Top News

ချန်ပီယံလိဂ်ပွဲမစမီ မန်စီးတီးအသင်းဒူးညွတ်နေစဉ် မတ်တပ်ရပ်နေသည့် မာဆေးလ်အသင်း၏လုပ်ရပ်အား လူမှုကွန်ရက်၌ ဝေဖန်မှုများရှိနေ
24htopnews | September 19, 2024 8:12 PM CST

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ် မာဆေးလ် (၀-၃) မန်စီးတီးပွဲမတိုင်မီ မာဆေးလ်အသင်း၏လုပ်ရပ်အား လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများရှိနေကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံ၊ မာဆေးလ်မြို့ရှိ Velodrome ကွင်းတွင် ကစားခဲ့သော ယင်းပွဲမစတင်မီ၌ မန်စီးတီးကစားသမားများမှာ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပြုလုပ်လေ့ရှိသည့်ပုံစံအတိုင်း ကွင်းအတွင်း ဒူးညွတ်ထိုင်ခဲ့သည်။

လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုဖြစ်သော Black Lives Matter လှုပ်ရှားမှုအရ မန်စီးတီးအသင်းက ယင်းကဲ့သို့ ပြုလုပ်ခဲ့သော်လည်း ပြင်သစ်လိဂ်တွင်မူ ယင်းကဲ့သို့ပုံစံမျိုး ပြုလုပ်လေ့မရှိသဖြင့် မာဆေးလ်ကစား သမားများမှာ ကွင်းလယ်စက်ဝိုင်းစည်းပေါ်တွင်သာ ငြိမ်သက်စွာ မတ်တပ်ရပ်နေခဲ့သည်။

မာဆေးလ်ကစားသမားများသည် လက်နောက်ပစ်၍ ငြိမ်သက်စွာရပ်နေခဲ့ပြီး ယင်းအပြုအမူမှာ ပြီးခဲ့သည့်အောက်တိုဘာ(၁၆)ရက်နေ့က ဘာသာရေးအစွန်းရောက်ကျောင်းသားတစ်ဦး၏ ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ရသော ပြင်သစ်အလယ်တန်းကျောင်းဆရာ ဆမ်မြူရယ်ပါတေးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ်ငြိမ်သက်နေခြင်းဖြစ်သည်ဟု ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ကွင်းအတွင်း မန်စီးတီးကစားသမားများ ဒူးထောက်နေစဉ်တွင် မာဆေးလ်ကစားသမားများက ယင်းကဲ့သို့ မတ်တပ်ရပ်နေသည့်မြင်ကွင်းမှာထူးခြားခဲ့ပြီး လူမျိုးရေးခွဲခြားမှုဆန့်ကျင်သူပရိသတ်အများအပြားက မာဆေးလ်အသင်း၏လုပ်ရပ်အား လူမှုကွန်ရက်စာမျက်နှာများ၌ ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြသည်။

ပရိသတ်တစ်ဦးက ''မာဆေးလ်ကစားသမားတွေဟာ မန်စီးတီးနဲ့ကစားခဲ့တဲ့ ဒီနေ့ပွဲမှာ ဒူးထောက်ဖို့ ငြင်းဆန်ခဲ့ကြတယ်။ ဒါဟာ လုံးဝကျက်သရေမရှိတဲ့လုပ်ရပ်တစ်ခုပဲ''ဟု Twitter တွင် ရေးသားခဲ့ပြီး၊ အခြားပရိသတ်တစ်ဦးကလည်း ''မာဆေးလ်အသင်းဟာ ဒီဒူးမထောက်တဲ့ လုပ်ရပ်အတွက် အတော်ကိုအရှက်ရသင့်ပါတယ်''ဟု ရေးသားခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၁)တွင် ယခုကဲ့သို့ပင် ပြင်သစ်ကလပ်တစ်သင်းနှင့် အင်္ဂလန်ကလပ်အသင်းတစ်သင်းတို့ ပြင်သစ်မြေ၌တွေ့ဆုံခဲ့ပြီး PSG အသင်းနှင့် မန်ချက်စတာမြို့ခံမန်ယူအသင်းတို့  တွေ့ဆုံကစားခဲ့ကြခြင်းဖြစ်သည်။

ထိုစဉ်ကမူ ယခုကဲ့သို့အခြေအနေမျိုး (တစ်သင်းက ဒူး ညွတ်ပြီး၊ တစ်သင်းကမတ်တပ်ရပ်နေသည့်အခြေအနေ)ကို ရှောင်ရှားနိုင်ရန်အတွက် နှစ်သင်းစလုံး၏ ပွဲကြိုထုံးတမ်းအစဉ်အလာများကို မပြုလုပ်ရန် သဘောတူခဲ့ကြသည်။

ယင်းပွဲတွင် မန်ယူအသင်းက PSG အသင်းကို အဝေးကွင်း၌ (၂-၁)ဂိုးဖြင့်အနိုင်ယူခဲ့သလို၊ ယခုပွဲစဉ်တွင်လည်း မန်စီးတီးအသင်းက မာဆေးလ်အား ပြင်သစ်မြေ၌ (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ 


READ NEXT
Cancel OK