Top News

တရုတ်တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး ဟူနန်ပြည်နယ်တွင် လူထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ
24htopnews | September 19, 2024 5:12 PM CST

တရုတ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများ အဆက်မပြတ်ဖြစ်ပွားလျက်ရှိပြီး လာမည့်နှစ်ရက်အတွင်း ပြည်နယ်အများအပြားတွင် မိုးသည်းထန်ခြင်းနှင့် ရုတ်တရက်ရေကြီးရေလျှံခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း တရုတ်မိုးလေဝသပညာရှင်များက သြဂုတ် ၂၈ ရက်တွင် သတိပေးခဲ့သည်။

ဆန်းကျိ၊ ရှိမန်၊ ယုံရွှမ်နှင့် ကျန့်ကျားကျဲ့မြို့တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ပြီး နိုင်ငံအနောက်မြောက်ပိုင်း ဟူနန်ပြည်နယ်တွင် လူ ၃,၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

ဆန်းကျိဒေသတွင် ယခုနှစ်အတွင်း အများဆုံး မိုးရေချိန်ပမာဏအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သြဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ တစ်ရက်အတွင်း မိုးရွာသွန်းမှုသည် ၂၅၆ မီလီမီတာအထိ ရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ China Central Television(CCTV)က ထုတ်လွှင့်ဖော်ပြခဲ့သည်။

ယင်းသည် ဆန်းကျိဒေသတွင် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပမာဏအများဆုံးနှင့် အကျယ်ပြန့်ဆုံး မိုးရွာသွန်းမှုဖြစ်ကြောင်း CCTV က ဖော်ပြသည်။

တရုတ်သည် မကြုံစဖူး မိုးရွာသွန်းနေသည့် နွေရာသီကာလတွင် မိုးကြီးခြင်းနှင့် ရေကြီးရေလျှံခြင်းတို့ကို သီတင်းပတ်များနှင့်ချီကာ ကြုံတွေ့ခဲ့ရသည်။ ဇူလိုင်လနှောင်းပိုင်းကလည်း တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီကြောင့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း စံချိန်တင်မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး မြို့တော်ပေကျင်းသည်လည်း နှစ်ပေါင်း ၁၄၀ အတွင်း မိုးရေချိန် အများဆုံးရွာသွန်းခဲ့သည်။

ဒေါ့ဆူရီမုန်တိုင်းသည် နှစ်အတန်ကြာအတွင်း တရုတ်နိုင်ငံကို ဝင်ရောက်သည့်အား အကောင်းဆုံး မုန်တိုင်းများအနက်မှ တစ်ခုအပါအဝင်ဖြစ်ကာ နိုင်ငံတောင်ပိုင်း ဖူကျန့်ပြည်နယ်တွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ရေလွှမ်းမိုးမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့သဖြင့် ဒေသခံသိန်းနှင့်ချီ ရေဘေးရှောင်ခဲ့ရကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက် ညပိုင်းက ပေကျင်းတွင် ပျမ်းမျှမိုးရေချိန်သည် ၁၄၀ ဒသမ ၇ မီလီမီတာရှိခဲ့ပြီး ဖန်းရှန်ဒေသတွင် မိုးရေချိန်အမြင့်ဆုံးရွာသွန်းခဲ့ကာ ၅၀၀ မီလီမီတာကျော်ရှိခဲ့သည်ဟု မြို့တော်မိုးလေဝသစောင့်ကြည့်ရေး ဌာနက ထုတ်ပြန်ခဲ့သည်။

လူပေါင်း ၃၁,၀၀၀ ကျော်ကို နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင် ၄,၀၀၀ ကျော်တွင်လည်း လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားကာ အဆောက်အဦ ၂၀,၀၀၀ နီးပါးကိုလည်း အပျက်အစီးဒဏ် ခံနိုင်ခြင်းရှိမရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။ ပေကျင်းမြို့ရှိ ရှုခင်းကြည့်နေရာများကိုလည်း ပိတ်ထားခဲ့သည်ဟု ဒေသတွင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

လတ်တလောတွင် တိုင်ဖွန်းမုန်တိုင်း ဆေအိုလာသည် တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်လျက်ရှိရာ ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် အာဏာပိုင်များက တိုက်တွန်းထားသည်။ အဆိုပါမုန်တိုင်းသည် အစောဆုံးအနေဖြင့် စက်တင်ဘာ ၁ ရက်တွင် ကွမ်တုံပြည်နယ်သို့ ဝင်ရောက်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

တရုတ်၏ နိုင်ငံတော်အဆင့် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေး ရုံးချုပ်နှင့် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့သည် သြဂုတ် ၂၆ ရက်က ဗီဒီယိုကွန်ဖရင့်စ် ပြုလုပ်ခဲ့ပြီး နိုင်ငံ၏နေရာဒေသအများ အပြားတွင် မိုးသည်းထန်ခြင်းကြောင့် တောင်ကျရေ အရှိန်ပြင်းစွာ ကျဆင်းခြင်း၊ မြစ်ငယ်များနှင့် အလယ်အလတ်အရွယ်အစားရှိ မြစ်များတွင် မြစ်ရေလျှံခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးချက်ထုတ်ပြန်ခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း ဆေအိုလာ၏ လမ်းကြောင်းကို အသေအချာ မသိရသေးသော်လည်း ကမ်းရိုးတန်းဒေသများတွင် မိုးကြီးနိုင်သည်ဟု သိရသည်။               

Ref: Reuters


READ NEXT
Cancel OK