Top News

စစ်သားများအတွက် ဆောင်းတွင်းဝတ် စစ်ယူနီဖောင်းဝယ်ရာတွင် စျေးတင်ကာ အဂတိလိုက်စားသည်ဟူသော သတင်းများကို ယူကရိန်း ကာကွယ်ရေးဝန်ကြီး ပယ်ချ
24htopnews | September 19, 2024 5:12 PM CST

ယူကရိန်းကာကွယ်ရေးဝန်ကြီးအိုလက် ဆီးရီဇညီကော့က စစ်ဘက်ဆိုင်ရာပစ္စည်းများနှင့်ပတ်သက်သော အဂတိလိုက်စားမှု စွပ်စွဲချက်အသစ်များကို သြဂုတ် ၂၈ ရက်တွင် ပယ်ချလိုက်သည်။

ရုရှားနှင့်စစ်ဖြစ်နေချိန်တွင် စစ်ယူနီဖောင်းများကို များပြားသောစျေးဖြင့် ဝယ်ယူခဲ့သည်ဟူသော သတင်းများနှင့်ပတ်သက်၍ သတင်းမီဒီယာများကဖော်ပြနေချိန်တွင် ယူကရိန်းကာကွယ်ရေးဝန်ကြီးက အဂတိလိုက်စားမှု စွပ်စွဲချက်ကိုပယ်ချလိုက်ခြင်း ဖြစ်သည်။

သတင်းမီဒီယာအချို့က ယူကရိန်းကာ ကွယ်ရေးဝန်ကြီးဌာနသည် ဆောင်းရာသီ စစ်ယူနီဖောင်းများကိုတူရကီကုမ္ပဏီတစ်ခုထံမှ ဝယ်ယူရန် လွန်ခဲ့သောနှစ်တွင် စာချုပ်ချုပ်ခဲ့ကြောင်း၊ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဆောင်းတွင်းဝတ်သော စစ်ယူနီဖောင်းများ၏စျေးသည် သုံးဆမြင့်တက်သွားသည်ဟု ဖော်ပြလျက်ရှိကြသည်။ ဆောင်းတွင်း စစ်ဝတ်စုံများကို တူရကီနိုင်ငံတွင် အလွန်သက်သာသောစျေးဖြင့်ဝယ်နိုင်သည်ဟု ယူကရိန်းသတင်းထောက်များက စိစစ်တွေ့ရှိခဲ့သည်။

တူရကီကုမ္ပဏီ၏ပိုင်ရှင်တစ်ဦးမှာ အိုလက်ဇန်ဒါကက်ဆိုင်းဖြစ်သည်ဟုဆိုသည်။ ၎င်းသည် ဂျင်နာဒီကက်ဆိုင်း၏တူဖြစ်သည်။ ဂျင်နာဒီကက်ဆိုင်းသည် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးပါတီ၏ ပါတီဝင်တစ်ဦးဖြစ်သည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီးရီဇညီကော့က စွပ်စွဲချက်များကို အမှားအယွင်းများအဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး တောင်းခံထားသော စျေးနှုန်းများသည် ကြေညာထားသော စျေးနှုန်းများနှင့်  ကိုက်ညီသည်ဟု ပြောကြားသည်။

“ဒါဟာ မကောင်းဘူးလို့ အပြင်ကနေ ပြောနေတာဟာ လူ့အသိုင်းအဝိုင်းကို နားလည်မှုလွဲစေတယ်။ အဆိုးဆုံးကတော့ ကျွန်တော်တို့ရဲ့မိတ်ဖက်တွေကို နားလည်မှုလွဲစေတာကြောင့် သတင်းတွေကို အမှားအယွင်း မရှိ တာဝန်သိသိ ကိုင်တွယ်ကြပါလို့ အားလုံးကို တိုက်တွန်းပါတယ်”ဟု ရီဇညီကော့က သတင်းစာရှင်းလင်းပွဲကို ပြောကြားသည်။

“ပြည်သူ့အတွက် ပစ္စည်းဝယ်ယူရာမှာ အားလုံးကို ဥပဒေနဲ့အညီလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တင်ဒါခေါ်ပြီး လုပ်ခဲ့တာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့်ပတ်သက်၍ ယခင်ကထွက်ပေါ်ခဲ့သည့် အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် ဇန်နဝါရီလထဲတွင် ယူကရိန်းအကြီးတန်းတာဝန်ရှိသူများ ရာထူးမှ ဖယ်ရှားခံရသည်။ ကာကွယ်ရေး ဝန်ကြီးဌာနက စစ်သားများအတွက် စားနပ်ရိက္ခာများ ဝယ်ယူရန် လက်မှတ်ထိုးထားသော စာချုပ်၌အလားတူ စျေးများကို ပိုမိုဖော်ပြထားကြောင်း ပေါ်ပေါက်ခဲ့ပြီးနောက် တာဝန်ရှိသူများ ဖယ်ရှားခံရခြင်းဖြစ်သည်။

ထိုစဉ်က ရီဇညီကော့က ၎င်းဝန်ကြီးဌာန၏ အဂတိတိုက်ဖျက်ရေးဌာနများသည် တာဝန်ပျက်ကွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

သြဂုတ်လအစပိုင်းတွင် သမ္မတဇယ်လန်းစကီးသည် အဂတိလိုက်စားမှုကို နှိမ်နင်းရန် စစ်သားစုဆောင်းရေးကိစ္စ ကြီးကြပ်ရသောဒေသဆိုင်ရာတာဝန်ရှိသူအားလုံးကိုထုတ်ပယ်ခဲ့သည်။ ထိုစဉ်ကအဂတိလိုက် စား မှုတွင်တပ်သားသစ်အချို့စစ်မှုထမ်းခြင်းကို ရှောင်လွှဲခွင့်ရှိသည့်အနေအထားပင်ပါဝင်ခဲ့သည်။

Ref: AFP


READ NEXT
Cancel OK