Top News

အရှေ့မြောက်ကုန်သွယ်မှုလမ်းမကြီးနှင့် သွေ့ခြောက်လာသည့်နေ့ရက်များ
24htopnews | September 17, 2024 11:12 PM CST

မန္တလေး-ပြင်ဦးလွင်မြို့များ ကျော်လွန်လာသည်နှင့် အရှေ့မြောက်ဒေသဖြစ်သည့် နောင်ချို -ကျောက်မဲ- သီပေါ-လားရှိုး-သိန္နီ-ကွတ်ခိုင်-မူဆယ်မြို့များသို့ ရောက်ရှိမည်ဖြစ် သည်။ ထိုလမ်းကို တချို့က “အရှေ့မြောက် ကုန်သွယ်မှုလမ်းမကြီး”ဟူ၍လည်း တင်စားကြသည်။

ယခင်နှစ်များစွာတုန်းက အဆိုတော် စိုင်းဆိုင်မောဝ်သည် အရှေ့မြောက်ကုန်သွယ် မှုလမ်းမကြီးကို ‘မူဆယ်-နမ့်ခမ်းလမ်း’ ဟု တေးသီချင်းစပ်ဆိုခဲ့ဖူးသည်။

မူဆယ်၊နမ့်ခမ်းသို့ သွားရောက်ရာ ကားလမ်းသည် အကွေ့အကောက်များ၊ တောင်တက်တောင်ဆင်းများ၊ လမ်းကြမ်းများကို ဖြတ်ကျော်ရပြီး ကိုယ်သွားမည့်မြို့ကို ရောက်ရှိချိန်ခန့်မှန်း၍ မရနိုင်သည့်အကြောင်းကို စပ်ဆိုဖွဲ့နွဲ့ခဲ့ခြင်းဖြစ်သည်။

အခုတော့ မြောက်ပိုင်းလမ်းသည် အရင်လိုမဟုတ်တော့။လမ်းတွေ ကောင်းသွားသည်မှာ အတော်ကြာခဲ့ပြီ။ အရင်ခေတ်အခါကလို မြို့ထဲကုန်တင်ကားကြီးတွေ ဖြတ်သန်းသွားစရာမလို။ မြို့ရှောင်လမ်းတွေ ဖောက်ထားပေးတော့ လမ်းခရီးတွင်လှသည်။ ဖြောင့်တန်းလှသည်။ ယခင်က ညအိပ်သွားခဲ့ရသည့် မန္တလေး-မူဆယ်ခရီးကို ယခုတော့ နေ့ချင်း သွားနိုင်သည်။

ယခုအချိန်တွင်တော့ ဒီမြောက်ပိုင်း လမ်းပေါ်ခရီးသည်တင်ကားသမားတွေ၊ ကုန်တင်ကားမောင်းသမားကြီးတွေ၊ အိမ်စီးယာဉ်ငယ်လေးကို မောင်းနှင်လာသူတွေ လမ်း ကောင်းသော်လည်း ထင်တိုင်းမမောင်းရဲ။ နယ်မြေအခြေအနေကြည့်နေရသည်။ ပတ်ဝန်းကျင်က အသံနားစွင့်နေရသည်။ လမ်းကြောင်းကောင်းပြီဆိုမှ စိုးတထိတ်ထိတ် မောင်းနှင်လာကြရသည်။

မန္တလေး - လားရှိုး -မူဆယ်ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ယခင်က တစ်ရက်လျှင် အတက်အဆင်းယာဉ်စီးရေ  ၅၀၀၀ ခန့် အထိရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှု ပမာဏမြင့် တက်ခဲ့ဖူးသော်လည်း ယခုအချိန်တွင်တော့ မူဆယ်-မန္တလေး အတက်အဆင်းယာဉ်သည် တစ်ရက်လျှင်အစီးရေ ရာဂဏန်းမျှသာရှိ တော့ကြောင်း ယာဉ်ဖြတ်သန်းဂိတ်များမှ သိရသည်။

