Top News

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် ဟိန္ဒူ ၄၀၀ ကျော် ခြိမ်းခြောက်မှုများဖြင့် ကြောက်ရွံ့ထိတ်လန့်စွာနေရပြီး နေရပ်သို့ အမြန်ပြန်ခွင့်ပေးရန် တောင်းဆို
24htopnews | September 20, 2024 2:12 PM CST

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်သည် ခြိမ်းခြောက်ခံရမှုများဖြင့် ကြောက်ရွံ့ထိတ်လန့်စွာနေရပြီး နေရပ်သို့ အမြန်ပြန်ခွင့်ပေးရန် တောင်းဆိုကြောင်း ရခိုင်ပြည်နယ် ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ (ရန်ကုန်)၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးရာဂူးနေမြင့်က စက်တင်ဘာ ၁၈ ရက်တွင် ပြုလုပ်သည့် ဟိန္ဒူဘာသာဝင်များကို ARSA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်မှု နှစ်နှစ် ပြည့်နေ့ ဆုတောင်းပွဲ၌ ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် ARSA အကြမ်းဖက်အဖွဲ့က ရဲစခန်းများကို တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ မောင်တောဒေသ ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင်များကို လည်း အစုလိုက်အပြုလိုက်သတ်ဖြတ်ခဲ့ပြီး အခြားဟိန္ဒူဘာသာဝင်များမှာ နေရပ်စွန့်ခွာ ထွက်ပြေးခြင်း၊ ARSA ၏ဖမ်းဆီးခံရခြင်းများ ဖြစ်ပွားခဲ့သည်။

ဦးရာဂူးနေမြင့်က “ကျွန်တော်တို့ ဒီက ထွက်နေတဲ့အသံကို ထုတ်ဖော်ပြောဖို့ ဘယ်သူမှ မရှိဘူး။ တကယ်တော့ ကျွန်တော်တို့ ဟိန္ဒူတွေက ပြန်လာချင်တာ တစ်နှစ်ကျော် ပြီ။ အိတ်အဆင်သင့်ပြင်ပြီး စောင့်နေတယ်။လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဟိုဘက်က နိုင်ငံခြားရေးဝန်ကြီးကို သူ ကိုယ်တိုင်ပြောခဲ့တာ ရှိတယ်။ ဒီကြားထဲမှာ အစဉ်အဆက် တာဝန်ရှိသူတွေ တောက်လျှောက်ပြောတာရှိတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာ သံအမတ်ကိုခေါ်ပြီး ပြောတာရှိတယ်။ အဲဒီလို ကျွန်တော်တို့ တောက်လျှောက်ပြော နေတဲ့ကြားထဲက ဘင်္ဂလားဒေ့ရှ်က ယနေ့အချိန်ထိ ကျွန်တော်တို့ ဟိန္ဒူတွေနေတဲ့ ဟိန္ဒူမိသားစုတွေကို  လာပြီးတော့ မင်းတို့ပြန်ချင်သလား၊ ပြန်မလား။ စာရင်းပြုစုသလား ဘာ တစ်ခုမှမရှိဘူး “ ဟု ပြော ကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီသိန်းဂဏန်းအကြားတွင် ဟိန္ဒူဘာသာဝင် အယောက် ၄၀၀ ကျော် သည် ကြောက်ရွံ့စိုးရွံ့ကာ ထိတ်လန့်မှုဖြင့် နေထိုင်နေရကြောင်း၊ မြန်မာနှင့် အင်္ဂလိပ်လို လည်း မပြောတတ်ကြကြောင်း ဦးရာဂူးနေမြင့်၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ ဟိန္ဒူတွေ ပြန်လာချင်နေ ပြီ။  မြန်မြန်လုပ်ပေးပါ၊ ကူပေးပါ။ သြဂုတ်လ မှာ ပို့မယ် ပထမဆုံးအသုတ်မှာ ထည့်ပေးပါ။ဟိန္ဒူတွေကလည်း တောင်းဆိုတာ တစ်ခုတည်းပဲ။ အဲဒီမှာရှိတဲ့ဟိန္ဒူတွေက သူတို့ကို ဘာပေးပါ၊ ညာပေးပါ တစ်ခုမှမပြောဘူး။ ကျွန်တော် တို့ အမြန်ပြန်လာချင်တယ်။ အမြန်ကို ခေါ် ပေးပါ။ မနေရဲဘူး၊ ကြောက်တယ်။ ခြိမ်းခြောက် တယ်။ ဘာကြောင့် ကြောက်တာလဲ။ ဘယ်သူ ခြိမ်းခြောက်တာလဲ မပြောရဲဘူး “ ဟု ဦးရာဂူး နေမြင့်က ဆက်လက်ပြောကြားသည်။

ထို့ကြောင့် အစိုးရအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများသို့ သွားရောက်ရာ၌ လိုက်ပါသွားစဉ်  ဖုန်းအဆက်သွယ်ရ အောင်ယူ၍ ၎င်းတို့၏ အခက်အခဲ၊ ခြိမ်း ခြောက်ခံရမှုများကို မေးမြန်းခဲ့ရကြောင်း၊ UN အဖွဲ့အစည်းများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရုံးမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဦးရာဂူးနေမြင့် က ဆက်လက်ပြောကြားသည်။

ထိုသို့တွေ့ဆုံမှုများပြီးနောက် သြဂုတ် လတွင် နေရပ်ပြန်လာသူများ ပြန်လာရန် ဆောင်ရွက်ခဲ့သော်လည်း မည်သူမှပြန်လာမှု မရှိခဲ့ကြောင်း၊ ယင်းနောက် ဘင်္ဂလားဒေ့ရှ် ဘက်က မည်သူမဆို သွားခွင့်ပေးထားပြီး အမျိုးဘာသာ မခွဲခြားထားဟု ကြေညာခဲ့ ကြောင်း သိရသည်။

“မပြန်ချင်တဲ့သူတွေ မပြန်ခွင့်ဆိုတာ ရှိပါတယ်။ မပြန်လို့ရပါတယ်။ သူ့အခွင့်အ ရေးပါ။ ပြန်ချင်တဲ့သူတွေကိုလည်း ပြန်ခွင့် ဆိုတဲ့ အခွင့်အရေး သူတို့မှာ ရှိပါတယ်။ ပြန် ခွင့်ပေးပါ။ သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့အ စည်းတွေရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ရော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာဝန်ရှိသူတွေ ရော အခြားအဖွဲ့အစည်းတွေရော တောင်း ဆိုချင်ပါတယ်”ဟု ဦးရာဂူးနေမြင့်က ပြော ကြားသည်။

ထို့ပြင် ဟိန္ဒူဘာသာဝင်များကို ARSA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်မှု၊ မတရား ညှင်းပန်းနှိပ်စက်မှု ကိစ္စများနှင့် ပတ်သက်ပြီး ယနေ့အချိန်ထိ အမှန်တရား နှင့် တရားမျှတမှုရရန်ထက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဥပေက္ခာပြုထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 


READ NEXT
Cancel OK