Top News

ကန့်ကွက်မှုများ ရှိနေသော်လည်း စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်အပေါ်ကျပ်သိန်း ၁၀၀၀ အထိ အခွန်နှုန်း သုံးရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀၀ အထိကို ၁၅ ရာခိုင်နှုန်းသာ ကောက်ခံရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ပြည်ထော
24htopnews | September 20, 2024 2:12 PM CST

ကန့်ကွက်မှုများရှိနေသော်လည်း စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်အပေါ် ကျပ်သိန်း ၁၀၀၀ အထိ အခွန်နှုန်း သုံးရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀၀ အထိကို ၁၅ ရာခိုင်နှုန်း သာကောက်ခံရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်များအပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း၏ ပုဒ်မ ၂၅ တွင် မူလအဆိုပြုချက်ဖြစ်သည့် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ရာခိုင်နှုန်း ၃၀ ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ သို့ရာတွင် နိုင်ငံသား မည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်း မရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန် မလိုပါ။ ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရ။ တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိအား သုံးရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်မှ ကျပ်သိန်း သုံးထောင်အထိအား ငါးရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်ထက်မှ ကျပ်သိန်းသုံးသောင်းအထိအား ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးသောင်းနှင့်အထက်အား ၃၀ ရာခိုင်နှုန်းဟု အဆိုပြုတင်ပြထားသည်။

ယင်းအဆိုပြုချက်အား ဥပဒေကြမ်းပူးပေါင်းကော်မတီက တစ်ကျပ်မှ သိန်းတစ်ထောင်အထိအား သုံးရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်မှ ကျပ်သိန်းသုံးထောင်အထိအား ငါးရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်အထက်မှ ကျပ်သိန်းတစ်သောင်း အထိအား ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းအထက်မှ ကျပ်သိန်းသုံးသောင်းအထိအား ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးသောင်းနှင့် အထက်အား ၃၀ ရာခိုင်နှုန်းဟု   ပြင်ဆင်ခဲ့သည်။

ထို့ပြင် စည်းကြပ်မှုမှလွတ်ကင်းနေသည့် ဝင်ငွေဆိုသည်မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မတိုင်မီက စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေကိုဆိုသည်ဟုလည်းကောင်း၊ အခွန်သက်သာခွင့်နှုန်းထားများသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိသာ အကျိုးသက်ရောက်စေရမည်ဟုလည်းကောင်း ဥပဒေကြမ်းကော်မတီက ပြင်ဆင်ဖြည့်စွက်ခဲ့သည်။

ထို့နောက် ယင်းပုဒ်မနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ပြင်ဆင်ချက်များ တင်သွင်းခဲ့သော်လည်း ကိုယ်စားလှယ် ခုနစ်ဦးက ၎င်းတို့၏ ဆွေးနွေးချက်များအား ပြန်လည်ရုပ်သိမ်းသွားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် လေးဦးက အခွန်ရာခိုင်နှုန်း ပြင်ဆင်ချက်များ တင်သွင်းခဲ့ကာ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လေးဦး၏ ပြင်ဆင်ချက်နှင့် ဥပဒေကြမ်းကော်မတီတို့၏ ပြင်ဆင်ချက်အား မဲခွဲဆုံးဖြတ်ရာတွင် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်က အနိုင်ရရှိခဲ့သည်။