“အရင်က သစ်သီးပေါ်ချိန်ဆိုရင်  ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်စီးရေ တစ် ရက်ကို အစီးရေ ၅၀၀၀ ဝန်းကျင်လောက် အထိ အတက်အဆင်းရှိတယ်။ ဒါကထား လိုက်တော့။ ဖရဲ၊ သခွားပေါ်တဲ့အချိန်ပါ။ တခြားကာလတွေမှာတော့  ပုံမှန်အားဖြင့် မူဆယ်-မန္တလေး ယာဉ်အတက်အဆင်းက တစ်ရက်ကို ပျမ်းမျှစီးရေ ၂၀၀၀ ဝန်းကျင် လောက်အထိရှိပါတယ်။ အခုတော့ နယ်မြေ အခြေအနေရယ်၊ လမ်းတံတားအခြေအနေ တွေရယ်ကြောင့် တစ်ရက်ကို အစီးရေ ၂၀၀ ဝန်းကျင်လောက်ပဲ ဖြတ်တော့တယ်”ဟု လားရှိုးမြို့ အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ်မှ ကိုစိုးက ဆိုသည်။

“လက်ရှိအချိန်မှာ ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ယာဉ် အတက်အဆင်းတွေ တော်တော်နည်းတယ်။ ပထမဂုတ်တွင်း လမ်းပိတ်တယ်။ နောက်ထပ် ကွမ်းလုံ၊ ချင်းရွှေ ဟော်၊ လောက်ကိုင်လမ်းပိတ်ပြန်တယ်။အခု လည်း မူဆယ်လမ်းက ပွင့်လားဆို မပွင့်ဘူး။ပိတ်လားဆိုတော့လည်း မပိတ်ဘူး။ နယ်မြေ အခြေအနေမတည်ငြိမ်သေးတဲ့ အချိန်ဆိုတော့ မလွှဲမရှောင်သာတဲ့ ခရီးသွားတွေနဲ့ မဖြစ်မနေကုန်စည်ကူးသန်းကြတဲ့ လူတွေလောက်ပဲ ဒီလမ်းခရီးကိုသွားနေကြတာပေါ့” ဟု ကုန်တင်ယာဉ်မောင်း စိုင်းလုံက ဆိုသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု အကြီးဆုံးဇုန်တစ်ခုဖြစ်သည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတွင် အဓိက အချက်အချာကျသည့် မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန် တည်ရှိသည်။

မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်းမကြီးသည် မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်မှုလမ်းမကြီး ဖြစ်သည်။

လက်ရှိအချိန်တွင် မြောက်ပိုင်းမဟာ မိတ်အဖွဲ့တို့နှင့်ဖြစ်ပွားနေသော ပဋ္ဋိပက္ခများ သည်  တရုတ်နယ်စပ်ကုန်သွယ်မှုကို များစွာ ထိခိုက်နစ်နာစေပြီး ယခင်က တစ်ရက်လျှင် ပျမ်းမျှဒေါ်လာခြောက်သန်းခန့်အထိ ကုန်သွယ်မှုပြုနိုင်ခဲ့သော မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်သည် ယခုအခါ တစ်ရက် လျှင်ဒေါ်လာခုနစ်သိန်းခန့်သာ ကုန်သွယ်မှု ပြုနိုင်တော့ကြောင်း သိရသည်။

ထိုမျှမကသေး လားရှိုး-သိန္နီ-ကွမ်းလုံ- ချင်းရွှေဟော်လမ်းပိုင်းရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်အထိ နေ့စဉ်ဆောင်ရွက်နေရာမှ သြဂုတ် ၁၆ ရက် တွင် ဒေါ်လာသုံးသိန်းကျော်သာကုန်စည်ကူး သန်းနိုင်ခဲ့သည်။

“အခုအချိန်က မူဆယ် ၁၀၅ မိုင် နယ် စပ်ကုန်သွယ်ရေးဇုန်ကို ကုန်တင်ယာဉ်တွေ အဝင်အထွက် တော်တော်နည်းသွားတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်တွင်းကထွက်တဲ့ တရုတ်ကိုပို့တဲ့ သစ်သီးတွေ ကုန် သွားတဲ့အချိန်လည်းဖြစ်တယ်။ ဥပမာအားဖြင့် ဖရဲ၊ သခွား၊ သရက် ဒါတွေက အခုအချိန်မှာ ကုန်သွားပါပြီ။ ဖရဲသီးပေါ်ချိန်ဆိုရင် တစ်ရက်တစ်ရက် မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ထဲက သစ်သီးစျေးကွက်အတွင်းကို ဖရဲကားစီးရေ ၇၀၀၊ ၈၀၀ ဝင်တယ်။အခုချိန်က နယ်မြေအခြေအနေလည်း မကောင်းဘူး။ သစ်သီးတွေလည်း ကုန်ချိန်ဆိုတော့ နယ်စပ်ကုန်သွယ်ရေးဇုန်ကတော့ ခြောက် ကပ်နေပါတယ်”ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးကုန်သည်တစ်ဦးဖြစ်သူ ကိုမျိုးနိုင်က ဆိုသည်။

