ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ပေးရန် တောင်းဆိုထားသည့် ကြားဖြတ်အစီအစဉ်များနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဘဂါင်္လီ(မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မူစလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲထားသည့် အရေးပေါ်အမှု၌ ၄င်းတို့အနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဇန်နဝါရီ ၂၃ ရက်တွင် ဦးစွာ ပြောကြားခဲ့သည်။
“အမှုမှာ ဆုံးဖြတ်ဖို့ တရားစီရင်ခွင့် ရှိတယ်လို့ တရားရုံးက ကောက်ချက်ချခဲ့ပါတယ်။” ဟု ICJ ၏ တရားသူကြီးချုပ် အဗ္ဗဒူကာဝီအာမက်ယူဆွတ်က သည်ဟိတ်မြို့၌ ပြောကြားခဲ့သည်။
တရားရုံးသည် နောက်ထပ်အကြမ်းဖက်မှုများ မဖြစ်ပွားအောင် ကာကွယ်ရန်အတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ပေးရန် တောင်းဆိုထားသည့် ကြားဖြတ်အစီအစဉ်များနှင့် ပတ်သက်၍လည်း တရားရုံးက ကြေညာခဲ့သည်။
ICJ သည် ဂမ်ဘီယာနိုင်ငံက တောင်းဆိုခဲ့သည့် ကြားဖြတ်အစီအစဉ်များအားလုံးကို ဆောင်ရွက်ရန် ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအောက်၌ မြန်မာနိုင်ငံအပေါ် အမိန့်ထုတ်ပြန်ခဲ့သည်။
ယင်းအမိန့်သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သော တပ်မတော်စစ်ဆင်ရေးပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးရင်ဆိုင်ရသည့် တရားရုံးအမိန့်ဖြစ်သည်။
ICJ သည် ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုအရ မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ကြားဖြတ်အစီအစဉ်များမှာ (၁) လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် တွင် ဖော်ပြထားသော ကျူးလွန်မှုများ ဖြစ်မလာစေရေး မြန်မာနိုင်ငံအနေဖြင့် အကာအကွယ်ပေးသည့် အစီအမံများ ဆောင်ရွက်ရန်၊(၂) မြန်မာတပ်မတော်ဖြစ်စေ ၊ အခြား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုခုမှဖြစ်စေ လူမျိုးတုံး သတ်ဖြတ်မှုမြောက်သည့် လုပ်ရပ်များ မကျူးလွန် စေရန်နှင့် ကျူးလွန်အောင် လှုံဆော်မှုများ မဖြစ်ရန် မြန်မာနိုင်ငံအနေဖြင့် ထိန်းချုပ်မှုများ ပြုလုပ်ရန် ၊ (၃) မြန်မာနိုင်ငံအနေဖြင့် သက်သေအထောက်အထားများကို ဖျက်စီးခြင်း မပြုရန်၊(၄) လူမျိုးတုံး သတ်ဖြတ်မှု ရှိ မရှိ တရားရုံးက စစ်ဆေးနေစဉ် ကာလအတွင်း မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်မည့် အစီအစဉ်များကို လေးလအတွင်း တရားရုံးသို့ အစီရင်ခံစာ တင်ရန်နှင့် ခြောက်လတစ်ကြိမ် ပုံမှန် အစီရင်ခံစာ တင်ရန်တို့ဖြစ်သည်။
ICJ ၏ တရားသူကြီးချုပ် အဗ္ဗဒူကာဝီအာမက်ယူဆွတ်က မြန်မာနိုင်ငံအနေဖြင့် အမှုအားလုံးကို မကျူးလွန်ရန် ကာကွယ်ရေးအတွက် ၄င်းတို့၏ အာဏာစက်အတွင်း အစီအစဉ်များအားလုံးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းတွင် သက်ဆိုင်ရာလူအုပ်စုဝင်များအား သတ်ဖြတ်ခြင်းနှင့် တစ်ခုလုံးဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ ၄င်းတို့၏ ရုပ်ပိုင်းဆိုင်ရာကို ဖျက်ဆီးခြင်းဟု ယူဆနိုင်သော သက်ဆိုင်ရာအုပ်စု၏ ဘဝအခြေအနေရပ်များအပေါ် ရည်ရွယ်ချက်ရှိစွာ ထိခိုက်မှုဖြစ်စေခြင်းတို့ ပါဝင်သည်။
ICJ တရားသူကြီးချုပ်က “တရားရုံးရဲ့ ယူဆချက်ကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ အလွန်အမင်း ထိခိုက်ခံရနိုင်တဲ့ အနေအထားမှာ ရှိနေတုန်းပဲဆိုတာပါပဲ” ဟုလည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် လေးလအတွင်း ပြန်လည်အစီရင်ခံမှု ပြုလုပ်ရန်နှင့် ယင်းနောက် ခြောက်လတစ်ကြိမ် အစီရင်ခံရန်လည်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံ၏ စုံစမ်းရေးကော်မရှင်က မြန်မာတပ်မတော်သားအချို့သည် လူနည်းစုအုပ်စုအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဖွယ်ရှိသော်လည်း မြန်မာတပ်မတော်သည် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်မရှိကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ICJ ၏ ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ် စစ်ဆင်ရေးနှင့်ပတ်သက်၍ စွပ်စွဲထားချက်များမှ မြန်မာနိုင်ငံကို ကာကွယ်ရန် ဒီဇင်ဘာလက သည်ဟိတ်မြို့သို့ လာရောက်ခဲ့သည်။
မုဒိမ်းမှု၊ မီးရှို့မှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ဘဂါင်္လီမွတ်စလင် ၇၄၀,၀၀၀ တို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီးနောက် မွတ်စလင်များ အဓိက နေထိုင်သည့် အာဖရိကနိုင်ငံဖြစ်သော ဂမ်ဘီယာနိုင်ငံက နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သော အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကျောထောက်နောက်ခံပြုပေးမှုဖြင့် ICJ ၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့ကလည်း ဂမ်ဘီယာ၏ တရားစွဲဆိုမှုကို ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
ICJ ၏ တရားသူကြီးချုပ်သည် သူ၏ဆုံးဖြတ်ချက်ကို ဂရင်းနစ်စံတော်ချိန် ၀၉၀၀ (မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲ) တွင် စတင်ဖတ်ကြားခဲ့ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ကြေညာရန် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၃ ရက် အမိန့်ချမှတ်ရာ၌ တရားရုံးသို့ လာရောက်ခြင်းမရှိဘဲ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကသာ မြန်မာကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့သည်။
ICJ ကို ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် နိုင်ငံများအကြား အငြင်းပွားမှုကို ဆုံးဖြတ်ပေးရန်အတွက် ကုလသမဂ္ဂ၏ ထိပ်တန်း တရားစီရင်ရေးအဖွဲ့အဖြစ် ထူထောင်ခဲ့ခြင်းဖြစ်သည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်