Top News

နေတိုုးအုပ်စုသို့ ဂျော်ဂျီယာနိုင်ငံဝင်ရောက်လိမ့်မည်ဟု စတော်တင်ဘတ် ပြောကြား
24htopnews | October 18, 2024 7:12 PM CST

ရုရှားက ပြင်းပြင်းထန်ထန် အတိုက်အခံလုပ်နေသော်လည်း ဆိုဗီယက်ယူနီယံနိုင်ငံဟောင်း ဂျော်ဂျီယာနိုင်ငံသည် နောက်ဆုံး၌ နေတိုးအဖွဲ့ဝင်ဖြစ်လာလိမ့်မည်ဟု နေတိုး၏ အတွင်းရေးမှူးချုပ်ယန်း စတော်တင်ဘတ်က မတ် ၂၅ ရက်တွင် ထပ်လောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က စတင်ပြီး ၁၂ ရက်ကြာမြင့်မည့် နေတိုး-ဂျော်ဂျီယာ ပူးတွဲစစ်ရေးလေ့ကျင့်မှုသို့ သွားရောက်ရန် စတော်တင်ဘတ်သည် ဂျော်ဂျီယာမြို့တော် တီဘလီစီသို့ ရောက်နေသည်။ “ဂျော်ဂျီယာဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာမှာကို မဟာမိတ် ၂၉ နိုင်ငံလုံးက ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ပါတယ်” ဟု စတော်တင်ဘတ်က ဂျော်ဂျီယာဝန်ကြီးချုပ် မာမူကာ ဘက်တက်ဇီနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဂျော်ဂျီယာနေတိုးအဖွဲ့ဝင်ဖြစ်လာရေးအတွက် ပြင်ဆင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဟုလည်း ဆိုခဲ့သည်။

နေတိုး၏ တံခါးဖွင့်ဝါဒအပေါ် လွှမ်းမိုးရန် မည်သည့်နိုင်ငံတွင်မှ အခွင့်အရေးမရှိဟု စတော်တင်ဘတ်က ရုရှားအား ရည်ညွှန်းပြောကြားခဲ့သည်။ “နေတိုးအဖွဲ့ဝင်တွေ ဘာလုပ်ရမယ်ဆိုတာ ရုရှား ဒါမှမဟုတ် တခြားဘယ်အင်အားကြီးနိုင်ငံကမှ လာဆုံးဖြတ်တာကို ကျွန်တော်တို့လက်မခံပါဘူး” ဟု ၎င်းက ဆိုသည်။

ရိုမေးနီးယားတွင် ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတစ်ခု၌ အနာဂတ်ကာလတစ်ခုတွင် ဂျော်ဂျီယာသည် နေတိုးအဖွဲ့ဝင် ဖြစ်လာလိမ့်မည်ဟု နေတိုး ခေါင်းဆောင်တို့က ပြောခဲ့ကြသော်လည်း ဂျော်ဂျီယာအား ပုံမှန်နည်းလမ်းအတိုင်း အဖွဲ့ဝင်ဖြစ်လာရန် လမ်းကြောင်းပေါ်သို့ မပို့ကြသေးပေ။ ဂျော်ဂျီယာသည် နေတိုးအဖွဲ့ဝင် ဖြစ်လာမည်ဆိုပါက ရုရှားအစိုးရက ၎င်းတို့၏ အာဏာစက်ဝန်းကို အနောက်နိုင်ငံများက ကျူးကျော်လာသည်ဟု ရှုမြင်လိမ့်မည်ဖြစ်သည်။

အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးစီမံဆောင်ရွက်ချက်များကို တားမြစ်ရန် ရုရှားထံတွင် အခွင့်အရေး မရှိသည့်အကြောင်း ဂျော်ဂျီယာဝန်ကြီးချုပ် ဘက်တက်ဇီကလည်း ပြောကြားခဲ့သည်။               “နေတိုးအဖွဲ့ဝင်ဖြစ်တာဟာ ဂျော်ဂျီယာ ပြည်သူတွေရဲ့ ရွေးချယ်မှုနဲ့ ကျွန်တော်တို့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ကိစ္စပါ” ဟု ဝန်ကြီးချုပ်က ဆိုသည်။

မြို့တော်တီဘလီစီ၏ အပြင်ဘက်၌ ကျင်းပနေသော ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၊ ဗြိတိန်၊ပြင်သစ်၊ ဂျာမနီ ၊ အခြားနေတိုးအဖွဲ့ဝင် ၁၇ နိုင်ငံနှင့်အတူ အဇာဘိုင်ဂျန်၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့ မှ တပ်သား ၃၅၀ ပါဝင်ကြသည်။

ပင်လယ်နက်နိုင်ငံဂျော်ဂျီယာ၏ ပဲ့ထွက်နေသော ဒေသများကို ထိန်းချုပ်ရေး နှင့် ပတ်သက်၍ ဂျော်ဂျီယာနှင့် ရုရှားအကြားတွင် ၂၀၀၈ ခုနှစ်က စစ်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။ ရုရှားကျောထောက်နောက်ခံပေးထားသည့် ခွဲထွက်ရေးလိုလားသော South Ossetia နှင့် Abkhazia ဒေသများနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သည့်ထိုစစ်ပွဲမှာ တိုတောင်းသော်လည်း သွေးထွက်သံယိုဖြစ်စဉ် များပြားခဲ့သည်။ ထို့ပြင် အနောက်တိုင်းလိုလားသော ဂျော်ဂျီယာ၏ မူဝါဒတို့ကြောင့် ရုရှားနှင့်ဂျော်ဂျီယာနိုင်ငံကြားမှ တင်းမာမှုများမှာ မြင့်တက်လာခြင်းဖြစ်သည်။

“နေတိုးထဲကို ဂျော်ဂျီယာ ဝင်ရောက်မှုဟာ ဆိုးရွားတဲ့ ပဋိပက္ခတစ်ခုဖြစ်လာနိုင်ပါတယ်” ဟု ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်က ပြီးခဲ့သည့်နှစ်တွင် ပြောခဲ့ဖူးသည်။

Ref  ; AFP


READ NEXT
Cancel OK