လက်ရှိအချိန်တွင် သြဂုတ် ၁၅ ရက်မှ စတင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်စဉ်များကြောင့် အရှေ့မြောက်ဒေသကုန်စည်ကူးသန်းမှုလမ်းမကြီးသည် ခြောက်သွေ့လျက်ရှိနေပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ အတွက် ယခင်ကပုံမှန်သွားလာနေကျ လမ်းခရီးသည် ယခုတော့ ပုံမှန်ဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့ချေ။

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင် စုလမ်းမကြီးပေါ်တွင် တပ်မတော်နှင့်မြောက် ပိုင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့တို့  တိုက်ပွဲ များဖြစ်ပွားနေမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ် ပွားခဲ့ရာ ယာဉ်များ သွားလာခွင့်မရဘဲ ငါးရှဉ့် နှင့် ကဏန်းသေကျေမှု များဖြစ်ပွားကာ သိန်း ၉၀၀၀ ဖိုးခန့်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားမှာ တိုက်ပွဲတွေဖြစ်နေတော့ ငါးရှဉ့်ကားတွေ ကွတ်ခိုင်မှာ ငါးရက်လောက် ပိတ်မိလိုက်တယ်။ ရေ ထွက်ပစ္စည်းဆိုတာသတ်မှတ်နေရာကို အချိန်နဲ့တစ်ပြေးညီသွားရတာဆိုတော့  လမ်းမှာတစ် ခုခုဖြစ်လို့  ကြန့်ကြာသွားရင် ဆုံးရှုံးမှုအနည်းနဲ့ အများတော့ ရှိတော့တာပဲ။ အခုက ဂုတ်တွင်း တံတား ပေါ်ဖြတ်သန်းရလို့ ကျွန်တော်တို့က မူဆယ်တက်ဖို့လာတာ ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာ တိုက်ပွဲတွေဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်တော့  ကွတ်ခိုင်မှာ ရက်ကြာသွားတယ်။ ငါးရှဉ့်တွေ ကဏန်းတွေ ဘယ်လိုမှ အခြေအနေမကောင်းတော့ဘူး။ ကျွန်တော်တို့  ငါးရှဉ့်တွေကို အလကားဝေခဲ့ရတယ်။ တချို့ကတော့ လမ်းပြန်ပွင့်တဲ့ အချိန်မှာ မူဆယ်ကို ရောက်သွားပေမယ့် ငါးရှဉ့်တွေက သက်တမ်းလွန်နေပြီ။ ဘယ်လိုမှ စျေးကွက်ထဲရောက်ဖို့ အဆင်မ ပြေတော့ဘူး။ ကျွန်တော်တို့  ငါးရှဉ့်တွေ၊ က ဏန်းတွေကို စွန့်ပစ်ခဲ့ရတယ်”ဟု ရေထွက် ပစ္စည်းများတင်ဆောင်လာသူ ယာဉ်မောင်း တစ်ဦးဖြစ်သည့် ကိုပြုံးချိုက ဆိုသည်။

သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ဂုတ်တွင်း တံတားမိုင်းဖောက်ခွဲခံခဲ့ရခြင်းကြောင့် မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်းတွင် ကုန်စည်ကူးသန်းရောင်းဝယ်မှု ပြတ်တောက်ခဲ့ရပြီး ယာဉ်မောင်းများ၊ ခရီးသည်တင်ယာဉ်လိုင်း များများအပြင်စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ သည်။

