Top News

Kaung For You ကျောင်းနှင့်ပတ်သက်၍ ကျောင်းသားနှင့် မိဘများကို အရေးယူရန်မရှိဘဲ အခြားပါဝင်ပတ်သက်နေသူများကို ဖမ်းဆီးအရေးယူလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား
24htopnews | September 18, 2024 8:13 PM CST

Kaung For You ကျောင်းနှင့်ပတ်သက်၍ ကျောင်းသားနှင့် မိဘများကို အရေးယူရန်မရှိဘဲ အခြားပါဝင်ပတ်သက်နေသူများကို ဖမ်းဆီးအရေးယူလျက်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၂)ကို ဇူလိုင် ၂၁ ရက်က ကျင်းပရာ နစကဥက္ကဋ္ဌက တက်ရောက်အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်မှစတင်၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းများပိတ်ထားမှုကြောင့် နိုင်ငံတော်နှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ ထိခိုက်နစ်နာမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အခြေခံပညာ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလည်း ကျင်းပပေးနိုင်ခဲ့ကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကိုလည်း ထုတ်ပြန်ပေးနိုင်ခဲ့ကြောင်း၊ ယခုပညာသင်နှစ်တွင်လည်း အခြေခံပညာကျောင်းများတွင် ပညာသင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများမှာ ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားမီ ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ အရေအတွက်၏ ၇၆ ရာခိုင်နှုန်းခန့် ကျောင်းအပ်နှံကြသည်ကိုတွေ့ရကြောင်း၊ အဆိုပါ ကျောင်းနေအရွယ်များတွင်လည်း မူလတန်းအရွယ်တွင်များပြားသော်လည်း  အလယ်တန်းနှင့် အထက်တန်းသို့ ရောက်ရှိချိန်တွင်နည်းပါးသွားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံပညာရည်မြင့်မားရေးနှင့်ပတ်သက်ပြီး အားလုံးက တွန်းတွန်းတိုက်တိုက်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

 အချိုု့ကျောင်းနေ အရွယ်ကလေးများအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ လုံခြုံရေးအရ တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် ကျောင်းအပ်နှံခြင်းမရှိသကဲ့သို့ နိုင်ငံရေးအရ အစိုးရ အခြေခံပညာကျောင်းများတွင် အချို့ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံသင်ကြားမှုများ မပြုသည်ကိုလည်းတွေ့ရှိရကြောင်း၊ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများက ဖွင့်လှစ်ထားသည့် Kaung For You အထက်တန်းကျောင်းကို စတင်ဆောင်ရွက်ခဲ့သည့် မြစ်သားမြို့နယ် လက်ထောက်ပညာရေးမှုး(CDM) ကောင်းသိုက်စိုးနှင့် အပေါင်းအပါ ၃ ဦးကို ဇူလိုင် ၁၃ ရက်တွင် အောင်ပန်းမြို့၌ အခကြေးငွေယူ၍ ပျော်ပါး၍ရသည့် အမျိုုးသမီးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ထွက်ဆိုချက်ရ ဆက်စပ်လျက်ရှိသူများကိုလည်း ဖော်ထုတ်ရရှိခဲ့ပြီး အချို့ကိုဖမ်းဆီးထိန်းသိမ်းအရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါကျောင်းများတွင် အပ်နှံထားသည့် ကျောင်းသား၊ ကျောင်းသူများစာရင်းကိုလည်းရရှိခဲ့ကြောင်း ၎င်းကပြောကြားသည်။

သို့သော် ကျောင်းနေအရွယ်ကလေးများသည် နိုင်ငံရေးနားလည်မှုမရှိကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို မိမိတို့အနေဖြင့် အရေးယူရန်မရှိကြောင်း၊ သို့သော် အခြားပါဝင်ပတ်သက်နေသူများကို ဆက်လက်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်ရန်ကျန်ရှိနေသည့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပညာသင်ကြားရေးသည် နိုင်ငံအတွက်လူသားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းဖြစ်ကြောင်း၊ မည်သည့်စာသင်ကျောင်းတွင်သင်ကြားသည်ဖြစ်စေ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာပြီးဆုံးချိန်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သည့် ပညာများ ရရှိသွားရန်လိုကြောင်း၊ ထို့ကြောင့် ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။


READ NEXT
Cancel OK