အလားတူ NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာပြည့်ဖြိုး၊ ဦးရဲထွဋ်နှင့် ဦးမျိုးဝင်းတို့က ပုဒ်မ ၂၅ အား ပယ်ဖျက်ရန် ဆွေးနွေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါက်တာပြည့်ဖြိုးက “ကျွန်တော့် အနေနဲ့ ဒီအပိုဒ်ကို ပယ်ဖျက်ဖို့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။ အပိုဒ် ၂၅ မှာဆိုရင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေကို ၃၀ ရာခိုင်နှုန်းဖြင့် စည်းကြပ်ရမယ်လို့ ဆိုထားပါတယ်။ အဲဒီအပိုဒ်ထဲမှာပဲ သက်သာခွင့် ရာခိုင်နှုန်းတွေကို ပြန်ထည့်ထားတာဖြစ်ပါတယ်။ ဥပဒေသဘောအရဆိုရင် ၃၀ ရာခိုင်နှုန်း စည်းကြပ်ရမယ်ဆိုတာကို သက်သာခွင့်နှုန်းထားက လွှမ်းမိုးမယ်ဆိုတဲ့ သဘောထား ဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အခွန်အကောက်ဥပဒေကို ပြန်ကြည့်မယ်ဆိုရင် ရာခိုင်နှုန်း ခပ်ပြင်ပြင်းလျှော့ပြီး စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေတွေကို သက်သာခွင့်ပေးထားတာ တွေ့ရမှာပါ။သို့သော်လည်း အခွန်ရငွေက ကျပ်ငွေဘီလျံ ၈၀၀ ခန့်သာရရှိပါတယ်။ ပျမ်းမျှတိုးတက်မှုကိုကြည့်ရင် ကျပ်ဘီလျံ ၄၀၀ ခန့်သာ တိုးရလာတာကို  တွေ့ရပါတယ်။ ဒီအခြေအနေဟာ ဘာလည်းဆိုတော့ အခွန်ရှောင်သူတွေဟာ ဥပဒေသက်ရောက်တဲ့ တစ်နှစ်တာ ကုန်ဆုံးပြီးတဲ့အခါမှာ အခွန်အာဏာပိုင်တွေရဲ့ ရှာဖွေဖော်ထုတ် အရေးယူနိုင်စွမ်းမရှိသေးတာကိုသိပြီး ကင်းလွတ်သက်သာခွင့်ပေးတဲ့ ရာခိုင်နှုန်းအပေါ်မှာတောင် ဖော်ထုတ်ကြေညာချင်စိတ်မရှိတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဥပဒေက ပြဋ္ဌာန်းပြီးဖြစ်ပေမဲ့ အခွန်ရှောင်တဲ့သူတွေအပေါ်မှာ အရေးယူတာတွေ မဖြစ်သေးသလို၊ အခုအပိုဒ် ၂၅ ပါအတိုင်း ဖြစ်ခဲ့မယ်ဆိုရင် Action ယူဖို့အတွက် တစ်နှစ်လောက်စောင့်ပြီးမှ အခွန်ရှောင်သူတွေကို အရေးယူလို့ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အပိုဒ် ၂၅ အရကို ကျွန်တော်တို့က အခွင့်အရေးပေးထားပြီးသား ဖြစ်နေလို့ပါ။ အခုလို အခွန်သက်သာခွင့်နဲ့ ပတ်သက်ပြီး ဆောင်ရွက်တဲ့အခါမှာ ဥပဒေအရ အရေးအကြီးဆုံးဖြစ်တဲ့ သက်သာခွင့်ကာလကို ကာလတိုထားရှိပြီးတော့ ဥပဒေအရ အခွန်ရှောင်သူတွေကို ထိန်းကျောင်းခြိမ်းခြောက်နိုင်တဲ့ စွမ်းအားနဲ့ အစီအမံတွေ၊ ဝင်လာစေမယ့်မက်လုံး သက်သာခွင့်တွေ ဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အခြေခံသဘောတရားတောင် ပါမလာပါဘူး။ ပြီးတော့ ကိုယ်ကပေးလိုက်ရမယ့် အခွန်အပေါ် ယုံကြည်မှု ကျဆင်းမှုနဲ့ပြန်ရလာမယ့် အကျိုးကျေးဇူးကို ချိန်ဆရမှာဖြစ်ပါတယ်။ အခွန်စနစ်ကို ကောင်းမွန်စေချင်ရင် ဒီလိုပြဋ္ဌာန်းမှုမျိုးဟာ ခဏခဏ နှစ်စဉ်လုပ်နေလို့ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ အခုလို မပြည့်မစုံလုပ်တဲ့အခါမှာ နောင်နှစ်တွေမှာ အကျိုးဆက်က သွားမှာဖြစ်ပါတယ်။ ဝန်ကြီးဌာနက တုံ့ပြန်လာစရာရှိပါတယ်။ ဘာလဲဆိုတော့ နိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းတွေက Tax Amnesty လုပ်လိုက်ရင် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေ ဖြစ်လာမယ်ဆိုတာပါ။ ဒီကိစ္စကို Tax Amnesty လုပ်တာမဟုတ်ဘူးလို့ပြောရင် International က ယုံမှာမဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ကိုယ့်နိုင်ငံရဲ့ အခြေအနေအရ လုပ်ကြတာ အများအပြားပါ” ဟု ဥပဒေကြမ်းအား မဲခွဲမဆုံးဖြတ်မီ ပြောကြားသည်။