“ကျွန်တော်တို့  မူဆယ်ကနေ ကုန်တွေ တင်ပြီး မန္တလေးဘက်ကိုပြန်လာတာပေါ့။ ဂုတ်တွင်းတံတား မိုင်းခွဲခံခဲ့ရတဲ့နေ့ကပဲ။ နောင်ပိန်လမ်းခွဲဘက်ကို နေ့ခင်းလောက် ရောက်လာတာပေါ့။ ဒါပေမဲ့ တံတားကျိုးသွား တော့ဖြတ်လို့မရတော့ဘူး။ သွားလို့မရတော့ဘူးလေ။ နောက်ပြန်လှည့်ရအောင်ကလည်း မဟုတ်သေးဘူး။ ဒါနဲ့ ကျွန်တော်တို့ လမ်းဘေးမှာပဲ တံတားပြန်ကောင်းလာမယ့်အချိန် စောင့်ကြရတာပေါ့။ ပထမတော့အဆင်ပြေပါ သေးတယ်။ နောက်တော့ ရက်တွေဆက်လာ တော့ စရိတ်ကပြတ်ချင်လာတယ်။ နောက် တော့ ဒီအနီးအနားရွာတွေဖြစ်တဲ့ နောင်ပိန်၊ ဇီးပင်စခန်း၊ ပင်ပေါ၊ ပင်တိန်၊ ပင်တီး၊ ကျောက် မဲမြို့က စေတနာရှင်တွေက နေ့တိုင်းမနက်စာ၊ ညစာ ထမင်းထုပ်တွေ ဒံပေါက်တွေ ဝေပေး တယ်။သူတို့က ဂုတ်တွင်းမှာရှိတဲ့လမ်းအလုပ် သမားတွေရော၊ လုံခြုံရေးတွေရော အကုန်ဝေ ပေးတယ်။ အဲဒီအတွက် အများကြီးအဆင်ပြေ ခဲ့တယ်။ လမ်းဘေးမှာ အိပ်ကြရတယ်ဆိုတော့ လုံခြုံရေးတော့ နည်းနည်းဂရုစိုက်ကြရတာ ပေါ့”ဟု မူဆယ်ဘက်မှ မန္တလေးဘက်သို့ ကုန် စည်တင်ပို့ရန်သွားရောက်သည့်  ကိုခင်ဇော် က ဆိုသည်။

မိုင်းဖောက်ခွဲခံခဲ့ရသည့်ဂုတ်တွင်းတံတားပေါ် သြဂုတ် ၂၀ ရက်နေ့ က ယာဉ်များကို ကန့်သတ်တန်ချိန်ဖြင့် ဖြတ်သန်းသွားလာ ခွင့်ပြုခဲ့သော်လည်း လားရှိုး-သိန္နီ-ကွတ်ခိုင်- မူဆယ်လမ်းပိုင်းတွင်တော့ နယ်မြေတည်ငြိမ် အေးချမ်းခြင်း မရှိသေးသည့်အတွက်  ယခင် ကထက် ယာဉ်သွားယာဉ်လာများ ပိုမိုကြဲပါး သွားခဲ့သည်။

“နယ်မြေအခြေအနေက ကောင်းသေး တာမဟုတ်တော့ ခရီးသည်တွေနဲ့ ကုန်တင်ယာဉ်တွေ မဖြစ်မနေကိစ္စကလွဲလို့ ဒီဘက်လမ်းခရီးကို မသွားသေးတာအကောင်းဆုံးပဲ။ ဘယ်နေရာဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ ကြိုပြောလို့မရဘူးလေ။ နယ်မြေအခြေအနေ အေးချမ်းသွားပြီဆိုမှ လားရှိုး-မူဆယ်ခရီးကို သွားတာပိုကောင်းပါတယ်” ဟု လားရှိုးမြို့နေသူတစ်ဦးက ဆိုသည်။

