ဥရောပနှင့် အမေရိကန်တွင် ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေးကို ထိန်းချုပ်ရန် ရုန်းကန်နေရစဉ် ဆီးရီးယားနှင့် ယီမင်ကဲ့သို့ စစ်ပွဲဇုန်များနှင့် ဝင်ငွေနိမ့်နိုင်ငံများတွင်မူ အရေးယူ ဆောင်ရွက်မှုမရှိပါက လူသန်းနှင့်ချီ သေဆုံးနိုင်ကြောင်း အကူအညီပေးရေးအဖွဲ့များက သတိပေးခဲ့သည်။
တရုတ်တွင် ယမန်နှစ် ဒီဇင်ဘာက စတင်ထွက်ပေါ်ခဲ့သော ယင်းဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် လူ ၆၀၀,၀၀၀ ကျော် ကူးစက်ခံထားရပြီး လူ ၂၈,၀၀၀ နီးပါး သေဆုံးထားပြီး ဖြစ်သည်။
အာဖရိကတွင် ဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးသူ ၈၃ ဦးသာရှိပြီး တစ်တိုက်လုံး၌ ကူးစက်ခံထားရသူ ၃,၂၀၀ ရှိကြောင်း မတ် ၂၇ တွင် အာဖရိကသမဂ္ဂက ထုတ်ပြန်ထားသည်။ သို့သော်လည်း သန့်သန့်ရှင်းရှင်း နေထိုင်မှု နိမ့်ကျပြီး ကျန်းမာရေးစောင့်ရှောက်မှု ယိုင်နဲ့နေသော ဝင်ငွေနိမ့်နိုင်ငံများ၊ ပဋိပက္ခနွံအတွင်းမှ နိုင်ငံများတွင် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆိုးရွားစွာ ဖြစ်ပွားလာပါက အကျိုးဆက် ကြီးမားနိုင်ကြောင်း အကူအညီပေးရေး အဖွဲ့များက သတိပေး တပ်လှန့်ထားသည်။
“ ဒုက္ခသည်တွေ၊ အိုးအိမ်စွန့်ခွာခဲ့သူတွေ၊ ပဋိပက္ခနဲ့ နေထိုင်နေသူတွေဟာ ဗိုင်းရပ်စ်ကြောင့် အထိနာဆုံး ဖြစ်လာပါလိမ့်မယ်” ဟု အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး ကော်မတီက ကြေညာချက်တွင် ဖော်ပြခဲ့သည်။ စစ်ပွဲကြောင့် ပျက်စီးနေသော ဆီးရီးယားတွင် သူပုန်တို့ ထိန်းချုပ်ထားသော နောက်ဆုံးခြေကုပ်ပြည်နယ် အိုင်ဒလစ်၌ ဗိုင်းရပ်စ်ကပ်ဘေး မစတင်မီကပင် အန္တရာယ်ရှိနေခဲ့ပြီဖြစ်ကြောင်း ကယ်ဆယ်ရေးကော်မတီမှ မစ်စတီဘတ်စ်ဝဲက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းမှ လူဦးရေ၏သုံးဘီလျံခန့်သည် ဗိုင်းရပ်စ်ကာကွယ်ရန် အခြေခံ အကျဆုံးလက်နက်များ ဖြစ်သည့် ရေ၊ ဆပ်ပြာတို့မရှိဘဲ နေထိုင်နေကြရကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက သတိပေးခဲ့သည်။
“လက်ကို မကြာခဏ ဆေးတာက ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အထိရောက်ဆုံး နည်းလမ်းပါ။ ဒါပေမဲ့ ယီမင်လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ သန့်ရှင်းသော ရေကို မရရှိကြပါဘူး” ဟု ယီမင်ရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက မတ် ၂၂ တွင် တွစ်တာ၌ ရေးခဲ့သည်။
“ ကိုရိုနာဗိုင်းရပ်စ်ကို တောမီးလို ပျံ့နှံ့ခွင့်ပေးလိုက်ရင် အထူးသဖြင့် ကမ္ဘာရဲ့ အထိခိုက ်မခံဆုံးနေရာတွေမှာ ဒီဗိုင်းရပ်စ်က လူသန်းချီ သတ်သွားပါလိမ့်မယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။
ကမ္ဘာတွင် အဆင်းရဲဆုံးနှင့် အားအနည်းဆုံးသူများအား ကူညီရန်အတွက် ဒေါ်လာ ၂ ဘီလျံ လိုအပ်ကြောင်း ဂူတာရက်စ်က မတ် ၂၅ တွင် ကြေညာခဲ့သည်။
စီးပွားရေး ကျဆင်းနိုင်ခြေရှိမှုကို တန်ပြန်ရန် ကမ္ဘာ့စီးပွားရေးအတွက် ဒေါ်လာ ၂၀ ထရီလျံ သုံးစွဲမည်ဟု ဂျီ ၂၀ အဖွဲ့က ကြေညာခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး အေဂျင်စီ Oxfam က ယင်းပမာဏသည်ပင် မလုံလောက်ကြောင်း ပြောကြားခဲ့သည်။
ကျန်းမာရေး အခြေခံအဆောက်အအုံ မရှိခြင်းသည် ဗိုင်းရပ်စ်ကပ်ဘေးကို ရင်ဆိုင်နေရသော ဆင်းရဲသော နိုင်ငံများအတွက် နောက်ထပ်ပြဿနာတစ်ခု ဖြစ်သည်။
ပြင်သစ်တွင် အရေးပေါ်အထူးကြပ်မတ်ကုသရန် ခုတင် ၇,၀၀၀ ရှိပြီး အချို့နိုင်ငံများတွင် ခုတင် ၁၀၀ နှင့် ယင်းအောက်သာရှိကြောင်း အဆိုးရွားဆုံး အခြေအနေ၌ မည်သို့မျှ တတ်နိုင်မည် မဟုတ်ကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) မှ လုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ ဥက္ကဋ္ဌ အစ္စဘဲဒီဖိုနီက ပြောကြားခဲ့သည်။
-
၂ဝ၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ပုလဲအတွဲ ၂၈၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၄၈၀၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်
-
ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်ပံ့ပိုးပေးသော ဝာာဝေးပစ်ဒုံးကျည်များအား ယူကရိန်း ပထမဆုံး အသုံးပြုရေးကို သမ္မတဂျိုးဘိုင်ဒင် ခွင့်ပြု
-
ရလဒ်က အရေးကြီးပေမဲ့ အသင်းတိုးတက်လာရင် ရလဒ်က နောက်ကလိုက်လာပါလိမ့်မယ်
-
ဆီမြွန်နီနေရာ အစားထိုးရန် အက်သလက်တီကိုအသင်း ရှာဖွေနေပြီး အရန်အသင်းနည်းပြ ဖာနန်ဒိုတောရက်စ် ရေပန်းစားနေ
-
တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