ဆက်လက်၍ “ဝန်ကြီးဌာနရဲ့ တင်ပြမှု တစ်ခုမှာဆိုရင် ဝင်ငွေခွန်ဥပဒေပြဋ္ဌာန်းတဲ့ အခါကျရင် စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေနဲ့ပတ်သက်ပြီး ပါဝင်မှာမဟုတ်တော့ဘူးဆိုပြီးတော့ အခု Annual Tax Law မှာ နောက်ဆုံးဖြစ်တဲ့ အယူအဆကလည်း တော်တော်လွဲနေပါတယ်။ ကိုယ့်နိုင်ငံရဲ့ အခြေအနေအရ လုပ်သင့်ရင်လုပ်ရဦးမှာပါ။ အခုလို အပိုဒ် ၂၅ ပုံစံနဲ့ဆိုရင် တည်ငြိမ်နေတဲ့ ပုံမှန်ဝင်ငွေဟာ လာမယ့်နှစ်တွေမှာ ကျဆင်းသွားစေမှာ ဖြစ်ပါတယ်။ အခုလိုဆွေးနွေးရတာက အခွန်အာဏာပိုင်တွေရဲ့ အားနည်းမှုအပေါ် စိုးရိမ်လို့ပါ။ ဒီအပိုဒ် ၂၅ အရပဲ ကြိုတင်ပြင်ဆင်မှု မရှိတာတွေ၊ နောက်ဆက်တွဲစီမံရမှာ မပြည့်စုံမှု၊ ဥပဒေအရ အားပျော့နေပြီး အောင်မြင်နိုင်မယ့် အခြေအနေမရှိတာကြောင့် ဆွေးနွေးနေရတာဖြစ်ပါတယ်။ ဝန်ကြီးဌာနဘက်ကလည်း နိုင်ငံတကာရဲ့ဆောင်ရွက်မှုတွေနဲ့ ချင့်ချိန်မှုမရှိတာ။ ဒီလိုအရေးကြီးတဲ့ ကိစ္စအပေါ် အလေးအနက်မထားတာ။ဖြစ်လာမယ့် အကျိုးဆက်အပေါ် တာဝန်ခံချင်စိတ်မရှိတာကို သွားတွေ့ရပါတယ်။၂၀၁၈ ခုနှစ် အခွန်အကောက်ဥပဒေမှာကတည်းက ဒီလို မပြည့်မစုံတဲ့အခြေအနေကို ပယ်ဖျက်ဖို့ ဆွေးနွေးခဲ့ပါတယ်” ဟု ဒေါက်တာပြည့်ဖြိုးက ပြောကြားသည်။

ထို့နောက် ပုဒ်မ ၂၅ နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ ပယ်ဖျက်ရန် တင်ပြမှုအပေါ် မဲခွဲဆုံးဖြတ်ရာတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အား ဆန္ဒမဲပေးခွင့်ရှိသူ ၅၇၀ ရှိသည့်အနက် ထောက်ခံဆန္ဒမဲ ၄၇၁ ၊ ကန့်ကွက်ဆန္ဒမဲ ၅၁၊ ကြားနေမဲ သုံးမဲ၊ဆန္ဒမဲအရေအတွက် ၅၂၅ မဲဖြင့် ထောက်ခံသူများသည့်အတွက် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

 

 


READ NEXT
Cancel OK