Top News

CNG မရသဖြင့် YBS ယာဉ်များပြေးဆွဲမှု နည်းပါးနေရာ လူမှုကူညီရေးအသင်းများမှ ခရီးသည်များကို အခမဲ့ လိုက်လံပို့ဆောင်ပေးနေရ
24htopnews | September 18, 2024 8:13 PM CST

CNG မရသဖြင့် YBS ယာဉ်များပြေးဆွဲမှု နည်းပါးနေရာ လူမှုကူညီရေးအသင်းများမှ ခရီးသည်များကို အခမဲ့လိုက်လံပို့ဆောင်ပေးနေရကြောင်း သိရသည်။

“၂၃.၀၇.၂၀၂၂ ရက်နေ့မှစတင်၍ ခရီးသည်တင်ယာဉ်များ ပြန်လည်စတင်ပြေးဆွဲသည်အထိ မနက် ၇ နာရီမှ ၈ နာရီခွဲအထိ ကြည့်မြင်တိုင်ညဈေး (အပေါ်ထိပ်) မှတ်တိုင်မှ ဆူးလေအထိ လူနာတင်ယာဉ် တစ်စီး၊ ကြည့်မြင်တိုင် သဲကွင်းမှတ်တိုင်မှ ဆူးလေအထိ လူနာတင်ယာဉ်တစ်စီး စုစုပေါင်း နှစ်စီးဖြင့် ဝန်ထမ်း၊ ကျောင်းသား/ကျောင်းသူများအား အခမဲ့ ပို့ဆောင်ပေးပါမည်။ ညနေ ၆နာရီ နောက်ပိုင်းလိုင်းကားမရ၍ အိမ်ပြန်ရန် ခက်ခဲနေသော ဝန်ထမ်း၊ ကျောင်းသား/ကျောင်းသူများအား လူကြီးမင်းတို့အဖွဲ့၏ စုရပ်မှ နေအိမ်နှင့်အနီးစပ်ဆုံး နေရာအထိအခမဲ့ ပို့ဆောင်ပေးပါမည်” ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင်းရှိ လူမှုကူညီရေးအသင်းများမှာ YBS ယာဉ်များ ပြေးဆွဲနိုင်ခြင်းမရှိသည့်အခြေအနေတွင် ယင်းသို့ပြေးဆွဲပေးနေခြင်းဖြစ်သည်။

“တောင်ဥက္ကလာ ဝေဇန္တယာမှ မြောက်ဥက္ကလာတလျောက် အောင်မဂ်လာအဝေးပြေး ဒညင်းကုန်းထိ ခရီးသွား ၁၉ ဦး စတင်သယ်ဆောင်ပြီး လမ်းဆင်းများရပ်ပေးကာ လမ်းကြုံဆက်လက်တင်ဆောင်ပို့ပေးနေပါသည်” ဟု သုခကာရီလူမှုကူညီရေးအသင်းက ကြေညာထားသည်။ အဆိုပါအသင်းမှ ဇူလိုင် ၂၃ ရက် နံနက်တွင် အခမဲ့ကူညီမှုလမ်းကြောင်းအများအပြား ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

CNG မရရှိမှုကြောင့် ယာဉ်လိုင်းများတွင် အစီးရေလျော့ကျပြေးဆွဲပေးနေရပြီး ရုံးတက်ရုံးဆင်းချိန်များတွင် အဆင်ပြေစေရန် ကြိုးပမ်းလုပ်ဆောင်နေသည်ဟု YBS ယာဉ်လိုင်းအချို့က ထုတ်ပြန်သည်။

