခံမဲတွင် အနိုင်ရနိုင်ခြေ မရှိကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။

ထိုင်းနိုင်ငံရေးသည် ခန့်မှန်း၍မရ ဖြစ်နေစဉ် အကြိုရလဒ်များအား မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့စဉ် အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာအား ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း သွင်းခဲ့သည့် ဖာလန်ပရာချာရတ် ပါတီသည် မဲ ၉၃ ရာခိုင်နှုန်း ရေတွက်ပြီးချိန်၌ မဲ ၇.၆ သန်း ရရှိခဲ့ပြီး ဦးဆောင်နေခဲ့သည်။

ယင်းသည် ၎င်းတို့အား လူထုကြား၌ တရားဝင်ဖြစ်မှုနှင့် ပို၍ ခိုင်မာစိတ်ချရမှုကို ပေးလိမ့်မည် ဖြစ်ကြောင်း ဘန်ကောက်၏ ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေးသုတေသီ သီသီနန်ပေါင်ဆုဒီရက်က သုံးသပ် ပြောကြားခဲ့သည်။

သက်ဆင်နှင့် ဆက်နွှယ်သော ပါတီများသည် ကျေးလက်နှင့် မြို့ပြ ဆင်းရဲသားများ၏ ထောက်ခံမှုများဖြင့် ၂၀၀၁ ခုနှစ် နောက်ပိုင်း ရွေးကောက်ပွဲတိုင်း၌ အနိုင်ရခဲ့သည့် စံချိန်ရှိသော်လည်း ယခုရွေးကောက်ပွဲတွင် စစ်အစိုးရ ကိုယ်စားပြုပါတီက ဖြူထိုင်းပါတီ ထက် မဲသန်းထက်ဝက်နီးပါး ပိုမိုရရှိခဲ့သည်။ ပါလီမန်တွင် အမတ်နေရာ အများစုရရှိရန် ပရာယွတ်၏ပါတီသည် အထက်လွှတ်တော် မှ စစ်အစိုးရခန့်အပ် အမတ်နေရာ ၂၅၀ နှင့် ပေါင်း၍ အောက်လွှတ်တော်တွင် အမတ်နေရာ ၁၂၆ နေရာသာ ရရှိရန် လိုအပ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ထိုင်း အဓိကသတင်းစာ ဘန်ကောက်ပို့စ်က ပရာယွတ်ပြန်လာနိုင်ခြေများကြောင်း မတ် ၂၅ ရက်တွင် သတင်းစာမျက်နှာဖုံး၌ ဖော်ပြခဲ့သည်။

ရလဒ်များ ထွက်ပေါ်လာနေစဉ် ဒီမိုကရေစီ လိုလားသော အင်အားစုအကြား တုန်လှုပ်ခြောက်ခြားမှုများ ပေါ်ပေါက်ခဲ့ပြီး စစ်အစိုးရ ဆန့်ကျင်သည့် ညွန့်ပေါင်းက အာဏာချုပ်ကိုင်နိုင်ရန် အလားအလာသည် အားလျော့လာခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်သည် အောက်လွှတ်တော်၌ တစ်ပါတီချင်းစီက အနိုင်ရရှိခဲ့သည့် အမတ်နေရာများ အပါအဝင် ပို၍ပြည့်စုံသော ရလဒ်များကို ထုတ်ပြန်မှုအား မတ် ၂၅ ရက် မွန်းလွဲအထိ မမျှော်လင့်ဘဲ ရွှေ့ဆိုင်းထားသည်။ ထိုရလဒ်များ အပြီးသတ်မှုကို မေ ၉ ရက်မတိုင်မီ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

သို့သော် ပယ်မဲ ၁.၉ သန်းအထိ အများအပြားရှိခဲ့သည့် ရွေးကောက်ပွဲကို လူမှုမီဒီယာတွင် မေးခွန်းထုတ်မှု အလျင်အမြန်မြင့် တက်လာခဲ့ပြီး အငြင်းပွားစရာ ဖြစ်လာခဲ့သည်။ မဲလာပေးသူ အရေအတွက်သည်လည်း ၆၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာ ခန့်မှန်းထားသည်ထက် အလွန်နည်းပါးခဲ့သည်။

ရွေးကောက်ပွဲနေ့တွင် အလွန်အမင်း အံ့အားသင့်စရာအဖြစ် လူငယ်ထုကို အာရုံစိုက်သော ဘီလျံနာ သာနာသွန်းဂျူအန်ဂရွန်း ဂရူအန်ကစ် ဦးဆောင်သည့် ပါတီသစ် Future Forward သည် ထောက်ခံမဲ ငါးသန်းကျော် ရရှိခဲ့ပြီး ထိုင်း၏ တတိယ အင်အားအကြီးဆုံး ပါတီ ဖြစ်လာနိုင်သည်။

ရွေးကောက်ပွဲအကြိုတွင် ဘုရင်မဟာ ၀ိဇယလောင်ကွန်းကလည်း ပရမ်းပတာ အခြေအနေများအား ဖန်တီးသူများအစား ကောင်းမွန်သော ခေါင်းဆောင်များကို ထောက်ခံကြရန် ပြည်သူများကို တိုက်တွန်းသည့် ပဟေဠိဖြစ်ဖွယ် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီလတွင်လည်း ဘုရင်က ၎င်း၏ အစ်မတော်ဖြစ်သူ မင်းသမီး ဥဘောလရတနာအား သက်ဆင်နှင့် ဆက်နွှယ်သော ပါတီမှတစ်ဆင့် ဝန်ကြီးချုပ်ရာထူးအတွက် ယှဉ်ပြိုင်ရန် အစီအစဉ်ကို ဟန့်တားသည့် ညွှန်ကြားချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။

သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းခံရပြီးနောက် ၂၀၀၈ ခုနှစ် နောက်ပိုင်း ပြည်ပ၌ တိမ်းရှောင်ခဲ့သည်။ ၎င်း၏ ညီမဖြစ်သူ ထိုင်း၏ ပထမဆုံး ရွေးကောက်ခံ အမျိုးသမီးဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ အစိုးရသည်လည်း ၂၀၁၄ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းမှုကြောင့် ရာထူး မှ ဖယ်ရှားခံခဲ့ရသည်။

ရှင်နာဝပ်မိသားစုနှင့် ဆက်နွှယ်သည့်  ဖြူထိုင်းပါတီက ရွေးကောက်ပွဲရလဒ်များအား လက်ခံမည်ဟု ကတိပြုခဲ့သော်လည်း ယင်းသို့ မထုတ်ပြန်မီ ရွေးကောက်ပွဲရလဒ်များ ပိုမို ရှင်းရှင်းလင်းလင်းဖြစ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ရှင်နာဝပ် မိသားစုသည် ထိုင်းနိုင်ငံရေးနှင့် လူမှုရေးအား ငွေကြေး၊ ဆွေမျိုးကောင်းစားရေးမူဝါဒ၊ ခြစားမှုတို့ဖြင့် အဆိပ်ခတ်ခဲ့ကြောင်း မဟာမိတ်များ က စွပ်စွဲခဲ့ကြသည်။

 


READ NEXT
Cancel OK