လားရှိုး - မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အိမ်စီးယာဉ်များ ပစ်ခတ်မှုခံရခြင်း၊ ကုန်တင်တွဲကား ယာဉ်ကြီးများ မီးရှို့ခံရ ခြင်း၊ ခရီးသည်တင်ယာဉ်ငယ်များ မီးရှို့ဖျက်ဆီးခံရသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ် လျက်ရှိနေပြီး ခရီးသွားပြည်သူများ၊ ယာဉ်မောင်းများ၊ကုန်သည်များ၊ကုန်တင်ယာဉ်ပိုင်ရှင်များအဖို့ များစွာနစ်နာလျက်ရှိနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များဖြစ်ပွားမှုသည် ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ကြား နမ့်ဖတ်ကာ ကျေးရွာအနီးတစ်ဝိုက်နှင့် နမ့်ဖတ်လွန်း၊ ရှုခင်းသာ စသည့်နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဖြစ်စဉ်များကြောင့် မူဆယ်မှ လားရှိုး၊ မန္တလေး၊ ရန်ကုန်မြို့များသို့ ပုံမှန်ပြေးဆွဲနေကျဖြစ်သည့် ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲနိုင်ခြင်း မရှိတော့ပေ။ ကြိုတင်လက်မှတ်မှာယူခြင်းများကို လက်ခံခဲ့သော်လည်း နယ်မြေအခြေအနေနှင့် လမ်းခရီးအခြေအနေအရ ကြိုတင်လက်မှတ်များ ပယ်ဖျက်ခဲ့ရခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

“ဂုတ်တွင်းတံတားကြီးပေါ် ယာဉ်တွေ ဖြတ်သန်းခွင့်ပြုတော့ မူဆယ်မြို့က ယာဉ်လိုင်းတွေ ပုံမှန်အတိုင်း ပြေးဆွဲဖို့ပြင်ဆင်ကြတယ်။ ဒါပေမဲ့ ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ယာဉ်လိုင်း တွေ ပုံမှန်အတိုင်း ပြေးဆွဲနိုင်ခြင်းမရှိခဲ့ဘူး။မနက်ဖြန်ထွက်မယ်ဆိုပြီး ကားလက်မှတ်တွေ ကြိုတင်ရောင်းထားပေမယ့် ထွက်မယ့်နေ့ရောက်တော့ နယ်မြေအခြေအနေမကောင်းဘဲ တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ ကြိုတင်လက်မှတ်တွေ ပြန်အမ်းလိုက်ရတာတွေရှိတယ်။ အခုနောက်ပိုင်း ကြိုတင်လက်မှတ်တွေကို လက်မခံရဲတော့ဘူး။ ထွက်ခါနီးမှ ရောင်းတော့တယ်။ လမ်းခရီးအခြေအနေကဘယ်လိုမှ ကြိုတွက်လို့မရတဲ့ အခြေအနေဖြစ်နေတယ်။ လမ်းမှာဆိုရင်လည်း အခြေအနေကို နားစွင့်နေရတယ်။ အခြေအနေမကောင်းရင် ရောက်တဲ့နေရာမှာ စောင့်နေကြရတယ်။ လမ်းပြန်ပွင့်ပြီဆိုမှ ယာဉ်တွေစုပေါင်းပြီး မောင်းကြရတယ်” ဟု မူဆယ်မြို့ရှိ  ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ် ၂၅ ရက်က ကွတ်ခိုင်နှင့် မူဆယ်ကြားတွင် ခရီးသည်တင် ယာဉ်သုံးစီး၊ သြဂုတ် ၂၉ ရက်တွင် ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ကြားတွင် ၁၂ ဘီးကုန်တင်ယာဉ် တစ်စီးနှင့် ၂၂ ဘီးတွဲကားကုန်တင်ယာဉ်တစ်စီး၊သြဂုတ် ၃၀ ရက် နံနက်ပိုင်းက လားရှိုးမြို့နှင့် သိန္နီမြို့ကြား  မိုင်းလီကျေးရွာနှင့် ပန်ဖတ်ကျေးရွာအနီးတွင်  မော်တော်ကားသုံးစီးနှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အရှေ့မြောက်ကုန်သွယ်မှုလမ်းမကြီးသည် ယခင်ကထက် ပိုမိုသွေ့ခြောက်လာပြီး ယာဉ်မောင်းများ၊ ခရီးသည်များအဖို့ စိုးရိမ်ထိတ်လန့်မှုများစွာဖြင့်  ခရီးဆက်နေကြရသည်။

အရှေ့မြောက်ဒေသတွင် မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်းတစ်ခုတည်းသာ ပိတ်ဆို့ခဲ့သည်မဟုတ်။ မန္တလေး-လားရှိုး-ကွမ်းလုံ-ချင်းရွှေဟော်-လောက်ကိုင်လမ်း လည်း ရက်ရှည်ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

