Top News

မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရားပွဲ၌ အမျိုးသမီးများ အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှုများ ကျူးလွန်နေ
24htopnews | October 1, 2024 2:12 PM CST

မန္တလေးတောင်ခြေတွင် ကျင်းပပြုလုပ်သည့် ကျောက်တော်ကြီးဘုရားပွဲ၌ အမျိုးသမီးများ အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှုများ ကျူးလွန်နေကြကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနှင့် ပွဲတော်ပြန် မန္တလေးမြို့ဒေသခံတို့ထံမှ သိရသည်။

အဆိုပါ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားပွဲကို နှစ်စဉ် တစ်လနီးပါးကြာကျင်းပမြဲဖြစ်ရာ စက်တင်ဘာ(၂၅) ရက် (တော်သလင်းလပြည့်ကျော် (၈)ရက် )မှ စတင်ကျင်းပြုလုပ်လျက်ရှိကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

၎င်းကျောက်တော်ကြီးဘုရားပွဲတွင် ခါးပိုက်နှိုက်အမျိုးသမီးများမှာ (၃)ဦးတစ်ဖွဲ့၊ (၄)ဦးဖွဲ့ပုံစံအမျိုးမျိုးဖြင့် ခါးပိုက်နှိုက်မှုများ ကျူးလွန်နေခြင်းဖြစ်ပြီး လူရည်မသန့်ကြောင်း၊ ဘုရားပွဲဈေးလာသည့် ပုံစံမျိုးမဟုတ်ဘဲ ဘေးစလွယ်သိုင်း လွယ်အိတ်များကို လွယ်ထားတတ်ကြကြောင်း ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ခါးပိုက်နှိုက်မှု ကျူးလွန်သူများမှာ ပွဲတော်တွင် လူစည်ကားမှုကို အခွင့်ကောင်းယူကာ ပစ်မှတ်ထားသူ အနီးသို့ ပူးကပ်၍ အိတ်ကို ဓ-ားနှင့် ခွဲကာ ခါးပိုက်နှိုက်ခြင်းဖြစ်ကြောင်း ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ဝေမျှရေးသားထားသည်။

“လူမကြပ်တဲ့နေရာလည်း အတင်းကြပ်တဲ့ ပုံစံဖြစ်အောင်သူတို့ ဖန်တီးကြတယ်။ ဓ-ားထိပြီးမှ သူတို့လို ပုံစံတူအဖွဲ့တွေကို သတိထားမိတာပါ။ ဓ-ားထိတာက ကျွန်တော့် အစ်မထိတာပါ။ သူတို့အဖွဲ့က တွန်းထိုး ဝင်လာပြီး ဘေးကလွယ်ထားတဲ့ အစ်မရဲ့ အိတ်ကို ဓ-ားနဲ့ ခွဲတာပါ။ ဖြစ်ချင်တော့ အိတ်ကိုင်းကို လက်က ပြန်ကိုင်ထားမိပြီး လက်ကောက်ဝတ်အပေါ်ဘက်ကို ဓားထိပါတယ်။ ထိထိချင်းအစ်မက သိပါတယ်။ ပူခနဲပဲ ပြန်ကြည့်တော့ သွေးက စိမ့်ထွက်လာပါပြီ။ ဓ-ားထိတယ်အော်တော့ အဖွဲ့လိုက် တိုးရင်းပြေးပါတယ်။ သတိထားကြပါ။”ဟု ရေးသားထားသည်။

၎င်းခါးပိုက်နှိုက်မှု ကျူးလွန်သူများမှာ ပွဲတော်လာသူများထံမှ ပိုက်ဆံအိတ်ကို ခွဲရန် ဓ-ါးနှင့် ဓ-ါးကဲ့သို့ ချွန်ထက်သည့် လက်နက်သဖွယ် ပစ္စည်းများ ကိုင်ဆောင်ထားတတ်သောကြောင့် ပွဲတော်လာသူများအနေဖြင့် ဂရုတစိုက် သတိထား၍ သွားလာရန်လိုအပ်ကြောင်း သိရသည်။

အဆိုပါ ကျောက်တော်ကြီး ဘုရားပွဲတော်ကို ယခင် ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် လူစည်ကားခြင်း မရှိခဲ့သော်လည်း ယခုနှစ်ကျင်းပသည့် ပွဲတော်မှာ ဈေးရောင်း/ ဈေးဝယ်များ အပါအဝင် လည်ပတ်သူများဖြင့် ပြန်လည် စည်ကားလာကြောင်း သိရသည်။

ကျောက်တော်ကြီးဘုရားပွဲမှာ မြန်မာနိုင်ငံအထက်ပိုင်းရှိ အထင်ရှားဆုံး၊ အကြီးကျယ်ဆုံးသော ဘုရားပွဲဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ဘုရားပွဲဈေးတွင် ရောင်းချရန် လာရောက်သည့် ဈေးသည်များနှင့် နှစ်စဥ် စည်ကားသည့် ဘုရားပွဲတော်တစ်ခုဖြစ်သည်။


READ NEXT
Cancel OK