တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ရန် ရည်ရွယ်၍ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် ထုတ်ပြန်ထားသည့် စည်းမျဉ်းအသစ်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နှာခေါင်းစည်း မတပ်မနေရ ထုတ်ပြန်ချက်ကို ရေပူစမ်းများ၊ မင်္ဂလာခန်းမများနှင့် အခြားနေရာများတွင် ထပ်တိုးထုတ်ပြန်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် အနောက်နိုင်ငံများထက် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် စီမံခန့်ခွဲနိုင်ခဲ့သော်လည်း ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်သည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီး မကြာသေးမီရက်များအတွင်း နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀ ကျော် ရှိခဲ့သည်။
အောက်တိုဘာ ၃၁ ရက် ညသန်းခေါင်အချိန်၌ နေ့အလိုက်ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၂၄ ဦးရှိပြီး နေ့အလိုက်ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၀၀ ကျော်ရှိသည့် ငါးရက်မြောက်နေ့ဖြစ်လာခဲ့ပြီး ရေပူစမ်းများ၊ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများကဲ့သို့ နေရာများသည် ဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုနေရာငယ်များ ဖြစ်ခဲ့သည်။
လက်ရှိအချိန်တွင် ကလပ်များ၊ ကာရာ အိုကေဘားများနှင့် အင်တာနက်ဆိုင်များကဲ့သို့ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေမြင့်သည့် နေရာ ၁၂ ခုတွင် မဖြစ်မနေနှာခေါင်းစည်း တပ်ဆင်ရမည်ဟု ထုတ်ပြန်ထားသည်။
နိုဝင်ဘာခုနစ်ရက်မှစတင်၍ စတိုးဆိုင်များ၊ ပန်းခြံများနှင့် ဆံပင်ညှပ်ဆိုင်များအပါအဝင် နေရာ ၂၃ နေရာကို နှာခေါင်းစည်းမတပ်မနေရ စည်းမျဉ်းထပ်တိုး ထုတ်ပြန်သွားမည်ဖြစ်သည်။
နိုဝင်ဘာ ၁၃ ရက်မှစတင်၍ ယင်းနေရာများတွင် နှာခေါင်းစည်းတပ်ဆင်ရန် ပျက်ကွက်ကြောင်းတွေ့ရှိခဲ့လျှင် ဝမ်တစ်သိန်း (ဒေါ်လာ၈၇.၉၉) ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပြီး ယင်းနေရာများကို လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအနေဖြင့် ဒဏ်ကြေးဝမ်သုံးသန်းအထိ ပေးဆောင်ရမည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင်တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေထိုင်သည့်စနစ်ကို အဆင့်သုံးအဖြစ် သတ်မှတ်လုပ်ဆောင်နေရာမှ နိုဝင်ဘာတစ်ရက်၌ အဆင့်ငါးအထိ သတ်မှတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ယခုထုတ်ပြန်ခဲ့သည့်စည်းမျဉ်းများသည် နိုင်ငံ၏ စီးပွားရေး၊ လုပ်ငန်းငယ်များနှင့် ပြည်သူလူထုအပေါ် ထိခိုက်နစ်နာစေမှု လျော့ကျရန်ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် Chung Sye-Kyun က စေ့စပ်တိကျသည့် ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ထုတ်ပြန်ခဲ့ပြီး ယခုထုတ်ပြန်ခဲ့သည့် အဆင့်ငါးသည် ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့သည့် အခြေအနေပေါ်မူတည်၍ လုပ်ဆောင်သွားမည်ဟုဆိုခဲ့သည်။
ဥပမာအနေဖြင့် ယခင်ချမှတ်ခဲ့သည့် ကန့်သတ်ချက်စနစ်တွင် ကလပ်များသည် အဆင့်နှစ်ကန့်သတ်ချက်အောက်တွင် ပိတ်ထားရန် လိုအပ်မည်ဖြစ်သည်။ အသစ်ထုတ်ပြန်ခဲ့သည့် အဆင့် ၁.၅ ကန့်သတ်ချက်တွင်မူ ကလပ်များကို ဆက်လက်ဖွင့်လှစ်ခွင့်ပြုထားသော်လည်း ထိတွေ့မှုအနည်းဆုံးဖြစ်စေရန် ကခုန်ခြင်းများကို ရပ်တန့်စေခဲ့သည်။
“အချိန်ကာလကြာမြင့်နိုင်တဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ ကာကွယ်ဆေးနဲ့ ကုသဆေး ထွက်ရှိလာမယ့်အချိန်အထိ ဆက်လက်ဖြစ်ပွားနေဦးမှာပဲ” ဟု ကျန်းမာရေးဝန် ကြီးပက်ယူဟောင်းဟူက ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် နိုဝင်ဘာ ၂ ရက်နေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၆၇၃၂ ဦးရှိပြီး သေဆုံးသူပေါင်း ၄၆၈ ဦး ရှိသည်။
-
အမေရိကန်တစ်ဒေါ်လာ ကျပ်သုံးထောင်ကျော်၊ ထိုင်း ၁၀၀၁ ဘတ် ကျပ်တစ်သိန်းဝန်းကျင် ဖြစ်လာတဲ့ မြန်မာငွေစျေးကျဆင်းမှု ဂယက်
-
ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြဿနာများနှင့် မြန်မာနိုင်ငံအခြေအနေ
-
ဆင်းရဲသည့်နိုင်ငံအဆင့်မှ ချမ်းသာဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ အတိုဆုံးအချိန်ကာလအတွင်း ရောက်ရှိစေခဲ့သည့် စီးပွားရေးဒီဇိုင်းမိုဒယ်ပုံစံ
-
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းနှင့် ထိုင်ဝမ်၏ ကာကွယ်ရေးမဟာဗျူဟာ
-
မုတ်သုံရေကြီးမှုများကြားက ပါကစ္စတန်၏ ဒုက္ခ