သြဂုတ် ၁၇ ရက်က လားရှိုး-ကွမ်းလုံ- ချင်းရွှေဟော်-လောက်ကိုင်လမ်းပိုင်းရှိ အဓိ ကတံတားများ  မိုင်းခွဲခံလိုက်ရပြီး သြဂုတ် ၂၅ ရက်က ပြန်လည်ပြင်ဆင်ပြီးဖြစ်သဖြင့် ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာနိုင်ခဲ့ကြသော်လည်း သြဂုတ် ၂၇ ရက်တွင် တံတားတစ်စင်းထပ်မံ မိုင်းခွဲခံလိုက် ရသဖြင့် အဆက်အသွယ်များ ထပ်မံပြတ် တောက်ခဲ့ကြရသည်။

မိုင်းဖောက်ခွဲခံလိုက်ရသဖြင့် ပျက်စီးသွားသော ထိုတံတားနေရာတွင် တပ်မတော်က တံတားထိုးတင့်ကားဖြင့် ယာယီတံတားထိုးပေးခဲ့ရာ သြဂုတ် ၂၉ ရက်တွင် သတ်မှတ်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ခဲ့ပြီဖြစ် သည်။

“တံတားကတော့ ယာယီဖြတ်သန်းနိုင် အောင်လုပ်ပေးထားတာပေါ့။ ဒါပေမဲ့နယ်မြေ အခြေအနေကလည်း ကြည့်ရသေးတယ်။တံတားပြန်ကောင်းသွားလို့  လိုင်းပြန်ပြေးမယ် ဆိုရင်လည်း လမ်းခရီး တိုက်ပွဲတွေနဲ့ကြုံနေ မှာက စိုးရိမ်ရသေးတယ်။ တံတားပြန် ကောင်း သွားပေမယ့် ကျွန်တော်တို့ လိုင်းပြန်မပြေးရဲ သေးဘူး။ အခြေအနေ စောင့်ကြည့်ရဦးမယ်” ဟု ချင်းရွှေဟော်-လားရှိုးခရီးသည်တင်ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုလတ်က ဆိုသည်။

သြဂုတ် ၃၁ ရက်တွင်တော့ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ် ကွတ်ခိုင်မြို့ပေါ်တွင် တပ်မတော်နှင့် မြောက် ပိုင်း မဟာမိတ်အဖွဲ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့နှင့် ကပ်လျက်ကျေးရွာတစ်ရွာဖြစ် သည့် မော်ဟိတ်စုစည်းကျေးရွာရှိနေ အိမ်နှစ် အိမ်ပေါ်သို့ လက်နက်ကြီးကျရောက်မှု ကြောင့်  ဒေသခံငါးဦးသေဆုံးခဲ့ရပြီး သေဆုံးရ သူများတွင် လေးလသမီးအရွယ် ကလေးငယ် တစ်ဦးနှင့် ရှစ်နှစ်အရွယ် တတိယတန်း ကျောင်းသားငယ်တစ်ဦးတို့လည်း ပါဝင် ကြောင်း သိရသည်။

သြဂုတ် ၁၅ ရက်မှစတင်ကာ အရှေ့မြောက် ကုန်သွယ်မှုလမ်းမကြီးတစ်လျှောက် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနောက်ပိုင်း မန္တလေး-လားရှိုး-မူဆယ် ကားလမ်းမကြီးနှင့် ပတ်သက်၍ မကြာမကြာ သတင်းစကားမေး သူရှိလာသည်။ ယခင်က ခုလိုမေးခွန်းမျိုးမေး လာသူရှားသည်။ ယခုတော့ အရင်လိုမဟုတ်။

အရှေ့မြောက်ကုန်သွယ်မှုလမ်းမကြီးပေါ် ဖြတ်သန်းလာကြမည့်သူတိုင်း သတင်းစကား မေးတတ်လာသည်။

နယ်မြေအခြေအနေဘယ်လိုလဲ။

တိုက်ပွဲတွေ ဖြစ်သေးလား။

ငြိမ်သွားပြီလား။

လမ်းပြန်ပွင့်သွားပြီလား။

စသဖြင့် .. စသဖြင့်။

 


READ NEXT
Cancel OK