“၂၃.၇.၂၀၂၂ (စ​နေ​​​နေ့) တွင် BANDOOLA PUBLIC CO.,LTD(BDL) ပိုင်ယာဉ်လိုင်းများဖြစ်​သော YBS ၁၂၊ ၁၃၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈၊ ၅၅၊ ၁၁၇၊ ၁၂၈ ယာဉ်လိုင်းများကို ပုံမှန်​ပြေးဆွဲ​ပေးသွားမည်ဖြစ်ပြီး လက်ရှိဂက်စ်ပြသနာများ​ကြောင့် ပုံမှန်ထက်​ပြေးဆွဲမှု​လျော့နည်းနိုင်ပြီး ရုံးတက်/ဆင်းချိန်များ ယာဉ်​လုံလောက်စွာ​ပြေးဆွဲ​ပေးနိုင်ရန် လုပ်​ဆောင်သွားမည်ဟု အသိ​ပေးအပ်ပါသည်” ဟု BANDOOLA PUBLIC CO.,LTD က သတင်းထုတ်ပြန်သည်။

ထို့ပြင် မော်တော်ယာဉ်လိုင်းများနှင့် ပတ်သက်ပြီး သတင်းများထုတ်ပြန်နေသည့် YBS လမ်းညွန် လူမှုကွန်ရက်စာမျက်နှာတွင်လည်း “Power Eleven ကုမ္ပဏီလက်အောက်မှ YBS ၂၁၊ ၃၉၊ ၄၁၊  ယာဉ်လိုင်း များအနေဖြင့် ထွက်ကား ၆၅ ရာခိုင်နှုန်း၊ Trans Link ကုမ္ပဏီလက်အောက်မှ YBS  ၂၇၊ ၇၆၊ ၇၉၊ ၈၀၊ ၈၁၊ ၈၅၊ ၁၂၀ ယာဉ်လိုင်းများအနေဖြင့် ထွက်ကား ၇၅ ရာခိုင်နှုန်းခန့်သာ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်းသိရပါသည်” ဟု ရေးသားဖော်ပြထားသည်။

ဂက်စ်ပိုက်လိုင်းပေါက်သည်ဟု သတင်းများထွက်ပေါ်နေပြီး CNG အသုံးပြုမော်တော်ယာဉ်များ CNG ဖြည့်ဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရကြောင်း CNG ယာဉ်မောင်းနှင်သူများထံမှ သိရသည်။

CNG မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရမှုမှာ ဇူလိုင် ၂၁ ရက် ညနေပိုင်းမှ စတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဆိုင်က ပြောတာတော့ ဇောတိက ဂက်စ်ပိုက်လိုင်းပေါက်တယ်ဆိုပြီး ပြောကြတယ်။ မနေ့က ညကတည်းက တန်းစီရတာ။ မနက်မိုးလင်းခါနီးမှ ရတယ်” ဟု ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းအထိ သာကေတရှိ CNG ဖြည့်ဆိုင်များ၊ စက်ဆန်းရှိ CNG ဖြည့်ဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းကာ CNG ဖြည့်နိုင်ရန် စောင့်ဆိုင်းလျက်ရှိသည်ကို တွေ့ရသည်။

ဇောတိက ဂက်စ်ပိုက်လိုင်းပေါက်သည်ဆိုသည့် သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး Eleven Media Group အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS မော်တော်ယာဉ်များ၊ အဌားယာဉ်အချို့မှာ CNG အသုံးပြုမောင်းနှင်လျက်ရှိသည့် မော်တော်ယာဉ်များဖြစ်ပြီး ယင်းသို့တန်းစီစောင့်ဆိုင်းနေရသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

CNG ဆိုင်များတွင် ဂက်စ်ဖြည့်ရန်တန်းစီနေရသဖြင့် YBS ယာဉ်လိုင်းအချို့ ယာဉ်ပြေးဆွဲနိုင်ခြင်းမရှိရာ ညနေပိုင်းရုံးဆင်းချိန်တွင် မှတ်တိုင်များ၌ လူအများအပြားစောင့်ဆိုင်းခဲ့ရသည်ကို တွေ့ရသည်။        


READ NEXT
Cancel OK