မန်ယူနည်းပြ ဆိုးလ်ရှားက အသင်းကစားသမားသစ် ဗန်ဒယ်ဘိခ်မှာ ယခုရာသီတွင် အသင်းအတွက် အလွန်အရေးကြီးသည့် ကစားသမားဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် အသက် (၂၃)နှစ်အရွယ် အေဂျက်စ်အသင်းမှ နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကို ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ပေါင်သန်း (၄၀) ဖြင့် ခေါ်ယူခဲ့သည်။
သို့သော် ဗန်ဒယ်ဘိခ်သည် မန်ယူအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် လက်ရှိအချိန်ထိ ပွဲထွက်ကစားခွင့်မရသေးဘဲ အရန်အဖြစ်သာ ကစားနေခဲ့ပြီး ယင်းအတွက် ဝေဖန်မှုများ ရှိနေသည်။
ဆိုးလ်ရှားကမူ ဗန်ဒယ်ဘိခ်မှာ ပရီးမီးယားလိဂ်သို့ ယခုရာသီတွင်မှ ရောက်ရှိလာသည့်အတွက် အထိုင်ကျရန်အချိန်ယူရမည်ဖြစ်ပြီး အသင်းအတွက် အရေးပါသူဖြစ်လာမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက "ဗန်ဒယ်ဘိခ်က နယ်သာလန်လိဂ်ကနေ ဒီရာသီမှာမှ ရောက်ရှိလာတာပါ။ မတူညီတဲ့ လိဂ်တစ်ခုမှာ အထိုင်ကျဖို့ အချိန်ယူရပါတယ်။ သူ့အနေနဲ့ ကစားခွင့်ရတဲ့အချိန်တွေမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းမှာ တခြားကစားသမားတွေလည်း ရှိပါတယ်။ ဒါကြောင့် ပွဲတိုင်းတော့ ဗန်ဒယ်ဘိခ်ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ဗန်ဒယ်ဘိခ်နဲ့ ပတ်သက်ပြီး ပြောဆိုနေကြတာတွေကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဗန်ဒယ်ဘိခ်ဟာ ဒီရာသီမှာ အသင်းအတွက် အရမ်းအရေးပါတဲ့ကစားသမား ဖြစ်လာမှာပါ"ဟု ပြောကြားခဲ့သည်။
ဗန်ဒယ်ဘိခ်သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲကစားထားပြီး (၁)ဂိုး သွင်းယူထားသည်။ ၎င်းသည် ပရီးမီးယားလိဂ် (၄)ပွဲ ပါဝင်ကစားခွင့်ရထားသော်လည်း ယင်း(၄)ပွဲစလုံး လူစားဝင်အဖြစ်သာ ကစားခဲ့ခြင်းဖြစ်သည်။
-
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း၏ ဂိုးနည်းပြဖြစ်လာသည့် ထိုင်းနိုင်ငံသားနည်းပြ
-
ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲ ပြည်နယ်နှင့် တိုင်း ၈ ခုတွင် ကျင်းပမည်
-
အီလက်ထရောနစ်နည်းလမ်းဖြင့် အခွန်ပေးဆောင်နိုင်ပြီဟုဆို
-
မန္တလေးတိုင်းအတွင်း ရေဘေးအန္တရာယ် လျင်မြန်စွာ တုံ့ပြန်နိုင်ရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် သတိပြုရန် မီးသတ်တပ်ဖွဲ့မှ လိုက်လံသတိပေးဆော်သြမှုများ လုပ်ဆောင်
-
စစ်တောင်းမြစ်ရေ တောင်ငူမြို့၌ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေ